ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 March 2011

သာယာလှပ တန်ဆောင်မုန်းလ



တန်ဆောင်မုန်းလသည် မုတ်သုံမိုးရာသီ ကုန်ဆုံး၍ ဆောင်းဦးရာသီသို့ ၀င်ရောက်စပြုသောလ ဖြစ်သည် ချမ်းမြမြဆောင်းရာသီနှင့် မိုးလေ၀သကင်းစင်၍ နက္ခတ်တာရာများ အစုံအလင် ထွန်းလင်း တောက်ပသော လဖြစ်သည်။ လယ်တောမှာ ညိုမှောင်ရီပြာဝေနေသော စပါးပင်များ သန္ဓေရင့်လာချိန်၊ စပါးဖုံးချိန် ဖြစ်သဖြင့် လယ်ယာ၏ သားပျို သမီးပျိုတို့ အားသစ်တက်ကာ ရွှင်လန်းနေချိန်ဖြစ်သည်။

တန်ဆောင်မုန်းလကို မြန်မာမူအရ ဗြိစ္ဆရာသီခေါ်၍ စန်းပြည့်နက္ခတ်မှာ ကြတ္တိကာာ နက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ကျီးတာရာဖြစ်၍ ရာသီရုပ်မှာ ကင်းမလက်မည်း ဖြစ်သည်။ ရာသီပန်းကား ခ၀ဲပန်း ဖြစ်၍ ရာသီပွဲတော်ကား ကထိန်ပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲဖြစ်သည်။

တန်ဆောင်မုန်းလတွင် ရှေးပဒေသရာဇ် ခေတ်သုံး မြန်မာနာရီ နေ့ ၂၈-နာရီရှိကာ ညဉ့် ၃၂-နာရီရှိသဖြင့် နေ့တာ အတန်ငယ်တိုသောလ ဖြစ်သည်။ ထိုလတွင် ရှေးမြန်မာများ စံတော်ချိန်သတ်မှတ်ချက်အရ နေမွန်းတည့် ၄-ဖ၀ါးရှိသောလ ဖြစ်သည်။

တန်ဆောင်မုန်းလတွင် ကျင်းပသော ပွဲတော်တစ်ခုသည် ကထိန်ပွဲ ဖြစ်သည်။ ကထိန်သည် “ကထိန” ဟူသော ပါဠိကို မြန်မာမူပြုကာ မြန်မာ့ ဝေါဟာရအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

ကထိန်အလှူသည် ရှေးဘုရင်တို့၏ လက်ထက်တော် အခါကပင် ရှိခဲ့သည်။ ပဒုမ ဘုရား၊ ပဒုမုတ္တရဘုရားရှင်တို့ လက်ထက်ကပင် ကထိန်အလှူရှိခဲ့သည်။ ဂေါတမဘုရား လက်ထက်တွင်ကား ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ကို အကြောင်းပြု၍ ကထိန်ခင်းခြင်း ပေါ်ပေါက်လာခဲ့သည်။

ဗုဒ္ဓဘုရားရှင်သည် တစ်ဝါအရ၌ ဗာရာဏသီပြည်မှ ဥရုဝေလတောသို့ ဒေသစာရီကြွချီခဲ့ရာ လမ်းခရီး ကပ္ပာသိကတောအုပ်သို့ ရောက်တော်မူသောအခါ သစ်ပင်တစ်ပင်၏ အရင်းဝယ် ခေတ္တ အပန်းဖြေ နားနေတော်မူသည်။

ထိုအချိန်တွင် ပါဝေယျပြည်သား ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျပ်သည် ဇနီးမယား ကိုယ်စီဖြင့် ကပ္ပာသိက တောအုပ်အတွင်းဝယ် လှည့်လည်၍ မြူးထူးပျော်ပါးနေခိုက် ဖြစ်သည်။ ဘဒ္ဒ၀ဂ္ဂီ မင်းသားများ အနက် မင်းသားလူပျို တစ်ဦးသည် ပြည့်တန်ဆာမ တစ်ယောက်အား ဇနီးမယားအဖြစ် ငှားရမ်းခဲ့သည်။ မင်းသားများ အပျော်ကြူး၍ မူးမေ့ သတိလစ်ခိုက်ဝယ် ပြည့်တန်ဆာမသည် အဖိုးတန် ပစ္စည်းများကို ခိုးယူ ထွက်ပြေးသည်။ မင်းသားများသည် ထိုပြည့်တန်ဆာမကို လိုက်လံရှာဖွေရင်း မမျှော်လင့်ဘဲ မြတ်ဗုဒ္ဓကို ဖူးတွေ့ခွင့် ရရှိကြသည်။ တရားထူး သံဝေဂရရှိကြကာ နောက်ဆုံးတွင် ဘဒ္ဒ၀ဂ္ဂီမင်းသား ညီနောင် အားလုံး ရဟန်းအဖြစ် ရောက်ရှိကြသည်။

ထို့နောက် ဘဒ္ဒ၀ဂ္ဂီရဟန်းတို့သည် ဘုရားရှင်အား ဖူးမြော်ရန်အတွက်ပါဝါမြို့မှ သာဝတ္ထိပြည်သို့ ဦးတည်ကာ ထွက်ခဲ့ကြသည်။ လမ်းခရီးတွင် သာကေတမြို့၌ ၀ါကပ်ကြရသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်သော အခါ ပ၀ါရဏာပြုပြီး သာဝတ္ထိပြည်သို့ တစ်ဖန် ခရီးဆက်ကြသည်။

လမ်းခရီးတွင် သဲသဲမဲမဲရွာသွန်းသော မိုးကြီးမိခြင်း ခံကြရသည်။ ခရီးလမ်းများပျက်၍ ရွှံ့ညွန်ဗွက်အိုင်များ ပြွမ်းနေသော ခရီးကြမ်းကို ခက်ခဲ ပင်ပန်းကြီးစွာ လျှောက်လှမ်းကြရသည်။ သင်္ကန်းများ စိုရွှဲ၍ ခွေယိုင်ပန်းလျစွာ လာကြရသော ရဟန်းတော်များကို မြင်တွေ့ရသော မဟာကရုဏာတော်ရှင် မြတ်ဗုဒ္ဓသည် သနားခြင်း ဖြစ်တော်မူ၍ ရဟန်းတော်များအား ---

(၁) အဓိဋ္ဌာန်တွင် သင်္ကန်း သုံးထည်တို့တွင် တစ်ထည်ထည်ကိုထား၍ မပင်မပန်း ပေါ့ပါး ရွှင်လန်းစွာ သွားနိုင်ကြပါစေ။

(၂) သင်္ကန်း ရှားပါးခြင်းမှ ကင်းကြပါစေ။

စသော ရည်ရွယ်ချက်များဖြင့် ကထိန်အလှူကို ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်သည်။

ကထိန်အလှူသည် ကန့်သတ်ထားသော ရက်ကာလအတွင်း လှူဒါန်းရသော အလှူမျိုး ဖြစ်သည်။ သီတင်းကျွန်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလအတွင်း ကထိန်ခင်းခြင်း ပြုရသည်။ အများအားဖြင့် မိုးလေ၀သ ကင်းစင်သော တန်ဆောင်မုန်းလတွင်သာ ကထိန်ခင်းခြင်း ပြုကြသည်။

ကထိန်သင်္ကန်း လှူဒါန်းသော ကုသိုလ်ရှင်သည် အောက်ပါသွယ်ဝိုက်သော အကျိုးများကိုလည်း ရရှိနိုင်ကြပါသည်။

(၁) သွားလေရာအရပ်၌ ဘေးအန္တရာယ် ကင်းခြင်း၊

(၂) မိမိပိုင် ပစ္စည်းကို ရန်သူတို့ မဖျက်ဆီး နိုင်ခြင်း၊

(၃) စားကောင်း သောက်ဖွယ်ရာ ပေါများ၍ အဆိပ်မသင့်ခြင်း၊

(၄) မိမိပိုင် ပစ္စည်းများ မေ့လျော့နေသော်လည်း မဆုံးပါးခြင်း၊

(၅) ပစ္စည်း ဥစ္စာရှာဖွေရာတွင် အစုလိုက် အပြုံလိုက် ရရှိခြင်း၊

(၆) အလှဘုရင်မ ဥမ္မာဒန္တီမင်းသမီးကဲ့သို့ ချောမောလှပခြင်း တို့ဖြစ်သည်။

ကထိန်အလှူပွဲကို ရှေးခေတ်အခါကပင် မြန်မာဘုရင်များ ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ကြသည်။ ရှေးစာဆိုတော်များ ရေးစပ်ခဲ့သော တစ်ဆယ့်နှစ်ရာသီပွဲတော် ကဗျာများတွင် တွေ့ရှိရသည်။ အင်ရုံရွာစား ၀န်ကြီးသီရိဥဇနာရေးခဲ့သော “လောကဗျူဟာ” ကျမ်းတွင်လည်း ကထိန်အလှူအကြောင်း တွေ့ရသည်။

ကထိန်အလှူကို ပုဂံခေတ်မှသည် ယနေ့ထက်တိုင် လှူဒါန်းခြင်း ပြုကြသည်း မြို့ကြီးပြကြီးမှသည် ကျေးလက်တောရွာ၊ ရွာဦးကျောင်းအထိ ဖြစ်သည်။ တစ်ဦးတည်း အလှူရှင်သာမက အများ စုပေါင်းလှူသော ဘုံကထိန် အလှူလည်း ရှိသည်။ ဌာနဆိုင်ရာများသာမက ဘာသာရေး အသင်းအဖွဲ့များကလည်း ကထိန်ခင်းခြင်း ပြုကြသည်။

ကထိန်အလှူနှင့် ဆက်နွယ်နေသော မသိုးသင်္ကန်းအလှူလည်း ရှိသည်။ မသိုး သင်္ကန်းဆိုသည်မှာ ညတွင်းချင်း သင်္ကန်းရက်လုပ်ခြင်း၊ ချုပ်ခြင်း ပြုလုပ်သော ကထိန်သင်္ကန်း ဖြစ်သည်။ မသိုးသင်္ကန်းကို တန်ဆောင်မုန်း လဆန်း ၁၄-ရက်နေ့ညတွင် ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်သင်္ကန်းအဖြစ် လှူဒါန်းသည်။

မသိုးသင်္ကန်း ရက်လုပ်ရာမှ မသိုးသင်္ကန်းရက် ပြိုင်ပွဲပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက် ပြိုင်ပွဲသည် အထင်ရှားဆုံးနှင့် အစည်ကားဆုံး ဖြစ်သည်။ ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမနှင့် ပွင့်တော်မူမည်ဖြစ်သော အရိမေတ္တယျ ဘုရား ငါးဆူကို ရည်မှန်း၍ ရက်ကန်းစင် ငါးစင်ဖြင့် ယှဉ်ပြိုင်ခြင်း ပြုလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင် ကျင်းပသော အခြားပွဲတော်တစ်ခုမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော် ဖြစ်သည်။ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့အထိ ၃-ရက်တိုင်တိုင် ကျင်းပခြင်း ဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်သည် နက္ခတ်သဘင် ပူဇော်ပွဲအစား ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမြော်အမြင် ကြီးမားသော ဗုဒ္ဓဘာသာဝင် ရှေးခေတ် မြန်မာကြီးများက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တန်ဆောင်တိုင် ဆီမီးထွန်း ပွဲတော်ကို အဓိကထား၍ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသော်လည်း နက္ခတ်ပွဲသဘင်၏ အငွေ့အသက်များသည်လည်း တည်ရှိနေဆဲ ဖြစ်သည်။

တန်ဆောင်မုန်းလ နက္ခတ်ပွဲသဘင်သည် ဗုဒ္ဓလက်ထက် မတိုင်မီကပင် ရှိခဲ့သည်။ ပဏ္ဏသနိပါတ်လာ (ဥမ္မာဒန္တီ ဇာတ်တော်တွင်) တန်ဆောင်တိုင် နက္ခတ်ပွဲသဘင် အကြောင်းတွေ့ရသည်။ ထိုဇာတ်တော်ပါ ဇာတ်ဆောင်များဖြစ်သော သိဝိဘုရင်ကြီသည် ဘုရားအလောင်းတော်ဖြစ်၍ အဘိပါရက စစ်သူကြီးက ရှင်သာရိပုတ္တရာလောင်း ဖြစ်ပြီး ဥမ္မာဒန္တီအလှ ဘုရင်မက ဥပ္ပလ၀ဏ် ထေရီလောင်း ဖြစ်သည်။

မင်းမူထမ်းများသည် နက္ခတ်ပွဲသဘင်ကျင်းပမည်ကို တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ စည်တော်ဖြင့် လှည့်လည်၍ ကြေညာသည်။ လပြည့်နေ့ည ရောက်သောအခါ အရိဋ္ဌပူရ မြို့တော်ကြီးတစ်ခုလုံးကို လှပတင့်တင် ရူချင်ဖွယ်ကောင်းအောင် တန်ဆာဆင်ထားသည်။

မြို့တော်ကြီးတွင် ရူမငြီးနိုင်သော မီးရူး မီးတိုင်များ ထွန်းညှိထားသည်။ ဆီမီးရောင်ရှိန်ဖြင့် ထိန်ထိန် လင်းလေသည်။ သီဝိ ဘုရင်ကြီးသည် တန်ဆောင်တိုင် နက္ခတ်ပွဲသဘင်ကို ရူမြင်ရန် အခြံအရံများနှင့် လှည့်လည်တော် မူသည်ဟု ရေးသားထားသည်။

ယခုအခါ တန်ဆောင်တိုင် ဆီမီး ပူဇော်ခြင်းသည် တာဝတိံသာ နတ်ပြည်ရှိ၊ ဘုရားလောင်း၏ ဆံတော်ကို ဌာပနာ၍ သိကြားမင်း တည်ထားကိုးကွယ်သော စူဠာမဏီစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်နှင့် ပတ်သက်၍ မဲဇလီဖူး သုပ်စားသော ဓလေ့သည် ယနေ့ထက်တိုင် တည်ရှိနေဆဲ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညတွင် မဲဇလီဖူးကို ခူး၍ သုပ်စားပါက ဘေးအန္တရာယ်ကင်း၍ ကျန်းမာ ချမ်းသာသည်ဟု ယူဆကြသည်။

ကြတ္တိကာ နက္ခနှင့် စန်းယှဉ်သော တန်ဆောင်မုန်း လပြည့်ညတွင် ဆေးပင်တို့ကို စောင့်သော နတ်များသည် မဲဇလီဖူးပင်စောင့်နတ်အား တညီတညွတ်တည်း လာရောက် ခစားကြသည်။ သို့အတွက် မဲဇလီပင်သည် ဆေးပေါင်းခ၍ ဆေးဝါး အာနိသင် ထက်မြက်ချိန်ဖြစ်သည်ဟု ယူဆကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ ရောက်ချိန်သည် ရာသီဥတုသာယာချိန် ဖြစ်သဖြင့် တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရုပ်ပေးပြပွဲ စသည်တို့ ပါဝင်သည်။ စားဖွယ် သောက်ဖွယ်များဖြင့်လည်း ကျွေးမွေး ဧည့်ခံကြသည်။ အထက်အညာ ဒေသတွင်ကား ကြာဇံဟင်းခါး တိုက်ကြွေး၏

ပင်းယခေတ်မှ စတုရင်္ဂဗလ ပညာရှိအမတ်ကြီးက “သရဒံရတု ကာလာနံ=အချိန်အခါတို့တွင် တန်ဆောင်မုန်းလသည် သာယာလှပဆုံး အချိန်ဖြစ်ပေသည်” ဟု မိန့်ဆိုခဲ့သည်။ ဗုဒ္ဓခေတ် အခါက သာယာကြည်နူးဖွယ်ရာ ကောင်းလှသော တန်ဆောင်မုန် လပြည့်နေ့တွင် မှတ်သားဖါယ်ရာ ထူးခြားသော သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ဖူးသည်။

ရာဇဂြိုလ်ပြည့်ရှင် ဘုရင် အဇာတသတ်သည် ဖခင်အရင်းဖြစ်သော ဗိမ္ဗိသာရမင်းကြီးကို ရက်စက်စွာ သတ်ဖြတ်မိခဲ့သည်။ ထို မမှားသင့်သော အမှားကို ပြစ်မှားကျူးလွန်မိသည့်အတွက် နောင်တကြီးစွာရရှိပြီး မရွှင်မပျော် ဖြစ်ကာ စိတ်ဒုက္ခဝေဒနာကို တမြည့်မြနည့် ခံစားနေရသည်။

ထိုအခိုက်တွင် ဘုရားသခင်ကို ပြစ်မှားသော ဒေ၀ဒတ် မြေမျိုကြောင်း ကြားသိသော အဇာတသတ်မင်းသည် များစွာတုန်လူပ်ချောက်ချားခြင်း ဖြစ်၍ ဆောက်တည်ရာ မရဖြစ်နေရသည်။ သောကမီးတို့သည် ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ တညီးညီး တောက်လောင်လျက် ရှိသည်။

ထိုအချိန်တွင် ကြာခေါင်းလောင်းများပွင့်သော တန်ဆောင်မုန်း လပြည့်နေ့ ညဉ့်၌ မူးမတ်များကို ညီလာခံခေါ်၍ ၎င်း၏ စိတ်ဒုက္ခဝေဒနာကို ပြေပျောက်အောင် ကြံဆောင်နိုင်သော ပညာရှိကို စုံစမ်း မေးမြန်းတော်မူသည်။ မူးမတ်များက ၎င်းတို့ကိုးကွယ်သော ဆရာအသီးသီးကို တင်ပြကြသည်။ နောက်ဆုံးတွင် ဆရာဇီဝက ညွန်ပြသော ဘုရားရှင်ထံသို့ ချက်ချင်း သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုတန်ဆောင်မုန်းလပြည့်နေ့ညတွင် အဇာတသတ်မင်းသည် ဘုရားရှင်ထံမှောက်သို့ ရောက်ရှိခဲ့သည်။ မဟာကရုဏာတော်ရှင် မြတ်ဗုဒ္ဓ၏ တရားရေအေးကို သောက်သုံးရသဖြင့် အဇာတသတ်မင်းသည် ဖခင်ကို သတ်သော ပြစ်မူကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မရောက် ဥပါသကာမြောက်ရုံသာ သရဏဂုံ ပဉ္စသီ၌သာ တည်ခဲ့သည်။

သာမညဖလခေါ် ရဟန်း၏ အကျိုးတရားကို မေးလျှောက်သဖြင့် မြတ်ဗုဒ္ဓက ဟောကြားခဲ့ရာ အဇာတသတ်မင်းသည် သာသနာတော်ကို ကြည်ညိုစိတ်များ ဖြစ်ပေါ်ခဲ့သည်။ ဤ ကြည်ညိုသော ကုသိုလ်စိတ်ကြောင့် အဖသတ်မူ ပိတုဃာတကကံ အတွက် အ၀ီစိငရဲ၌ ကျရောက်ရမည်မှ သက်သာခွင့်ရ၍ လောဟကုမ္ဘီငရဲ၌သာ ကျရောက်ခဲ့ရသည်။

တန်ဆောင်မုန်းလသည် မြန်မာ့ လူ့အဖွဲ့အစည်း အတွက်လည်း မီးခဲပြာဖုံးဖြစ်နေသော အမျိုးသားရေး စိတ်ဓာတ်ကို နိုးထစေသော လ ဖြစ်သည်။ ဆုံးရူံးလက်လွတ်ခဲ့ရသော လွတ်လပ်ရေးကို ပြန်လည် ရယူရန်အတွက် ဇာတိသွေး ဇာတိမာန်နှင့် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်များ တဖွားဖွားပေါ်ပေါက်စေခဲ့သော လလည်း ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်နေ့သည် နေရှင်နယ်ဒေးခေါ်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသား အောင်ပွဲနေ့ကို ယနေ့ထက်တိုင် ကျင်းပနိုင်ခဲ့သည်။

မြန်မာတို့အား ကိုလိုနီ ကျွန်ပြုခဲ့သူ အင်္ဂလိပ် အစိုးရသည် ခရစ်နှစ် ၁၉၂၀-ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ် အက်ဥပဒေ၊ (ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေ) ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ တက္ကသိုလ် ပညာသင်ကြားခွင့်ကို ချုပ်ချယ်ထားပြီး ကြေးရတတ်တို့သာ တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် ဖြစ်သည်။

သင်ကြားပေးသော တက္ကသိုလ် ပညာရပ်သည်လည်း ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ပညာ မဟုတ်ဘဲ ကိုလိုနီစနစ်ကို အထောက်အကူပြုရုံမျှသာ ဖြစ်သည်။ ထို့ပြင် တက္ကသိုလ် ပညာတတ်ဦးရေ နည်းပါးစေရန်နှင့် လူမူ စီးပွားရေး၊ နိုင်ငံရေး အမြင်ကျဉ်းစေရန် ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တက္ကသိုလ်အက်ဥပစေကို ကန့်ကွက် သပိတ်မှောက်ကြရန် ဆော်သြကြပြီး မြန်မာသက္ကရာဇ် ၁၂၈၂-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀-ရက်(၅-၁၂-၁၉၂၀)နေ့တွင် တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ကြသည်။

ထိုသပိတ်ကို အကြောင်းပြု၍ ကိုယ့်အားကိုယ်ကိုး စနစ်အရ အမျိုးသား ကောလိပ်ကျောင်းကြီး ပေါ်ပေါက်ခဲ့သည့်အပြင် အမျိုးသားကျောင်းများ(နေရှင်နယ်ကျောင်းများ) ပေါ်ပေါက်ခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်သည်လည်း တရှိန်ရှိန် တညီးညီး ထွန်းလင်းတောက်ပခဲ့သည်။

၁၉၂၂-ခုနှစ်၊ ဇွန်လ ၁၀-ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌ ကျင်းပသော ဂျီစီဘီအေ အသင်းချုပ်ကြီး ကွန်းဖရင့်မှ တန်ဆောင်မုန်း လပြည့်ကျော် ၁၀-ရက်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၄-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်(၁၉၂၂-ခုနှစ်) နေ့မှစ၍ အမျိုးသားနေ့ကို တစ်နိုင်ငံလုံးတွင် တက်တက်ကြွကြွ အုန်းအုန်း ကျွတ်ကျွတ် တစ်ခဲနက် ကျင်းပခဲ့သည်။

တို့ဗမာ အစည်းအရုံးခေတ်သို့ ရောက်သောအခါ အမျိုးသားရေးစိတ်ဓာတ် အဟုန်သည် ပိုမိုပြင်းထန်လာသည်။ နိုင်ငံရေး အမြင်သည်လည်း မြင့်မား ကျယ်ပြန်လာသည်။ လွတ်လပ်ရေး သတ္တိဗျတ္တိကို တွန်းအားပေးသော ကြွေးကြော်သံများလည်း ပေါ်ထွက်လာသည်။

(၁) အမျိုးသားနေ့ တို့နေ့ တို့နေ့၊

(၂) ကျွန်ပညာ အလိုမရှိ၊

(၃) ရဲရဲတောက်ဟေ့ တို့ဗမာ၊

(၄) အရေးတော်ပုံ အောင်ရမည် စသည်တို့ ဖြစ်ပါသည်။

၂၁-ကြိမ်မြောက် အမျိုးသားနေ့ ကော်မတီက ကြွေးကြော်ရန် သတ်မှတ်လိုက်သော ကြွေးကြော်သံများသည် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များကို အရှိန်မြှင့်၍ နိုးဆွလိုက်ပါသည်။

(၁) အမျိုးသားနေ့ အခါတော် ကမ္ဘာကျော်အောင် နွှဲလိုက်ကြစို့၊

(၂) သာကီမျိုးဟေ့ တို့ဗမာ၊ ရှေးစဉ်လာက ကိုယ့်မင်းကိုယ့်ချင်း၊

(၃) ဖိနှိပ်ခြင်းကို တို့မခံ၊ တို့နိုင်ငံဟာ တို့ဖို့ပါပဲ၊

(၄) လွတ်လပ်ရေးကို ရရမည်၊ စိတ်တူကိုယ်ညီ ပြကြပြကြ၊

(၅) ဗမာအချင်းချင်း သွေးစည်းကာ၊ အရေးကြီးလာပြီ သိကြသိကြ၊

(၆) အရေးကြီးတဲ့ ခုချိန်ခါ၊ တို့ဗမာတွေ ညီကြညီကြ၊

(၇) စွန့်စားဝံတဲ့ အာဇာနည်၊ ဗမာ့ပြည်မှာ ထောင်သောင်းသိန်း တို့ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သာယာလှပသော တန်ဆောင်မုန်းလသည် မြန်မာ့ လူ့အဖွဲ့အစည်းအား ဘာသာ ယဉ်ကျေးမူကို ရှင်သန်စေ၍ အမျိုးသားရေးကို နိုးကြားနေစေသော လအဖြစ် မြင်တွေ့ရပါသည်။

သာရဝေါစိုးကြည်

No comments:

Post a Comment