ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 March 2011

၁၀။ သောတသုတ်


မင်းနှင့် ထိုက်တန်သော ဆင်

ရဟန်းတို့ ! ဆိုလတံ့သော အင်္ဂါ ၅-မျိုးနှင့် ပြည့်စုံသည့် မင်း၏ ဆင်သည် မင်းနှင့်ထိုက်တန်သည်၊ မင်းသုံးဆောင်အပ်သည်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟု ခေါ်ဝေါ်နိုင်သည်။

ယင်း ၅-မျိုးမှာ -

ဤလောက၌ မင်း၏ ဆင်သည်

၁။ နာယူတတ်သည်။

၂။ သတ်ဖြတ်တတ်သည်။

၃။ စောင့်ရှောက်တတ်သည်။

၎။ သည်းခံတတ်သည်။

၅။ သွားတတ်သည်။


၁။ ဆင်၏ နာယူတတ်ပုံမှာ -

ပြုလုပ်ဖူးသည်ဖြစ်စေ မပြုလုပ်ဖူးသေးသည်ဖြစ်စေ ဆင်ထိန်း စေခိုင်းသော အမူကိစ္စကို ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူသည်။


၂။ ဆင်၏ သတ်ဖြတ်တတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် တစ်ဖက်ရန်သူ၏ ဆင်, ဆင်စီးသူရဲ, မြင်း, မြင်းစီးသူရဲ, ရထား, ရထားစီးသူရဲ, ခြေလျင်သူရဲတို့ကို သတ်ဖြတ်တတ်သည်။


၃။ ဆင်၏ စောင့်ရှောက်တတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် ရှေ့ပိုင်းကိုယ်, နောက်ပိုင်းကိုယ်, ရှေ့ခြေ, နောက်ခြေ, ဦးခေါင်း, နား, အစွယ်, နှာမောင်း, အမြီးများနှင့် ဆင်စီးသူရဲကို စောင့်ရှောက်တတ်သည်။


၎။ ဆင်၏ သည်းခံတတ်ပုံမှာ -

စစ်မြေပြင်သို့ ရောက်သည်ရှိသော် လှံဖြင့် ထိုးခြင်း, သန်လျက်ဖြင့် ခုတ်ခြင်း, မြှားဖြင့် ပစ်ခြင်း, ပုဆိန်ဖြင့် ပေါက်ခြင်းတို့ကို သည်းခံနိုင်သည်၊ စည်ကြီးသံ, ထက်စည်သံ, ခရုသင်းသံ, စည်ပုတ်သံ, ပဲ့တင်သံတို့ကို သည်းခံနိုင်သည်။


၅။ ဆင်၏ သွားတတ်ပုံမှာ -

သွားရောက်ဖူးသည် ဖြစ်စေ မသွားရောက်ဖူးသည် ဖြစ်စေ ဆင်ထိန်းစေလွှတ်ရာ အရပ်သို့ လျင်မြန်စွာ သွားတတ်သည်။


သံဃာ့ဂုဏ်ထိုက်သော ရဟန်း

ဤအတူသာလျှင် ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်သည်, ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်သည်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံထိုက်သည်, အမြတ်ဆုံး လယ်မြေလည်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည်

၁။ နာယူတတ်သည်။

၂။ သတ်ဖြတ်တတ်သည်။

၃။ စောင့်ရှောက်တတ်သည်။

၎။ သည်းခံတတ်သည်။

၅။ သွားတတ်သည်။


၁။ ရဟန်း၏ နာယူတတ်ပုံမှာ -

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မ, ၀ိနယကို ဟောကြားသည် ရှိသော် ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူတတ်သည်။


၂။ ရဟန်း၏ သတ်ဖြတ်တတ်ပုံမှာ -

ဖြစ်ပေါ်လာသော ကာမ၀ိတက်ကို သည်းမခံ ပယ်စွန့်သည်၊ ပယ်ဖျောက်သည်၊ ဖျက်ဆီးသည်၊ ကင်းအောင် ပြုသည်၊ နောက်ထပ် မဖြစ်ပေါ်အောင် ပြုသည်။

ထို့အတူ -

ဖြစ်ပေါ်လာသော ဗျာပါဒ ၀ိတက်, ၀ိဟိံသာ ၀ိတက်များနှင့် ဖြစ်ဆဲ, ဖြစ်လတံ့သော အကုသိုလ်အယုတ် တရားတို့ကို သည်းမခံ ပယ်စွန့်သည်၊ ပယ်ပျောက်သည်၊ ဖျက်ဆီးသည်၊ ကင်းအောင် ပြုသည်၊ောနက်ထပ် မဖြစ်ပေါ်အောင်ပြုသည်။


၃။ ရဟန်း၏ စောင့်ရှောက်တတ်ပုံမှာ -

မျက်စိဖြင့် ရူပါရုံ (အဆင်း)ကို မြင်သော် မိန်းမ, ယောက်ျားစသော သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေ စသော အင်္ဂါ, ပြုံးဟန်ရယ်ဟန် စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ။

ယင်းစက္ခုနြေ္ဒကို မစောင့်စည်းလျှင် ဖြစ်ပေါ်တတ်သည့် အဘိဇ္ဈာ(မက်မောခြင်း), ဒေါမနဿ(နှလုံးမသာခြင်း) ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့က မစောင့်စည်းသူကို အဖန်ဖန် နှိပ်စက်ကုန်ရာသည်၊ ထို့ကြောင့် ရဟန်းသည် ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်သည်၊ စက္ခုနြေ္ဒကို စောင့်စည်းသည်။

ထို့အတူ -

နားဖြင့် သဒ္ဒါရုံ(အသံ)ကို ကြားရာ -

နှာခေါင်းဖြင့် ဂန္ဓာရုံ(အနံ့)ကို နံရာ -

လျှာဖြင့် ရသာရုံ(အရသာ)ကို လျက်ရာ -

ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံ(အတွေ့အထိ)ကို တွေ့ထိရာ-

စိတ်ဖြင့် ဓမ္မာရုံ(သဘောတရား)ကို သိရာအခါတို့၌လည်း ဆိုခဲ့ပြီးအတိုင်း သောတိနြေ္ဒ, ဃာနိနြေ္ဒ, ဇိဝှိနြေ္ဒ, ကာယိနြေ္ဒ, မနိနြေ္ဒတို့ကို စောင့်စည်းခြင်းငှါ ကျင့်သည်၊ စောင့်စည်းသည်။


၎။ ရဟန်း၏ သည်းခံတတ်ပုံမှာ -

အချမ်း, အပူ, ဆာလောင်မွတ်သိပ်ခြင်း, မှတ်, ခြင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ အတွေ့တို့နှင့် မကောင်းသဖြင့် ဆိုအပ်, ရောက်လာတတ်သည့် စကားတို့ကို သည်းခံနိုင်သည်။

ကိုယ်၌ဖြစ်သော ပြင်းထန်ကြမ်းတမ်း စူးရှနာကျင် မသာယာဖွယ် မနှစ်သက်ဖွယ် သေလောက်သည့် ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင်သည်။


၅။ ရဟန်း၏ သွားတတ်ပုံမှာ -

ဤရှည်စွာသော သံသရာခရီးဖြင့် တစ်ခါမျှ မရောက်ဖူးသေးသော အရပ်ဖြစ်သည့်, သင်္ခါရအားလုံး၏ ချုပ်ငြိမ်းရာ, ဥပဓိအားလုံးကို စွန့်ရာ, တဏှာ ကုန်ရာ, တပ်ခြင်းကင်းရာ, ချုပ်ရာ, ငြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ လျင်မြန်စွာသာ သွားတတ်သည်။


နာယူ - ဓမ္မ, ၀ိနယ၊ ဟောညွန်ပြငြား၊ လွန်လေးစား၊ မှတ်သား နာယူပေ။

သတ်ဖြတ် - ဖြစ်ပေါ်လာကြ၊ ကာမ, ဗျာပါ၊ ပိဟိံသာ ၀ိတက်၊ တစ်ချက် အယုတ်၊ အကုစုတ်၊ ပယ်ထုတ် သတ်ဖြတ်ပေ။

စောင့်ရှောက် - မျက်စိ, နား, နှာ၊ လျှာပါ, ကိုယ်, စိတ်၊ စောင့်စည်း ပိတ်ထား၊ အကု တား၊ မှတ်သား စောင့်ရှောက်ပေ။

သည်းခံ - ချမ်း, ပူ, မွတ်, ဆာ၊ မှက်, ခြင်ပါ, လေ၊ နေ, မြွေ, ကင်း, သန်း၊ အတွေ့ဆန်းနှင့်၊ တစ်ခန်း ဆိုးဝါး၊ စကားပြောသံ၊ ပြင်းထန် ဝေဒနာ၊ သည်းခံတာ၊ မှန်စွာ သည်းခံပေ။

သွားတတ် - သံသရာတစ်လျှောက်၊ မရောက်ဖူးမှန်၊ မြတ်နိဗ္ဗာန်သို့၊ ဧကန်ရောက်ငြား၊ အရောက်သွား၊ မှတ်သား သွားတတ်ပေ။

ဆောင် - နာယူ, သတ်ဖြတ်၊ စောင့်ရှောက်တတ် နှင့်၊ တစ်ရပ် သည်းခံ၊ တစ်ဖန် သွားတတ်၊ ဤငါးရပ်၊ ဆင်မြတ် ရဟန်းမြတ်။

ဒသမသုတ် ပြီး၏။

၎-မြောက် ရာဇ၀ဂ် ပြီးပြီ။

No comments:

Post a Comment