ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၎။ အန္ဓက ၀ိန္ဒသုတ်


မြတ်စွာဘုရား မဂဓတိုင်း အန္ဓက ၀ိန္ဒအရပ်၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားထံ ချဉ်းကပ် ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေသော အရှင်အာနန္ဒာကို မြတ်စွာဘုရားက ဤသို့ မိန့်တော်မူသည်။

“အာနန္ဒာ ! မကြာသေးမီကမှ ရဟန်းပြုခဲ့ကြသည့် သာသနာဘောင်ရောက်စ ရဟန်းသစ်တို့ကို ဆိုလတံ့သော တရား ၅-မျိုး၌ သင်တို့က ဆောက်တည်ကျင့်သုံးခိုင်းရမည်၊ သွတ်သွင်းပေးရမည်၊ ရပ်တည်စေရမည်။

ယင်း ၅-မျိုးမှာ -

၁။ ပါတိမောက္ခ သံဝရ သီလ၌ ဆောက်တည် ကျင့်သုံး ခိုင်းရမည်၊ သွတ်သွင်းပေးရမည်၊ ရပ်တည်စေရမည်။

ဆောက်တည် ကျင့်သုံးခိုင်းပုံမှာ -

“ငါ့ရှင်တို့ ! သင်တို့သည် သီလရှိအောင် ကြိုးစားကြလော့၊ ရဟန်းကျင့်ဝတ်သီလကို စောင့်ထိန်းကြလော့၊ ရဟန်းဆိုင်ရာ ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံအောင် ကျင့်ကြလော့၊ ၀င်ထွက် သွားလာသင့်ရာသို့သာ ၀င်ထွက်သွားလာကြလော့၊ အဏုမြူသဖွယ် သေးငယ်သော အပြစ်တို့အပေါ်မှာလည်း ကြောက်စရာ ဘေးဟု ရူမြင်ကြလော့၊ သိက္ခာပုဒ်တို့ကို ဆောက်တည် ကျင့်သုံးကြလော့” ဟု ခိုင်းရမည်။


၂။ ဣန္ဒြိယသံဝရသီလ၌ ဆောက်တည်ကျင့်သုံးခိုင်းရမည်၊ သွတ်သွင်း ပေးရမည်၊ ရပ်တည်စေရမည်။

ဆောက်တည် ကျင့်သုံးခိုင်းပုံမှာ -

“ငါ့အရှင်တို့ ! သင်တို့သည် သတိ, ပညာဖြင့် မျက်စိ စသော ဣနြေ္ဒတံခါးများကို အကုသိုလ် မ၀င်အောင် ပိတ်ထားရမည်၊ စိတ်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းထားရမည်” ဟု ခိုင်းရမည်။


၃။ စကားပြောမူ အတိုင်းအတာ ပမာဏ၌ ဆောက်တည် ကျင့်သုံးခိုင်းရမည်၊ သွတ်သွင်း ပေးရမည်၊ ရပ်တည်စေရမည်။

ဆောက်တည်ကျင့်သုံးခိုင်းပုံမှာ -

“ငါ့ရှင်တို့ ! သင်တို့သည် စကားပြော နည်းကြလော့၊ စကားပြောရာ၌ အတိုင်းအတာ ပမာဏ ထားကြလော့” ဟု ခိုင်းရမည်။


၎။ ကာယ၀ိဝေက(ကိုယ်၏ ဆေိတ်ငြိမ်ခြင်း) ၌ ဆောက်တည် ကျင့်သုံး ခိုင်းရမည်၊ သွတ်သွင်းပေးရမည်၊ ရပ်တည်စေရမည်။

ဆောက်တည်ကျင့်သုံးခိုင်းပုံမှာ -

“ငါ့ရှင်တို့ ! သင်တို့ လာကြလော့၊ တောကျောင်းနေသူတို့ ဖြစ်ကြလော့၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲကုန်လော့” ဟု ခိုင်းရမည်။


၅။ သမ္မာဒိဋ္ဌိ (မှန်ကန်သော အယူ)၌ ဆောက်တည် ကျင့်သုံးခိုင်းရမည်၊ သွတ်သွင်းပေးရမည်၊ ရပ်တည်စေရမည်။

ဆောက်တည်ကျင့်သုံးခိုင်းပုံမှာ -

“ငါ့ရှင်တို့ ! သင်တို့ လာကြလော့၊ သမ္မာဒိဋ္ဌိ အယူရှိကုန်လော့၊ ကောင်းသော ဉာဏ်အမြင်နှင့် ပြည့်စုံကြလော့” ဟု ခိုင်းရမည်။


(ဆိုလိုရင်းမှာ -

သာသနာ့ဘောင်ရောက်စ ရဟန်း, သာမဏေသစ်များကို -

၁။ သီလစောင့်ထိန်းမူ၊

၂။ ဣနြေ္ဒစောင့်ထိန်းမူ၊

၃။ စကား စောင့်ထိန်းမူ၊

၎။ တော်ကျောင်းနေမူ၊

၅။ သမ္မာဒိဋ္ဌိ -ဤ ငါးမျိုး၌ ဆောက်တည် ကျင့်သုံးခိုင်းရမည်။)

ဆောင် - သီလ တစ်ထွေ၊ ဣနြေ္ဒစောင့်ငြား၊ စကားနည်းရန်၊ တောနေရန်နှင့်၊ မှန်ကန် အယူ၊ ငါးဆူအရာ၊ တည်စေရာ၊ သာသနာဝင်စ၊ ပုဂ္ဂလ၊ သင်ပြ ဆောက်တည်စေ။

သမ္မာဒိဋ္ဌိ - ကမ္မဿကတ, ဈာန, ၀ိပဿနာ, မဂ်, ဖိုလ် ဟူသော သမ္မာဒိဋ္ဌိ ၅-မျိုး၊ ပစ္စဝေက္ခဏာ ဉာဏ်လည်း ထည့်နိုင်သည်။

စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment