ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 March 2011

၃။ သာရန္ဒဒသုတ်


မြတ်စွာဘုရား ဝေသာလိပြည် မဟာဝုန်တော အထွတ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ယူတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူသည်။

ထိုအချိန် သာရန္ဒစေတီ၌ စုဝေး နေထိုင်ကြသည့် လိစ္ဆ၀ီမင်း ၅၀၀-တို့မှာ စပ်မိစပ်ရာ စကား ဖြစ်ပေါ်လာသည်။ ယင်း စကားမှာ -

“လော၌ ၁။ ဆင်ရတနာ, ၂။ မြင်းရတနာ, ၃။ ကျောက်မျက်ရတနာ, ၄။ မိန်းမရတနာ, ၅။ သူဌေးရတနာ ဤ ၅-မျိုးဖြစ်ပေါ်ဖို့ အလွန်ခဲယဉ်းသည်။”

ထိုအချိန်မှာပင် လိစ္ဆ၀ီမင်းတို့က “မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်၍ လိစ္ဆ၀ီမင်းတို့ထံ ချဉ်းကပ်ပြီး -

“အရှင်တို့ ! အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသည် ကြွလာတော်မူပါသည် အရှင်တို့ ဆန္ဒအတိုင်း ဆောင်ရွက်တော်မူပါဘုရား” ဟု လျှောက်တင်သည်။

ထို့နောက် ထိုလိစ္ဆ၀ီမင်းတို့သည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ရပ်နေကြလျက် မြတ်စွာဘုရားအား -

“အရှင်ဘုရား ! တောင်းပန်ပါသည်၊ တပည့်တော်တို့ကို သနားစောင့်ရှောက်သောအားဖြင့် သာရန္ဒဒစေတီသို့ ကြွရောက် သီတင်းသုံးတော်မူပါ” ဟု လျှောက်ကြသည်၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည် သာရန္ဒစေတီသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ထို လိစ္ဆ၀ီမင်းတို့အား -

“လိစ္ဆ၀ီမင်းတို့ ! ယခုအခါ သင်တို့သည် အဘယ်စကားမျိုးဖြင့် စုဝေးထိုင်နေကြသနည်း၊ သင်တို့ ပြောလက်စ စကားကား အဘယ်နည်း?”

“အရှင်ဘုရား ! တပည့်တော်တို့ ပြောလက်စ စကားကား ဆင်ရတနာစသော ရတနာ ၅-မျိုးနှင့် စပ်သော စကားဖြစ်ပါသည်” ဟု မိမိတို့ ပြောခဲ့သော စကားအားလုံးကို ပြန်လျှောက်ကြသည်။

ထိုအခါ မြတ်စွာဘုရားက -

“လိစ္ဆ၀ီမင်းတို့ ! ကာမဂုဏ်၌ နှလုံးသွင်းကြသည့် သင်တို့စကားသည် ကာမဂုဏ်နှင့် စပ်သော စကားသာ ဖြစ်ပေသည်။

လောက၌ ကာမဂုဏ်နှင့် မစပ်သည့် အမှန်တကယ် ရခဲသော ရတနာ ၅-မျိုးဟူသည်မှာ -

၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရား။

၂။ မြတ်စွာဘုရား ဟောကြားထားတော်မူသည့် ဓမ္မ, ၀ိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်။

၃။ ဓမ္မ္မ, ၀ိနယကို ဟောကြားသည်ရှိသော် သိရှိနားလည်သော ပုဂ္ဂိုလ်။

၎။ ဓမ္မ္မ, ၀ိနယကို ဟောကြားသည်ရှိသော် သိသည့်အတိုင်း တရားနှင့် အညီ ကျင့်သော ပုဂ္ဂိုလ်။

၅။ သူပြုဖူးသော ကျေးဇူးကို သိ၍ ထင်ရှားအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်-တို့ ဖြစ်သည်။

ဤ ၅-မျိုးကို လောက၌ ရခဲ့သည်။

ဆောင် - ဗုဒ္ဓဘုရား၊ ဟောကြားတတ်သူ၊ ကျင့်သူ တစ်ထူး၊ ကျေးဇူး သိငြား၊ ထင်ရှားအောင်ပြု၊ ဤငါးခု၊ မှတ်ရူ လောကတွင်မှတ် ရခဲလတ်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment