ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၇။ သီလ၀န္တသုတ်



ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် မထေရ် ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်ထိုက် မြတ်နိုးထိုက် အလေးဂရုပြုထိုက် ချီးမွမ်းထိုက်သူ ဖြစ်သည်။



ယင်း ၅-မျိုးမှာ -



၁။ သီလရှိသည်။



ရဟန်းကျင့်ဝတ်သီလကို စောင့်ထိန်းသည်၊ ရဟန်းဆိုင်ရာ ကျင့်ဝတ် ပဋိပတ်နှင့် ပြည့်စုံသည်၊ ၀င်ထွက် သွားလာသင့်ရာသို့သာ ၀င်ထွက် သွားလာတတ်သည်၊ အဏုမြူသဖွယ် သေးငယ်သော အပြစ်တို့အပေါ်မှာလည်း ကြောက်စရာဘေးဟု ရူမြင့်လေ့ရှိသည်၊ သိက္ခာပုဒ်တို့ကို ဆောက်တည် ကျင့်သုံးသည် (လိုက်နာကျင့်သုံးသည်)။





၂။ ဗဟုသုတရှိသည်။



ဗဟုသုတများကို မမေ့ပျောက်အောင် ထန်းသိမ်းထားသည်၊ ထပ်၍လည်း ဗဟုသုတ ဆည်းပူးသည်။



ယင်း ဆည်းပူးရမည့် ဗဟုသုတများ ဟူသည်မှာ -



(က) အနက်သဒ္ဒါ စနစ်လည်း ကျနသော မြတ်သောအကျင့်, လိုအပ်ချက်မရှိ ပြည့်လည်း ပြည့်စုံသော မြတ်သောအကျင့်, ဖယ်ရှားဖွယ် မရှိ စင်လည်း စင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားများနှင့်



(ခ) စ, လယ်, အဆုံး ကောင်းခြင်းသုံးပါးရှိသော တရားများကို ဆိုလိုသည်။



ထိုတရားများကို များစွာ ကြားနာဖူးသည်၊ ဆောင်ထားသည်၊ နူတ်ဖြင့်လည်း လေ့ကျက်ထားသည်၊ စိတ်ဖြင့်လည်း ဆင်ခြင် မှတ်သားထားသည်၊ ပညာဖြင့်လည်း ကောင်းစွာ ထိုးထွင်း၍ သိသည်။





၃။ ကောင်းသော စကားရှိသည်။



ကောင်းမွန်ချိုသာသော စကားသံရှိသည်၊ ယဉ်ကျေး, သန့်ရှင်း အပြစ်ကင်းပြီး ဆိုလိုချက်သိလွယ်သော စကားနှင့် ပြည့်စုံသည်။





၎။ ရူပါဝစရဈာန် ၄-ပါးကို အလိုရှိတိုင်း ရနိုင်သည်။



မျက်မှောက်ဘ၀မှာပင် ချမ်းသာစွာ နေရကြောင်းလည်းဖြစ်, အဆင့်မြင့် စိတ်လည်းဖြစ်ကုန်သော ရူပါဝစရ ဈာန် ၄-ပါးတို့ကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရနိုင်သည်။





၅။ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားသည်။



အာဝေ၀ါတရားများ ကုန်ခြင်းကြောင့် အာဝေ၀ါတရား ကင်းစင်ပြီး ကိလေသာအနှောင်အဖွဲ့ အားလုံးမှ လွတ်မြောက်သည့် အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘ၀မှာပင် ဉာဏ်ထူးဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရရှိ ရောက်ရှိနေသည် (ရဟန္တာဖြစ်သွားသည်)။



ဆောင်

- သီလလည်း ရှိ၊ သုတရှိနှင့်၊ ကောင်းဘိ စကား၊ ဈာန်လေးပါး ရ၊ တ၀ ရဟန္တာ၊ ငါးဖြာ ရှိနေ၊ ထိုမထေရ်၊ ရိုသေလေးမြတ် ပူဇော်အပ်။



မှတ်ချက်

- ဤသုတ်၌ ရဟန္တာဆိုင်ရာ သီလ, သုတ, စကား, ကိရိယာဈာန်များကို ယူရမည်။



သတ္တမသုတ် ပြီး၏။

No comments:

Post a Comment