ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 7 March 2011

၁၀။ ဒုတိယ သေခသုတ်



ရဟန်းတို့ ! ဤဆိုလတံ့သော တရား၅-မျိုးသည် သေက္ခ(ကျင့်ဆဲ) ရဟန်းအတွက် အထက်အထက် ဂုဏ်တို့မှ ဆုတ်ယုတ်ကြောင်းများ ဖြစ်သည်။



ယင်း ၅-မျိုးမှာ -



ဤသာသနာတော်၌ သေက္ခ(ကျင့်ဆဲ) ရဟန်းသည် -



၁။ ကိစ္စများသည်၊ လုပ်ငန်းများသည်၊ အဘယ်အမူကို ပြုရအံ့ နည်းဟု ပြောဆိုစဉ်းစား၍ ပြုလုပ်ရမည့် ကိစ္စကြီးငယ်တို့၌ ကျွမ်းကျင်သည်၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို စွန့်ထားသည်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားမထုတ်။



၂။ မဖြစ်စလောက်သော ကိစ္စလေးဖြင့် နေ့ကို ကုန်လွန်စေသည်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်ထားသည်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားမထုတ်။



၃။ သာသနာတော်နှင့် မလျော်သော လူတို့၏ ဆက်ဆံပုံ ဆက်ဆံနည်းမျိုးဖြင့် လူ, ရဟန်းတို့နှင့် ဆက်ဆံ၍ နေသည်၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို စွန့်ထားသည်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားမထုတ်။



၎။ နံနက်စောစော ရွာတွင်းသို့ ၀င်ပြီး မွန်းလွဲပိုင်းကျမှ ကျောင်းသို့ ပြန်လာသည်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်ကို စွန့်ထားသည်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားမထုတ်။



၅။ ကိလေသာကိုလည်း လွန်စွာခေါင်းပါးစေပြီး စိတ်မပွင့်လင်းကြောင်း သမထ, ၀ိပဿနာနှင့်လည်း လျောက်ပတ်သော စကားမျိုးကို မငြိုမငြင် မပန်မပန်း အလိုရှိတိုင်း မရနိုင်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို စွန့်ထားသည်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားမထုတ်။



အဆိုပါ စကားမျိုး ဟူသည်မှာ -



၁။ အလိုနည်းမူနှင့် စပ်သော စကား (အပ္ပိစ္ဆကထာ) ,



၂။ ရောင့်ရဲလွယ်မူနှင့် စပ်သော စကား (သန္တုဋ္ဌိ ကထာ) ,



၃။ ဆိတ်ငြိမ်မူနှင့် စပ်သော စကား (ပ၀ိဝေက ကထာ) ,



၎။ မရောနှော မပေါင်းသင်းမူနှင့် စပ်သော စကား (အသံသဂ္ဂ ကထာ) ,



၅။ လုံ့လအားထုတ်မူနှင့် စပ်သော စကား (၀ီရိယာရမ္ဘ ကထာ) ,



၆။ သီလနှင့် စပ်သော စကား (သီလ ကထာ) ,



၇။ သမာဓိနှင့် စပ်သော စကား (သမာဓိ ကထာ) ,



၈။ ပညာနှင့် စပ်သော စကား (ပညာ ကထာ) ,



၉။ ကိလေသာမှ လွတ်မြောက်မူနှင့် စပ်သော စကား (၀ိမုတ္တိကထာ) ,



၁၀။ ကိလေသာမှ လွတ်မြောက်မူ ဉာဏ်အမြင် ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကား (၀ိမုတ္တိဉာဏဒဿန ကထာ) တို့ ဖြစ်သည်။



ဆောင် - အပ်, သန်, ပ, အ၊ ၀ီ, သီ, သ,ပဉ်၊ ၀ိ, ၀ိ လျှင်၊ ဆယ်ခွင် ကောင်းစကား။





ဤဆိုလတံ့သော တရား ၅-မျိုးတို့သည် သေက္ခ(ကျင့်ဆဲ) ရဟန်းအတွက် အထက်အထက် ဂုဏ်တို့မှ မဆုတ်ယုတ်ကြောင်းများ ဖြစ်သည်။



ယင်း ၅-မျိုးမှာ -



ဤသာသနာတော်၌ သေက္ခရဟန်းသည် -



၁။ ကိစ္စမများ၊ လုပ်ငန်းမများ၊ အသဘယ်အမူကို ပြုရအံ့နည်းဟု ပြောဆိုစဉ်းစား၍ ပြုလုပ်ရမည့် ကိစ္စကြီးငယ်တို့၌ ကျွမ်းကျင်သည်၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။



၂။ မဖြစ်စလောက်သော ကိစ္စလေးဖြင့် နေ့ကို မကုန်လွန်စေ၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။



၃။ သာသနာတော်နှင့် မလျော်သော လူတို့၏ ဆက်ဆံပုံ ဆက်ဆံနည်းမျိုးဖြင့် လူ, ရဟန်းတို့နှင့် ဆက်ဆံ၍ မနေ၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။



၎။ နံနက်စောစောလည်း ရွာတွင်းသို့ မ၀င်ဘဲ မွန်းလွဲပိုင်းကျမှလည်း ကျောင်းသို့ ပြန်လာသည် မဟုတ်၊ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။



၅။ ကိလေသာကိုလည်း လွန်စွာခေါင်းပါးစေတတ်ပြီး စိတ်ပွင့်လင်းကြောင်း သမထ၀ိပဿနာနှင့်လည်း လျောက်ပတ်သော စကားမျိုးကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရသည်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ မိမိသန္တာန်၌ စိတ်ငြိမ်းကြောင်း သမထကို အားထုတ်သည်။



အဆိုပါ စကားမျိုးဟူသည်မှာ - (ဆိုခဲ့ပြီးသည့် စကား ၁၀-မျိုးပင် ဖြစ်သည်။)



ဒသမသုတ် ပြီး၏။



၎-ခုမြောက်သော ထေရ၀ဂ် ပြီးပြီ။



No comments:

Post a Comment