ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 16 March 2011

တပို့တွဲလနှင့် ထမင်နဲပွဲ



“သာစွလေ၊ နေလည်း ချမ်းမြ၊ လလည်း နှင်းရီ၊ ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်းလဲပေါက်၊ ၀င်းဝင်းတောက်လျက်၊ ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊ ငှက်ကျေးပျံကြွ၊ ကောင်းကင် လ၀ယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ၊ မဖွဲမိုးလေ၊ သုံးလူ့ဆွေလျှင်၊ လေထွေအင်စုံ၊ ကြိုက်ကြုံအဟုတ်၊ ပါမုက်ကို၊ ဖော်ထုတ် စိစ်၊ ပြမြဲဖြစ်လျက်၊ ရပ်ရှစ်မျက်နှာ၊ သင်္ဃာတို့အား၊ ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံသဘင်၊ လှူကြီးယင်သည်။ ရောက်ချင်နိဗ္ဗာန်။ ကျွန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည် ရွှေဝန်းတည့်လေး။ ။”(စာဆိုတော် ဦးအောင်ကြီး)

တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဉ့်အချိန်အခါတွင် အလွန် အေးမြသောလ ဖြစ်သည်။ နှာရယ်ယိုရွဲ တပို့တွဲဟု ခေါ်ဆိုကြသည်။ စပါးများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ ရိုးဖြတ် လယ်ကွင်းပြင်သည် ၀ါဝင်းနေချိန် ဖြစ်သည်။ မိုးပြာပြာအောက်ဝယ် ပေါက်ပန်း၊ လဲပန်းများသည် ရနံ့ မထုံမကြိုင်သင်းသော်လည်း နီတျာတျာတစ်ဖုံ၊ ၀ါရွှင်ရွှင်တစ်မျိုးဖြင့် လောကကို အလှဆင်နေချိန် ဖြစ်သည်။

တပို့တွဲလကို မြန်မာမူအရ ကုံရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ ချိန်တာရာ ဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမားရုပ် ဖြစ်သည်။ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကား မီးဖုန်းအလှူပွဲ၊ ထမနဲပွဲ ဖြစ်သည်။

တပို့တွဲလတွင် ရှေးပဒေသရာဇ်ခေတ်သုံး မြန်မာနာရီ ၂၆-နာရီ ရှိကာ ညဉ့် ၃၄-နာရီရှိသော လဖြစ်သဖြင့် နေ့တာတို၍ ညဉ့်တာရှည်သောလ ဖြစ်သည်။ ရှေးမြန်မာတို့ စံတော်ချိန် သတ်မှတ်ချက်အရ နေမွန်းတည့် ၅-ဖ၀ါးရှိသော လဖြစ်သည်။

ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် တပို့တွဲလတွင် တပုဒ်သည် တန်းပုဒ်ပျက်ထန်း အဓိပ္ပာယ် ဖြစ်သည်။ တပို့၏ အဓိပ္ပာယ်သည် ထန်းဖူးတံ၊ ထန်းခိုင်တံ ဖြစ်သည်ဟု ကောက်ယူသင့်သည်။

နွားလပို့၊ နွားပို့တို့သည် မိုမို့လုံးလုံး ဖြစ်သည်။ ပျားလပို့၊ ပျားဘို့တို့ကို လှီးဖြတ်ပါက အချိုရည်ထွက်မည် ဖြစ်သည်။ ထိုကဲ့သို့ပင် လှီးဖြတ်ပါက အချိန်ရည်ထွက်မည် ဖြစ်သည့်အတွက် တန်းပို့(ထန်းပို့) ခေါ်တွင်ခဲ့မည် ဖြစ်သည်။

တွဲပုဒ်၏ အဓိပ္ပာယ်သည် အောက်သို့ ညွှတ်ကိုင်း ဆွဲဆိုင်းခြင်း ဖြစ်သည်။

သို့အတွက် တပို့တွဲလ၏ အဓိပ္ပာယ်သည်ထန်းဖူး၊ ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ် ဆွဲဆိုင်းခြင်း၊ တွဲကျခြင်း ဖြစ်အောင် ပြုသောလ၊ ထန်းရည် နင်းသောလ ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းလင်း ရေးသားထားပါသည်။

ရှေးခေတ်အခါက တပို့တွဲလတွင် စည်ကားစွာ ကျင်းပခဲ့သော ရာသီပွဲတော်မှာ မီးဖုန်းပွဲ၊ မီးကုသိုလ်ပြုသောပွဲ ဖြစ်သည်။ ပုဂံခေတ် စောလှဝန်းဘုရား ကျောက်စာတွင် မီးဖုန်း သင်္ကြန်၊ ညောင်ရိယ်သွန် စသော ဝေါဟာရများကို တွေ့ရသဖြင့် မီးကုသိုလ် ပြုပွဲသည် ပုဂံခေတ်တွင် ကျင်းပနေပြီဟု ယူဆရပါသည်။

ပုဂံခေတ်ထိုး ကျောက်စာများတွင် ဖုန်းရစေ(ကုသိုလ်ရစေ)၊ ဖုန်းသည်(ကုသိုလ်ရှင်၊ ကောင်းမူရှင်၊ ဖုန်းပေး(ကုသိုလ်ပေး၊ အလှူပေး)၊ ဖုန်းမူ(ကုသိုလ်မူ၊ ကောင်းမူ) စသည်ဖြင့် ရေးသား သုံးနူန်းထားသဖြင့် ဖုန်းပုဒ်ကို ကုသိုလ်ကောင်းမူအဖြစ် သုံးစွဲခဲ့သည်။ သို့အတွက် မီးဖုန်းဆိုသည်မှာ မီးကုသိုလ်ပြုပွဲပင် ဖြစ်သည်။

တပို့တွဲကျွဲချိုများ ဆတ်ဆတ်ခါ ဆိုသည်နှင့် အညီ အလွန်အေးမြသော လရာသီ အချိန်ဖြစ်သဖြင့် ရှေးခေတ်မြန်မာကြီးများသည် မြတ်ဗုဒ္ဓအား ရည်စူး၍ မီးဖုန်းကုသိုလ် အလှူကို ကုသိုလ်တစ်မျိုးရစေရန် တီထွင်ခဲ့သည်ဟု ဆိုရပါမည်။

မျက်မှောက်ခေတ်တွင် မီးဖုန်းအလှူပွဲသည် ပျောက်ကွယ်လုလုပင် ရှိခဲ့သည်။ မန္တလေးဒေသနှင့် ရွှေဘိုနယ် တစ်ခွင်တွင်သာ အစဉ်အလာမပျက် အနည်းငယ် ကျင်းပကြသည်။ စေတီပုထိုး ဗုဒ္ဓရုပ်ပွားတော်များ ရှေးမှောက်ဝယ် နံ့သာထင်းများကို စေတီ ပြသာဒ်သဏ္ဌာန် စုပုံကာ မီးပူဇော်ခြင်း ဖြစ်သည်။

ယခုအခါ တပို့တွဲလတွင် ကျင်းပသော ရာသီပွဲတော်သည် ထမနဲပွဲ ဖြစ်သည်။ ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း စသည့် သီးနှံသစ်များပေါ်ချိန်တွင် ထမနဲထိုးကာ လှူဒါန်းသောကြောင့် မြန်မာတို့၏ ကောက်သစ်ပွဲတော်ဟု ဆိုရပါမည်။

ရှေးခေတ်စာပေ အထောက်အထားများအရ တပို့တွဲလတွင် ယာဂုအလှူပွဲလည်း ရှိခဲ့သည်ကို တွေ့ရသည်။ ယာဂုသည် ဆန်ကို နို့နှင့် ဖြစ်စေ၊ ရေနှင့် ဖြစ်စေ ကျိုချက်ထားသော အရည်ပျစ်ပျစ် ဆန်ပြုတ်တမျိုး ဖြစ်သည်။ ယာဂုအလှူပွဲကို မီးပုံပွဲ(မီးဖုန်း) ပွဲနှင့် အတူ ကျင်းပခဲ့သည်။

ကုန်းဘောင် ခတ်ဦးတွင် အင်ရုံရွာစား ၀န်ကြီး သီရိဥဇနာ ရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် -

“ကျီဝန်က ယာဂုအိုး ၁၀၀၀-နှင့် ထမ်းစင်- ၁၀၀၀၊ မယ်ဖျူး ၁၀၀၀-တို့ကို သွေးသောက်စု မြင်းတော်သည် ရွှေပန်းပန်တို့ ကြပ်မ၍၊ လှူမြဲ ကျောင်းဘုရားမှာ တင်လှူရသည်” ဟု ရေးသားထားခဲ့သည်။

ကုန်းဘောင် ခေတ်နှောင်းတွင် ထင်ရှား ကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက “လှေခ အလှူခံ မေတ္တာစာ” ရေးသားခဲ့ရာတွင် -

“ယာဂု ထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလ မဆိုသာ၊ စေတနာ ဇောသန်၍၊ သမုဋ္ဌာန် လွန်ကဲလျှင်၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ ကုသိုလ်လည်း မဂ်ဖိုလ် ဧကန်ရပေမည်” ဟု ထည့်သွင်း ရေးသားခဲ့သည်။

“ယာဂုထမနဲ” ဆိုသော ဝေါဟာရအရ ရှေးခေတ်အခါက ယာဂု ဆိုသည်မှာလည်း ထမနဲပင် ဖြစ်သည်ဟု ယူဆဖွယ်ရာ ဖြစ်သည်။ သို့မဟုတ်ပါက ဆန်ကို ကျိုချက်သော ယာဂုနှင့် ကောက်ညှင်းကိုထိုးသော ထမနဲများကို အတူတကွ လှူဒါန်းခြင်းလည်း ဖြစ်နိုင်ပါသည်။

“မြိန်ဆိမ့်သော အဖွယ်အရာတို့ဖြင့် ကောင်းစွာ ကျိုချက်အပ်သော မွန်မြတ်သော ယာဂုဆွမ်းအလှူတော်များကို စာရင်းပါတစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့အား သဇင်ပန်း၊ ဆီမီးတန်ဆောင်စသော အလှူတော်များနှင့် တကွ အရာရှိ၊ မှူးတော်၊ မတ်တော်တို့ ကြီးကြပ်စေပြီးလျှင် ကောင်းမွန်စွာ အရုဏ်ဆွမ်းကပ်၍ မီးဖုန်းတော်များကို လှူဒါန်း ပူဇော်သည်” စသည်ဖြင့် ရေးသားခဲ့သည်။

မီးဖုန်းအလှူပွဲ၊ ယာဂုထမနဲ အလှူပွဲများသည် အလှူရေစက် လက်နှင့်မကွာသော မြန်မာတိုပ၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများ ဖြစ်သည်။ အစဉ်အလာရိုးရာ ယဉ်ကျေးမူများ မပပျောက်စေရန်နှင့် ကောင်းမူကုသိုလ် ရရှိစေရန်အတွက် မီးဖုန်းပွဲ၊ ယာဂု ထမနဲ အလှူပွဲများကို ကျင်းပကြရမည် ဖြစ်သည်။


တပို့တွဲပေမို့

“ချမ်းပွေပွေ နှင်းဝေကျပုံက၊ ဖျန်းပြေပြေ ညှင်းလေက ကြွပါဘိ၊ (အိုကွယ်)ခင်းဗွေဝမှာတဲ့၊ လွမ်းအောင်ဖန်။

တပို့တွဲပေမို့၊ ယှဉ်နွှဲကာ စန္ဒာနှင့်၊ မှန်မကွာ ကြယ်မာဃတို့မှာ၊ ၀င်းပရောင်လျှံ။

ဟေမာမြိုင် ဆင့်မောက်ကဲပုံက၊ ဝေဖြာလိုင်ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ(သြော်) ရွှင်လျက် စံပါလို့ ၀င့်ကာဝဲ

ပြောင်းကြယိုင်ပေ၊ ယောက်မ ကိုင်မွှေလို့၊ ထိုင်မနေ ရိုးရာပွဲပေမို့၊ ပိုင်ပိုင်လေ၊ ကိုးစရာ အမြဲသာပ(အိုကွယ်) ထိုးကြ ထမနဲ။” (ဆရာသတိုးသောင်း)

No comments:

Post a Comment