ရဟန်းတို့ ! လောက၌ သူရဲကောင်း ၅-မျိုးတို့ ထင်ရှားရှိကြသည်။
ယင်း ၅-မျိုးမှာ -
အချို့သော သူရဲကောင်းသည်
၁။ ဆင်တပ်, မြင်းတပ်စသည်တို့ကြောင့် တက်လာသော မြူမူန်ထုကို မြင်၍ပင် တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်သွားသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင် မတိုက်ဝံ့တော့၊ ဤကား ဒုတိယ သူရဲကောင်းတည်း။
၃။ ဆင်တပ်, မြင်းတပ်စသည်တို့ကြောင့် တက်လာသော မြူမူန်ထုနှင့် ရန်သူတပ် အလံဖျားကို မြင်ရသော်လည်း ကြံ့ကြံ့ ခံနိုင်သေးသည်၊ များစွာကို ကြား၍ တွန့်ဆုတ်သွာသည်၊ ပို၍လည်း တွန့်ဆုတ်သွာသည်၊ ကြံ့ကြံ့မခံနိုင်တော့၊ ရင်ဆိုင် မတိုက်ဝံ့တော့၊ ဤကား တတိယ သူရဲကောင်းတည်း။
၎။ ဆင်တပ်, မြင်းတပ်စသည်တို့ကြောင့် တက်လာသော မြူမူန်ထု, ရန်သူ့တပ် အလံဖျားမြင်ခြင်းနှင့် ချီတက်လာသော ဆင်, မြင်း, ရထား, ဗိုလ်ခြေတို့၏ ကျယ်လောင်သံများစွာကို ကြားရသော်လည်း ကြံ့ကြံ့ခံနိုင်သေးသည်၊ သို့သော် ပစ်ခတ်ထိုးသတ်ခြင်းကြောင့် အင်အား ကုန်ခန်းသွားသည်၊ တပ်ပျက်သွားသည်၊ ဤကား စတုတ္ထ သူရဲကောင်းတည်း။
၅။ ဆင်တပ်, မြင်းတပ်စသည်တို့ကြောင့် တက်လာသော မြူမူန်ထုနှင့် ရထား, ဗိုလ်ခြေတို့၏ ကျယ်လောင်သံများစွာကို ကြားခြင်းကိုလည်းကောင်း၊ ပစ်ခတ်ထိုးသတ်ခြင်းကို လည်းကောင်း ဤအားလုံးကို ကြံ့ကြံ့ခံနိုင်သည်၊ ထိုသူရဲကောင်းသည် စစ်ပွဲအောင်မြင်ပြီး စစ်မြေပြင် အားလုံကိုပင် လွှမ်းမိုးအုပ်စိုးထားနိုင်သည်၊ ဤကား ပဉ္စမ သူရဲကောင်းတည်း။
ဤအတူပင် -
အဆိုပါ သူရဲကောင်းများနှင့်တူသည့် ရဟန်း ၅-မျိုးတို့ ထင်ရှားရှိကြသည်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ မြူမုန့်ထုကိုသာ မြင်၍ တွန့်ဆုတ်သွားသည်၊ ပို၍လည်း တွန့်ဆုတ်ဖို့ရာ မတတ်နိုင်တော့၊ သိက္ခာပုဒ်လိုက်နာမူ အားပျော့ကြောင်း အသိပေးကာ သိက္ခာချပြီး လူဝတ်လဲသွားသည်။
ဤနေရာ၌ မြူမူန်ထု ဟူသည်မှာ -
ရဟန်းသည် “မည်သည့် ရွာ, နိဂုံးနေ မည်သည့် အမျိုးသမီးသည် အတော့်ကို လှသည်၊ ကြည့်လို့ကောင်းသည်၊ စိတ်ကို ဆွဲဆောင်နိုင်သည်၊ အဆင်းသဏ္ဌာန် အလွန့်အလွန် ပြည့်စုံသည်” ဟူသော သတင်းကြားရုံဖြင့်ပင် တွန့်ဆုတ်သွားသည်၊ ရဟန်းဘ၀မျာ ဆက်လက် မရပ်တည်နိုင်တော့၊ ဤသည့် အမျိုးသမီးသည် ရဟန်းအတွက် မြူမူန်ထုပင်တည်း။
အမျိုးသမီးသတင်းကြားရရုံမျှဖြင့် တွန့်ဆုတ်သွားသော ရဟန်းကို “မြူမူန်ထုမြင်ရရုံဖြင့် တွန့်ဆုတ်သွားသော ပထမ သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။
၂။ မြူမူန်ထုကို မြင်ရသော်လည်း ကြံ့ကြံ့ခံနိုင်သေးသည်၊ သို့သော် ရန်သူ့တပ် အလံဖျားကို မြင်ရသောအခါ တွန့်ဆုတ်သွားသည်၊ ရဟန်းဘ၀မှာ ဆက်လက် မရပ်တည်နိုင်တော့။
ဤနေရာ၌ အလံဖျား ဟူသည်မှာ -
ရဟန်းသည် သတင်းကြားရခြင်းမဟုတ်ဘဲ အမျိုးသမီးကို ကိုယ်တိုင် တွေ့မြင်ရသည်၊ တွေ့မြင်ရ၍ တွန့်ဆုတ်သွားသည်၊ ရဟန်းဘ၀မှာ ဆက်လက် မရပ်တည်နိုင်တော့၊ ဤသည့် ကိုယ်တိုင်တွေ့မြင်အပ်သော အမျိုးသမီးအားရုံသည် အလံဖျားပင်တည်း။
ကိုယ်တိုင်တွေ့မြင်ရသောအခါ တွန့်ဆုတ်သွားသော ရဟန်းကို “အလံဖျားကို မြင်သောအခါ တွန့်ဆုတ် သွားသော ဒုတိယ သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။
၃။ မြူမူန့်ထုမြင်ရခြင်း, အလံဖျားမြင်ရခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း ကျယ်လောင်သံများစွာကို ကြားရသောအခါ တွန့်ဆုတ်သွားသည်။ ရဟန်းဘ၀မှာ ဆက်လက် မရပ်တည်နိုင်တော့။
ဤနေရာ၌ ကျယ်လောင်သံများစွာ ဟူသည်မှာ -
တောသို့ ဖြစ်စေ, သစ်ပင်ရင်းသို့ ဖြစ်စေ, ဆိတ်ငြိမ်ရာအရပ်သို့ ဖြစ်စေ ကပ်ရောက်နေသူ ရဟန်းထံ အမျိုးသမီးချဉ်းကပ်လာပြီး ပြုံးလည်း ပြုံးပြသည်၊ မြှောက်ပင့်၍လည်း ပြောဆိုသည်၊ အသံထွက်အောင် ရယ်မောသည်၊ ပြောင်လည်း ပြောင်ပြသည်။ ထိုအခါ ရဟန်းသည် တွန့်ဆုတ်သွားသည်၊ ရဟန်းဘ၀မှာ ဆက်လက် မရပ်တည်နိုင်တော့၊ ဤသည့် ပြုံးခြင်းစသော အမျိုးသမီးအမူအရာသည် ကျယ်လောင်သံများစွာပင်တည်း။
ပြုံးပြခြင်းစသည်ကို ကြ့ကြံ့မခံနိုင်သော ရဟန်းကို “ကျယ်လောင်သံ များစွာကို ကြံ့ကြံ့မခံနိုင်သော တတိယ သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။
၎။ ရဟန်းသည် မြူမူန့်ထုနှင့် အလံဖျားကို မြင်ရခြင်း, ကျယ်လောင်သံများစွာကို ကြားရခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း တကယ် ရင်ဆိုင်တိုက်ခိုက်သောအခါ အင်အားကုန်သွားသည်၊ တပ်ပျက်သွားသည်။
ဤနေရာ၌ တကယ် ရင်ဆိုင်တိုက်ခိုက်ခံရခြင်း ဟူသည်မှာ -
တောသို့ ဖြစ်စေ, သစ်ပင်ရင်းသို့ ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ ဖြစ်စေ ကပ်ရောက်နေသော ရဟန်းထံ အမျိုးသမီး ချဉ်းကပ်လာပြီး အနီးကပ်ထိုင်သည်၊ အိပ်သည်၊ ဖိထားသည်၊ ထိုအခါ ရဟန်းသည် သိက္ခာပုဒ် လိုက်နာမူ အားပျော့ကြောင်း အသိမပေး သိက္ခာမချဘဲ မေထှန်မှီဝဲလိုက်သည်၊ ဤသည့် ပူးပူးကပ်ကပ်ထိုင်ခြင်းစသော အမျိုးသမီးအတွေ့အထိ သည် တကယ် ရင်ဆိုင်တိုက်ခိုက်ခံရခြင်း ပင်တည်း။
အမျိုးသမီးနှင့် နီးနီးကပ်ကပ် ထိုင်ရခြင်း, အိပ်ရခြင်း, အဖိခံရခြင်း တို့ကို ကြံ့ကြံ့မခံနိုင်သော ရဟန်းကို “တကယ် ရင်ဆိုင်တိုက်ခိုက်သောအခါ ကြံ့ကြံ့မခံနိုင်ဘံ တပ်ပျက်သွားသော စတုတ္တ သူရဲကောင်းနှင့်တူသည်” ဟု ဆိုရမည်။
၅။ ရဟန်းသည် မြူမူန်ထုနှင့် အလ့ဖျား မြင်ရခြင်း, ကျယ်လောင်သံများစွာကို ကြားရခြင်း, တကယ်ရင်ဆိုင် တိုက်ခိုက်ခံရခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ရုံမက စစ်ပွဲအောင်နိုင်ပြီး ထိုစစ်မြေပြင်အားလုံးကိုပင် လွှမ်းမိုးအုပ်စိုးထားနိုင်သည်။
ဤနေရာ၌ စစ်ပွဲအောင်နိုင်ခြင်း ဟူသည်မှာ -
ရဟန်းသည် အမျိုးသမီးနှင့် နီးနီးကပ်ကပ် ထိုင်ရခြင်း, အိပ်ရခြင်း, အဖိခံရခြင်းတို့ကို လွတ်အောင် ရုန်းထွက်၍ တော၊ သစ်ပင်ရင်း၊ တောင်း, ချောက်, တောင်ခေါင်း, သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်ရာ ကျောင်း အိပ်ရာနေရာကို မှီဝဲသည်။
ထိုရဟန်းသည် တော, သစ်ပင်ရင်း, ဆိတ်ငြိမ်ရာ တစ်ခုခုသို့ ချဉ်းကပ်ပြီး -
၁။ ထက်ဝယ်ဖွဲ့ခွေကာ,
၂။ အထက်ပိုင်း ကိုယ်ကိုလည်း ဖြောင့်မတ်စွာ ထားပြီး,
၃။ ကမ္မဋ္ဌာန်းသို့ ရှေးရူ သတိကို ဖြစ်စေလျက် ထိုင်နေသည်။
ဤ ဥပါဒါနက္ခန္ဓာ ၅-ပါးဟူသော လောက၌ -
၁။ အဘိဇ္ဈာ(မက်မောခြင်း) ကို ပယ်၍ အဘိဇ္ဈာကင်းသော စိတ်ဖြင့် နေသည်၊ အဘိဇ္ဈာမှ စိတ်ကို စင်ကြယ်အောင် ပြုသည်။
၂။ ဗျာပါဒ(ပျက်စီးစေလိုခြင်း)ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ဖြင့် သတ္တ၀ါအားလုံးတို့၏ အစီးအပွါးကို လိုလားလျက် နေသည်။ ဗျာပါဒမှ စိတ်ကို စင်ကြယ်အောင် ပြုသည်။
၃။ ထိနမိဒ္ဓ(လေးလံ ထိုင်းမိုင်းခြင်း) ကို ပယ်၍ ထိနမိဒ္ဓမှ ကင်းသည် ဖြစ်၍ သတိ, ပညာလက်ကိုင်ထားကား အလင်းရောင်ကို အာရုံယူ၍ နေသည်၊ ထိနမိဒ္ဓမှ စိတ်ကို စင်ကြယ်အောင် ပြုသည်။
၎။ ဥဒ္ဓစ္စ(ပျံ့လွင့်ခြင်း) , ကုက္ကုစ္စ(နောင်တ ပူပန်ခြင်း) ကို ပယ်၍ မိမိ သန္တာန်ဝယ် စိတ် ငြိမ်းအေးအောင် မပျံ့မလွင့် နေသည်၊ ဥဒ္ဓစ္စ, ကုက္ကုစ္စမှ စိတ်ကို စင်ကြယ်အောင် ပြုသည်။
၅။ ၀ိစိကိစ္ဆာ(ယုံမှားခြင်း)ကို ပယ်၍ ၀ိစိကိစ္ဆာကို လွန်မြောက်၍ ကုသိုလ်တရားတို့၌ သံသယကင်းလျက်နေသည်၊ ၀ိစိကိစ္ဆာမှ စိတ်ကို စင်ကြယ်အောင် ပြုသည်။
ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းလည်းဖြစ်, ပညာအားနည်းခြင်းကိုလည်း ပြုတတ်သည့် ဤ နီဝရဏ(အပိတ်အပင်) တရား ၅-ပါးတို့ကို ပယ်စွန့်၍ ကာမဂုဏ်တရားတို့မှ ဆိတ်၍သာလျှင် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တို့သို့ အဆင့်ဆင့် ရောက်၍ နေသည်။ (ဤဈာန်များသို့ ရောက်ပုံ-ဗလ၀ဂ်၊ ၀ိတ္တတသုတ်၊ သမာဓိဗလ၌ လာသည့်အတိုင်း သိလေ)
ဤသို့ ဈာန်သမာဓိဖြင့် တည်ကြည်သည့်စိတ် -
ဖြူစင်, သန့်ရှင်း, ညစ်ကြေးကင်းပြီး, နူးညံ့, သင့်လျော်, တည်တံ့, ခိုင်မာလာသော အခါ ထိုရဟန်းသန္တာန်မှာ အာသ၀က္ခယ(အာသဝေါတရားတို့ကို ကုန်စေတတ်သော) ဉာဏ်ဖြစ်ပေါ်လာသည်။
အာသ၀က္ခယဉာဏ်ဖြစ်ပေါ်ပုံမှာ -
၁။ “ဤကား ဆင်းရဲ” ဟု လည်းကောင်း၊
၂။ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်း” ဟု လည်းကောင်း၊
၃။ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်” ဟု လည်းကောင်း၊
၎။ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်” ဟုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသည်။
ထို့ပြင် -
၁။ “ဤသည်တို့ကား အာသဝေါတရားတို့” ဟု လည်းကောင်း၊
၂။ “ဤကား အာသဝေါတို့ဖြစ်ကြောင်း” ဟု လည်းကောင်း၊
၃။ “ဤကား အာသဝေါတို့ ချုပ်ရာ နိဗ္ဗာန်” ဟု လည်းကောင်း၊
၎။ “ဤကား အာသဝေါချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်” ဟု လည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသည်။
ဤသို့ သိမြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသ၀မှလည်း လွတ်မြောက်သွားသည်၊ သ၀ါသ၀မှလည်း လွတ်မြောက်သွားသည်၊ အ၀ိဇ္ဇာသ၀မှလည်း လွတ်မြောက်သွားသည်၊ လွတ်မြောက်ပြီးသောအခါ “ လွတ်မြောက်လေပြီ” ဟု အသိဉာဏ် ဖြစ်ပေါ်လာသည်။
၎င်းပြင် “ငါ့မှာ ပဋိသန္ဓေနေမူလည်း ကုန်ပြီ၊ မြတ်သောအကျင့်ကိုလည်း ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုလည်း ပြုပြီးပြီ၊ မဂ်အတွက် နောက်ထပ်လုပ်စရာလည်း မရှိတော့ပြီ”ဟု ကိုယ်တိုင် သိသွားသည်။
ဤသည် အမျိုးသမီးအတွေ့အထိမှ လွတ်အောင် ရုန်းထွက်၍ ကျင့်ကြံပြီး ရဟန္တာဖြစ်လာခြင်းသည် စစ်ပွဲအောင်နိုင်ခြင်း ပင်တည်း။
ဤသို့ အမျိုးသမီးနှင့် နီးနီးကပ်ကပ် ထိုင်ရခြင်း, အိပ်ရခြင်း, အဖိခံရခြင်းတို့ကို လွတ်အောင် ရုန်းထွက်၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်အောင် ကျင့်နိုင်သော ရန်းကို “မြူမူန်ထုနှင့် အလံဖျားကို မြင်ရခြင်း ကျယ်လောင်သံများစွာကို ကြားရခြင်းတို့ကိုလည်း ကြံ့ကြံ့ခံနိုင်, စစ်ပွဲကို အောင်မြင်အောင်လည်း တိုက်ခိုက်နိုင်သော ပဉ္စမ သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။
ဆောင် - မြူမူန်ကို၊ အလံမြင် နင့်၊ ထို့ပြင် သံကြား၊ တွန့်ဆုတ်သွာသူ၊ တိုက်မူ ကျရူံး၊ ထိုအားလုံးအောင်၊ ရဲခေါင် လူစွမ်းကောင်း၊ ငါးမျိုးပေါင်း၊ မှတ်ကြောင်း သူရဲကောင်း။
သူရဲကောင်းများ၊ အလားတူစွာ၊ ရဟန်းမှာလည်း၊ ငါးမျိုးကွဲ၊ မလွဲ မှတ်စေကြောင်း။
ပဉ္စမသုတ် ပြီး၏။
Saturday 5 March 2011
၅။ ပထမ ယောဓာဇီဝသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment