ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 March 2011

တော်သလင်းလနှင့် လှေပြိုင်ပွဲတော်



“တော်သလင်းလ ခေါ်မြဲ၊ ဓာတ်စွဲ ပထ၀ီ၊ ကန်ဆိုသည့် ရာသီမှာ၊ ဥတ္တရီ ဘဒြပိုဒ်၊ အဒြညမကွာ၊ တာရာမှာ ပြိုင်ငဲ့အကြိုက်၊ ရွှေယင်းမာ သွယ်ပိုက်လည်း၊ သွန်းအလိုက် စီစီ၊ ပွင့်ဝတ်က စီရရီ၊ တူတညီ မယွင်း၊ ရေသဘင် ခါတော်ကို၊ လှေလှော်ကာ တက်ရေးလှခင်း။ (အမည်မသိ ရှေးစာဆို)

တော်သလင်းလသည် မြန်မာနိုင်ငံ၏ ပထ၀ီဝင် ရာသီဥတုအရ လိုင်းလေ ငြိမ်သက်ချိန် ဖြစ်သည်။ တော်သလင်း မြစ်တွင်း သင်ဖြူးခင်းဆိုသည်နှင့်အညီ မြစ်ချောင်းရေပြင် တည်ငြိမ် ပြန့်ပြူး နေတတ်သည် တစ်ခါတစ်ရံ ရေနှောင်း ကြီးတတ်သည်။ ကိုင်းပင်များလည်း ပွင့်ချိန် ဖြစ်သဖြင့် တော်သလင်း ကိုင်းဖွေးဖွေး ရေဖွေးဖွေးဟု သတ်မှတ်ကြသည်။

တော်သလင်းလကို မြန်မာမူအရ ကန်ရာသီ ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ပြုဗ္ဗာဘဒြပိုက် နက္ခတ်ဖြစ်သည်။ ယှဉ်သော တာရာမှာ ဗျိုင်းတာရာ ဖြစ်၍ ရာသီရုပ်မှာ သမီးကညာရုပ် ဖြစ်သည်။ ရာသီပွဲတော်ကား လှေပြိုင်ပွဲတော် ဖြစ်ခဲ့သည်။

တော်သလင်းလတွင် ရှေးပဒေသရာဇ်ခေတ်သုံး မြန်မာနာရီ နေ့ ၃၂-နာရီ ရှိကာ ညဉ့် ၂၈-နာရီ ရှိ၍ နေ့တာရှည်သောလ ဖြစ်သည်။ ရှေးမြန်မာများ စံတော်ချိန် သတ်မှတ်ချက်အရ နေမွန်းတည့် ၂-ဖ၀ါး ရှိသောလ ဖြစ်သည်။

လူ့သမိုင်း စတင်၍ ယဉ်ကျေးမူ ထွန်းကားလာချိန်မှ စ၍ လှေယာဉ်၊ လှည်းယာဉ်တို့သည် ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့သည်။ မြစ်ချောင်း အင်းအိုင်တို့ကို ဖြတ်ကျော် စုန်ဆင်း၍ ခရီးသွားခြင်း၊ ကုန်စည် ပို့ဆောင်ခြင်း ပြုကြရာဝယ် လှေယာဉ်ကို အသုံးပြုကြသည်။ မြစ်ချောင်း အငိးုင် ပေါများသော မြန်မာနိုင်ငံတွင် လူ့အဖွဲ့အစည်းအတွက် လှေယာဉ်သည် မရှိမဖြစ်သော ယာဉ်တစ်မျိုး ဖြစ်သည်။

မျက်မှောတ်ခေတ်ကမ္ဘာသည် သိပ္ပံနှင့် စက်မူပညာရပ်များ အံ့မခန်း တိုးတက်နေ၍ အသံထက်မြန်သော လေယာဉ်များ၊ ကျည်ဆန်ရထားများ၊ ခေတ်မီ ကုန်တင်ကားကြီးများ ထွန်းကားပေါ်ပေါက် အသုံးပြုလျက် ရှိသော်လည်း နေရာတကာတွင် အသုံးပြုနိုင်ခြင်း မရှိသည့်အတွက် လှေဖောင်ယာဉ်များကို အသုံးပြုနေရဆဲ ဖြစ်သည်။

လှေသည် လိုရာခရီးသို့ ရောက်နိုင်၍ လှော်ခတ်သူအား ကျန်းမာ ကြံ့ခိုင်စေသည်။ ဇွဲသတ္တိအားမာန်ကိုလည်း ရှင်သန် ထက်မြက်စေသည်။ စုပေါင်း လုပ်ဆောင်တတ်သော အလေ့အကျင့်ကို ဖြစ်စေ၍ စည်းလုံးညီညွတ်မူကိုလည်း ဖြစ်စေသည်။ တစ်ကိုယ်ကောင်း ဆန်သော စိတ်ထားကင်းဝေးစေ၍ ဖေးမ ကူညီတတ်ခြင်းတို့ကို ဖြစ်စေသည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်ဆီတွင် မြန်မာဘုရင် ရေတပ်မတော်သည် လှေဖောင်ယာဉ်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ နယ်ချဲ့တို့ကို တွန်းလှန်မောင်းထုတ်ရာတွင် လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးအတွက် လည်းကောင်း လှေတပ်ကို သုံးခဲ့သည်။

လှေယာဉ်သည် မြန်မာ့လူ့အဖွဲ့အစည်းတွက် စကားပုံ ဆိုရိုးစကားများကိုလည်း ပေးလျက်ရှိသည်။ ထိုစကားပုံ ဆိုထုံးများက လူသားတို့အား သတိပြုဖွယ်ရာ၊ နိုင်းချိန် နိုင်းဆဖွယ်ရာ ဖြစ်စေသည် သာမက ဇွဲသတ္တိ အားမာန်ကိုလည်း ဖြစ်စေသည်။

(၁) လှေခွက်ချည်းကျန် အလံမလှဲ၊

(၂) တက်ညီ တက်ညီ၊

(၃) လိုင်းကြီး လှေအောက်၊

(၄) မရဲဘဲနဲ့ လှေကွဲကြီးကိုစီး၊

(၅) လှေအဆင်း မြင်းအတက်၊

(၆) လှေနံနှစ်ဘက် နင်းသူ၊

(၇) ငါ့လှေ ငါထိုး ပဲခူး ရောက်ရောက်၊

(၈) ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား၊

(၉) ပိန်းကောမ ဦးထောင် ကျောက်ဆောင်နဲ့ တိုက်မိမယ်၊

(၁၀) ခပ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်၊

(၁၁) ပဲ့နင်းတော့ ဦးကထောင်၊ ဦးနင်းတော့ ပဲ့က ထောင်၊

(၁၂) လှေနံ ဓားထစ်၊

(၁၃) ရေစုံမှာ လှေကြုံစီးသူ စသည်တို့ ဖြစ်ကြပါသည်။

လှေဖောင်တို့ကို ဘုရင်မင်းမြတ်မှသည် တောင်သူလယ်သမား၊ တံငါသည် ဇနီမောင်နှံအထိ အသုံးပြုခဲ့ကြသည်။ လှေယဉ်ကျေးမူသည် မြန်မာလူမူနယ်ပယ်ကို လွှမ်းမိုးထားပြီး ကဗျာစာပေ လာကသို့ပင် ၀င်ရောက်ခဲ့သည်။

(က) သည်လယ်နှင့် သည်လေ၊ များပေရဲ့လေ။ လောင်းယူခဲ့ဟေ၊ လှေယူခဲ့ဟေ၊ စိန်ပင်ဖူးကို ကူစို့ရဲ့လေး။

(ခ) လှေဦးမှာ ဖူးစောင်ပုံ၊ စုံမည့်ရက်ရွေး။ စုန်ရော့ကွယ်၊ ပျော့ဖြူဝင်းနှင့်၊ လွမ်းခိုက်မို့လေး။

(ဂ) လှေဦးလန် ရွက်စုံမော့နဲ့၊ စုန်ရော့ကွဲ့လေး။ စုန်ရော့ကွယ် မဆိုထိုက်တယ်၊ လွမ်းခိုက်မို့လေး။ စသည်တို့ ဖြစ်ပါသည်။

လှေနှင့် ပတ်သက်၍ တက်ရေး သုံးဆယ့်ခုနှစ်ချင်း ရှိခဲ့သည်။ ထိုတက်ချင်းများကို သင်ကြားတတ်မြောက်ပြီးမှသာ လှော်ကားပေါ်သို့ တက်ရောက် လှော်ခတ်ကြရသည်ဟု သိရပါသည်။

(၁) ဘုရားရှိခိုး၊ (၂) ရွှေလောင်းချီ၊ (၃) ရွှေလောင်းထွက်၊ (၄) ရွှေဖောင်ယာဉ်၊ (၅) တက်ကောက်၊ (၆) တက်မြှောက်၊ (၇) တက်တန်း၊ (၈) တက်စောင့်၊ (၉) တက်ထောင်၊ (၁၀) တက်ယှက်၊ (၁၁) တက်ဝှက်၊ (၁၂) တက်ခတ်၊ (၁၃) တက်လှ၊ (၁၄) အိမ်မိုး ခြင်တင်၊ (၁၅) စင်ရော်သုတ်၊ (၁၆) စင်ရော်ဝဲ၊ (၁၇) ၀မ်းဘဲတောင်ဖြန့်၊ (၁၈) ၀မ်းဘဲကန်၊ (၁၉) လက်မြန်၊ (၂၀) ခေါ်တော်မူ၊ (၂၁) နတ်သမီး ပန်းခိုး၊ (၂၂) နတ်သမီး ပန်းဆွတ်၊ (၂၃) နတ်သမီး ပန်းလှမ်း၊ (၂၄) နတ်သမီး ပန်းတောင်း၊ (၂၅) ဆေးတော်ကိုး၊ (၂၆) သန်လျက်ကမ်း၊ (၂၇) ရာဇမတ်ကြီး (၂၈) ရာဇမတ်ငယ်၊ (၂၉) နေရောင်ကာ၊ (၃၀) နေရောင်ပြ၊ (၃၁) တင်းတိမ်ယံ၊ (၃၂) တင်းတိမ်လှဏ်၊ (၃၃) သံးချက်ဖော်မြန်၊ (၃၄) စံပယ်ငုံ၊ (၃၅) ဆင်စွယ်ဝန်းယှက်၊ (၃၆) ကိန္နရာတောင်ယှက်၊ (၃၇) ရွှေငှက်တောင်ခေတ်တို့ ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် ဘကြီးတ်ေမင်းတရားလက်ထက် အင်းဝရွှေမြို့တော်သို့ တရုတ်ပြည်မှ ရမ်းတာလောရဲ ဦးဆောင်သော အဖွဲ့ဝင် ၅-ဦး ပါဝင်သည့် တရုတ်ချစ်ကြည်ရေးသံအဖွဲ့ ရောက်ရှိခဲ့သည်။

တရုတ်ချစ်ကြည်ရေး သံအဖွဲ့ရောက်ရှိ၍ တရုတ်-မြန်မာချစ်ကြည်ရေး အုတ်မြစ်ခိုင်ခိုင်မာမာ ချခြင်းကို စာဆိုတော် ဒုတိယ န၀ဒေက ပြည့်ပြည့်စုံစုံပင် တရုတ်သံရောက်မော်ကွန်း အဖြစ် ရေးသား၍ မှတ်တမ်းတင်ခဲ့ပါသည်။

တရုတ်ချစ်ကြည်ရေး သံအဖွဲ့အား ကြိုဆိုဧည့်ခံ ဖျော်ဖြေရာတွင် ရေသဘင်ပွဲတော် လှေပြိုင်ပွဲတော်လည်း ပါဝင်ခဲ့သည်။ မင်းပွဲ စိုးပွဲ တော်ဝင်ပွဲတွင် ပါဝင်ခဲ့သော ရေသဘင်ပွဲတော်ကို တရုတ် သံရောက် မော်ကွန်းတင် ထည့်သွင်း ရေးသားခဲ့သည်။

“ဣကင်းလှလှ၊ သာရကနှင့်၊ သာရဗိမာန်၊ လက်မြန် လက်ကျော် ကမတော်ု လှေတော်ပျံသန်း ကြော့ကြော့လန်သည်။ ရေပန်းဖြာလျှံ လွင့်ကြံတည်း” (ပိုဒ်ရေ- ၁၂)မှ။

“ဂန္ဓရာဇ်သံ၊ အူစံလျှိုစံ၊ ဟိုကွခေါ်မြဲ၊ လောရဲမည်ဟူ တရုတ်သူတို့ ရှူရှူပြေးဂူး၊ အံသြမူလျက်၊ ပြိုက်နူးညွတ်ရှိမ်း ဖန်ရာကြိမ်းသည်။ တိမ်၏တောင်သို့ တစ်ပဲတည်း” (ပိုဒ်ရေ -၂၂)မှ။

မြန်မာသက္ကရာဇ် ၁၂၃၃-ခုနှစ်၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀-ကျော် မင်းတုန်းမင်းကြီး လက်ထက်တော် အခါက လှေပြိုင်ပွဲသဘင် ကျင်းပမည့် သတင်းကို ခရစ်နှစ် ၁၈၇၁-ခုနှစ်၊ စက်တင်ဘာလ ၂၂-ရက်ကွက် “မြန်မာဂဇက် သတင်းစာ” တွင် အများပြည်သူ သိစေရန ရေးသားခဲ့ ပါသည်။

“မန္တလေးမြို့တော်ကြီးမှ ရွှေနန်းရှင် ဘုရားသည် ရွှေနန်းတော်မှ အနောက်သို့ အင်္ဂလိပ် ၃-တိုင် (မိုင်)ခန့်ကွာသော ဧရာဝတီ မြစ်နား သရက်မော်ဆိပ်တါင် အလွန်သာယာသော မင်္ဂလာရှိသည့် မြေအရပ်မှာ စံနန်းတော်ကြီး၊ လွှတ်တော်ရုံးတော်၊ အိမ်တော်တဲတန်း၊ တင်းကုပ် အစရှိသည်များကို အကြီးအကျယ် ဆောက်လုပ်တော်မူ၍ မင်းမိဖုရား၊ သားတော်၊ ညီတော်၊ ဗိုလ်ထု ပရိသတ်တို့နှင့် တကွ ထွက်စံတော်မူပြီးလျှင် ရေထဲမှာ လှေချင်း အသွားအလာ အရူံးအနိုင်ကို ပြိုင်ရသော လှေပွဲသဘင် ဆင်ယင်တော်မူသည်။

ထို ရေသဘင် ပွဲတော်ကြီးသို့လည်း အဝေးတိုင်း နိုင်ငံက လာရောက်ကြသော သိုးဆောင်း လူမျိုး(ဥရောပ တိုက်သား) တရုတ်၊ ကုလား အစရှိသော ကုန်သည်တို့ လိုက်၍ ကြည့်ရူကြရလိမ့်မည်။ ပွဲကြည့်လာသော အဝေးနိုင်ငံသားတို့ကို အစိုး မင်းများက ဖွယ်ရာ ယဉ်ကျေးသော နေခင်းနေရာ၌ ချထား၍ ကောင်းမွန်လှသော စားမျိုး သောက်မျိုးတို့ဖြင့် ကျွေးမွေး ပြုစုတော် မူကြလိမ့်မည်ဟု ကြားသိရသည်” ဟု ရေးသားခဲ့ပါသည်။

မြန်မာ့သမိုင်း၏ ကိုလိုနီခေတ်ဦးတွင် မြန်မာနိုင်ငံ၌ ဆာဂျေဂျောစကော့ ဆိုသူသည် အုပ်ချုပ်ရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ စကော့သည် ၁၈၈၂-ခုနှစ်တွင် ကလောင်အမည် “ရွှေရိုး” ဖြင့် “မြန်မာလူနေမူ ဘ၀နှင့် မှတ်သားဖွယ်ရာများ” စာအုပ် ရေးသားထုတ်ဝခဲ့ပါသည်။

ထိုစာအုပ်တွင် မြန်မာ့ လူမူ စီးပွားရေး၊ ယဉ်ကျေးမူနှင့် လူမူရေး အတော်အတန် အပြည့်အစုံ ပါဝင်သည်။ မြန်မာရိုးရာ ရာသီပွဲတော် အချို့ ပါဝင်ရာတွင် လှေပြိုင်ပွဲတော်လည်း ပါဝင်ပါသည်။

မြန်အောင်မြို့တွင် သုံးခွမြို့မှ သုံးပန်လှ လှေနှင့် မြန်အောင်မှ ဒေါင်းစက်ပျံ လှေတို့ ယှဉ်ပြိုင် လှော်ခတ်ကြရာ ဒေါင်းစက်ပျံလှေက အောင်နိုင်ခဲ့သည်။ ပွဲကြည့် ပရိသတ်သည် ကမ်းလုံးညွှတ်မျှ လာရောက် ကြည့်ရူ အားပေးကြသည်။ မြန်အောင်မှ ဒေါင်းစက်ပျံလှေက နိုင်သဖြင့် မြန်အောင် မြို့သူမြို့သားတို့သည် ပျော်ပွဲ ရွှင်ပဲါများ ကျင်းပကြ၍ ဂုဏ်ပြုကြသည်ဟု ရေးသားခဲ့သည်။

မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်၍ ကိုလိုနီ နယ်မြေ သိမ်းပိုက်ခဲ့သော ပေါ်တူဂီ လူမျိုး ငဇင်ကာခေါ် ဖိလစ်ဒိဘရစ်တို့အား တိုက်ခိုက်ချေမူန်း သုတ်သင်ရာတွင် မြန်မာဘုရင် တပ်မတော်သည် လှေတပ်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ခရစ်နှစ် ၁၆၀၀-ပြည့်နှစ်တွင် သန်လျင်မြို့သည် ပေါ်တူဂီတို့၏ ကိုလိုနီအဖြစ် ကျရောက်ခဲ့သည်။ ရခိုင်ဘုရင် မင်းရာဇာနှင့် တောင်ငူဘုရင် မင်းရဲသီဟသူတို့ ပူးပေါင်းတိုက်ခိုက်သော်လည်း ပေါ်တူဂီတို့က ခေတ်မီ လက်နက် သာလွန်သဖြင့် အောင်နိုင်ခြင်း မရှိခဲ့။

ထိုသတင်းကို ကြားသိရသော အင်းဝဘုရင် မဟာ ဓမ္မရာဇာသည် လူသူ လက်နက် စုဆောင်းပြီး၊ လှေကြီးများ တစ်ဆင့် ခတ်လှေ၊ နှစ်ဆင့် ခတ်လှေ၊ ငှက်လှေ၊ မြို့တက်လှေခါး စသည်တိုပကို စုဆောင်းခြင်းပြုသည်။ ခရစ်နှစ် ၁၆၁၂-ခုနှစ်တွင် သန်လျင်သို့ လာရောက် တိုက်ခိုက်ရာ အောင်နိုင်ခဲ့သည်။

ရှေးခေတ်အခါက မြန်မာ့လှေခေတ်သည် အရေးပါ အရာရောက် လှသည်ကို တွေ့ရှိရသည်။ သို့အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမူ တစ်ရပ်ဖြစ်သော လှေပြိုင်ပွဲ၊ ရေသဘင် ပွဲတော်များကို ဆက်လက် ကျင်းပကြရမည် ဖြစ်ပေသည်။


သာရဝေါစိုးကြည်

No comments:

Post a Comment