ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 9 March 2011

ဝါဆိုလနှင့် ပဉ္စင်းခံရှင်ပြုပွဲတော်



“စိန်ရွှေမွမ်းမံ ကညာပျိုအလှငယ်တို့ အိမ်ခြေ၀န်းရံ ရာဇဂြိုဟ်တမျှကဲ့သို့၊ ၀ါဆိုလထုံးမပျက်စမ်းသာပ၊ ပုန်းညက်ပန်းဘုရား လှူချိန်မို့ နှစ်ပါးအတူ စင်္ကြံတွဲပါလို့၊ ပန်းဖွားအဖြူ၊ ပယင်းတစ်ဖန်ဆွဲတဲ့၊ ပဉ္စင်းခံပွဲ၊ သိမ်ရွှေကမ္မ၀ါနှင့် တိံဗ္ဗေ၀ဠာ၊ အထက်ဗြဟ္မာသိကြားငယ်တို့၊ စိန္တေယျာ မြွက်ကာကြားစဉ်က၊ ဓမ္မစကြာတရား ဗုဒ္ဓါဖြန့်ခဲ့၍၊ ပြုဗ္ဗာသဠ်အခြေကောင်းပါဘိ၊ နေမစောင်းတစောင်း မြန်မာပြန် အ၀န်းက၊ အသရေကောင်းသည့် ဗြဟ္မာပြည်ညွှန်း၍၊ ဂဏာစည်ရွှမ်းသံထင့် နာခံစမ်း။ (အမည်မသိ ရှေးစာဆိုတစ်ဦး၏ ၀ါဆိုလဖွဲ့၊ လေပြေ)။

ဝါဆိုလသည် မုတ်သုံလေတသုန်သုန်တိုက်ခတ်၍ မုတ်သုံမိုးဖြိုင်ဖြိုင် ရွာသွန်းသောလလည်း ဖြစ်သည်။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည်နှင့်အညီ မြစ်ချောင်း၊ အင်းအိုင်များ ရေပြည့်လျှံသောလ ဖြစ်သည်။ ရှစ်ခွင်တိုင်း အုံ့မိုင်းနေချိန်၊ တောင်သူလယ်သမားတို့ ထွန်ရေးငင်ချိန် စိုက်ပျိုးချိန် ဖြစ်သည်။

ဝါဆိုလကို မြန်မာမူအရ ကရကဋ်ရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ၊ ပြုဗ္ဗာသဠ်နက္ခတ် ဖြစ်သည်။ ယှဉ်သောတာရာမှာ ဗျိုင်းတာရာဖြစ်၍ ရာသီရုပ်မှာ ပုစွန်လုံးရုပ် ဖြစ်သည်။ ရာသီပန်းကား ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲတော်ကား ပဉ္စင်းခံရှင်ပြုပွဲတော် ဖြစ်ခဲ့သည်။

ဝါဆိုလတွင် ရှေးပဒေသရာဇ်ခေတ်သုံး မြန်မာနာရီနေ့ ၃၆-နာရီ ရှိကာ ညဉ့် ၂၄-နာရီရှိသဖြင့် နေ့တာရှည်၍ ညဉ့်တာတိုသော လဖြစ်သည်။ ရှေးခေတ်မြန်မာများ စံတော်ချိန် သတ်မှတ်ချက်အရ နေမွန်းတည့် ၇-ဖ၀ါးရှိသောလ ဖြစ်သည်။

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက် ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသည်နှင့်အညီ ဗုဒ္ဓသာသနာတော်သမိုင်းတွင် ထူးခြားသော မှတ်တမ်းဖြစ်ရပ်ကြီး ၄-ခု ရှိခဲ့သည်။ ၎င်းဖြစ်ရပ်များသည် ၀ါဆိုလပြည့်နေ့များတွင်သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ ဥတ္တရာသာဠ်နက္ခတ်နှင့် လနက္ခတ် ယှဉ်စံသော သန်ခေါင်ယံအချိန်တွင် သက္ကတိုင်း ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ ချစ်မငြီးသော ကြင်ယာတော် သီရိမဟာမာယာ မိဖုရားကြီး၏ ၀မ်းကြာတိုက်တွင် ဘုရားလောင်းတော်သည် သန္ဓေယူတော်မူခဲ့သည်။

ဘုရားလောင်း သိဒ္ဒတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရှင်ရဟန်း၊ နိမိတ်ကြီး ၄-ပါး မြင်တွေ့ပြီးသောအခါ သက်တော် ၂၉-နှစ်တွင် သက္ကရာဇ် ၉၇-ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ ညသန်ခေါင်ယံ ဥတ္တရာသာဠ် နက္ခတ်နှင့် စန်းမြတ်ယှဉ်သောအခိုက်၌ တောထွက်တော်မူသည်။

သဒ္ဓတ္ထ မင်းသားသည် ဘုရားအဖြစ်ကို ရောက်တော်မူပြီးနောက် သက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ ညဉ့်နေ၀င်စအချိန်တွင် ပဉ္စ၀ဂ္ဂီ ၅-ဦးဖြစ်သော ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိတို့အား ဓမ္မစကြာ တရားတော်ကို ဟောကြားခဲ့သည်။

သက္ကရာဇ် ၁၁၀-ပြည့်နှစ် ၀ါဆိုလပြည့်နေ့၌ မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ဖြူ ပင်ရင်းတွင် တတ္တိတစ်သင်းအား နှိမ်နင်းတော်မူရန် တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်း ပြသတော်မူခဲ့သည်။

ဗုဒ္ဓကိုယ်တော်မှ မီးလျှံအုန်သည် တရှိန်းရှိန်း တညီးညီး အလျှံတပြောင်ပြောင်နှင့် အထက်ဘ၀ဂ်သို့ ဖြာတက်တော်မူသည်။

ထို့နောက် တစ်ဖန်အထက်ကိုယ်တော်မှ ရေအလျဉ်ဖြာစီးတော်မူ၍ အောက်ကိုယ်တော်မှ မီးလျှံ ထွက်တော်မူပြန်သည်။

လက်ယာမျက်လုံးတော်မှ မီးလျှံထွက်သောအခါ လက်ဝဲမျက်လုံးတော်မှ ရေအလျဉ်ထွက်တော်မူသည်။ လက်ယာမျက်လုံးတော်မှ ရေအလျဉ်ထွက်သောအခါ လက်ဝဲမျက်လုံးတော်မှ မီးလျှံ ထွက်တော်မူသည်။

လက်ယာ နားတွင်းတော်မှ မီးလျှံထွက်သောအခါ လက်ဝဲနားတွင်းတော်မှ ရေအလျဉ်ထွက် တော်မူသည်။ လက်ယာနားတွင်းတော်မှ ရေအလျဉ်ထွက်သောအခါ လက်ဝဲနားတွင်းတော်မှ မီးလျှံထွက်တော်မူသည်။

ထိုနည်းတူစွာပင် လက်ယာဘက်နှာခေါင်းပေါက်၊ လက်ဝဲဘက်နှာခေါင်းပေါက်၊ လက်ယာဘက်ပခုံး၊ လက်ဝဲဘက်ပခုံး၊ လက်ယာဘက် လက်ရုံး၊ လက်ဝံဘက်လက်ရုံး၊ လက်ယာဘက် နံပါး၊ လက်ဝဲဘက် နံပါး၊ လက်ယာ ခြေတော်၊ လက်ဝဲ ခြေတော် စသည်တို့မှလည်း ရေအလျဉ်းနှင့် မီးလျှံ အပြန်အလှန်ထွက်တော်မူခဲ့သည်။

ထို့ပြင် ခန္ဓာကိုယ်တော်မှလည်း ရောင်ခြည်တော်ခြောက်သွယ်ဖြစ်သော အညိုရောင်၊ ရွှေရောင်၊ အနီရောင်၊ အဖြူရောင်၊ မှောင်းသော အရောင်၊ ပြိုးပြိုးပြက်သောအရောင်တော်များ ထွက်ပေါ်ခဲ့သည်။
(ဇိနတ္တပကာသနီကျမ်း)

ရှေးခေတ်အခါက ၀ါဆိုလတွင် ကျင်းပခဲ့သော ပွဲတော်သည် ပဉ္စင်းခံရှင်ပြုပွဲတော် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်တွင် သာသနာ့ဝန်ထမ်း ရဟန်းတော်များ စဉ်ဆက်မပြတ်ရှိစေရန်နှင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ထွန်းကားစေရန် ဖြစ်သည်။ ဘာသာယဉ်ကျေးမူကို တတ်သိနားလည်စေရန်အတွက် ပဉ္စင်းအဖြစ်၊ ရှင်သာမဏေအဖြစ် တစ်ဝါနှစ်ဝါစသည့် သာသနာတော်တွင် တည်ရှိစေရန်လည်း လိုအပ်၍ ဖြစ်သည်။

ပုဂံခေတ်တွင် ဗုဒ္ဓသာသနာ အရှိန်အဟုန်ဖြင့် ထွန်းကားနေပြီ ဖြစ်သည်။ သက္ကရာဇ် ၅၇၅-ခုနှစ်ခွဲ ပုဂံမြို့ သင်လျင်အိုကပ်သင် ကျောက်စာ၌ “သားပန်စင်းခံ၍ တရားဦးနာသရော၊ ကျွန်နွားဥစ္စာပေး၏” ဟူသော ကျောက်စာကို တွေ့ရှိရသဖြင့် ပုဂံခေတ်တွင် ပဉ္စခင်းခံရှင်ပြုပွဲတော် ကျင်းပနေပြီဟု ယူဆရပါသည်။

ကုန်းဘောင်ခေတ်ဦးတွင် ရေးသားခဲ့သော အင်ရုံရွာစားဝန်ကြီး သီရိဥဇနာ၏ လောကဗျူဟာကျမ်းတွင် ရှေးခေတ်မြန်မာဘုရင်များ ပဉ္စင်းခံရှင်ပြုပွဲကျင်းပခြင်းကို နောင်မျိုးဆက်သစ် လူငယ်များ သိရှိစေရန် ရေးသားခဲ့ပါသည်။

“သိမ်ကွဲ တော နေ ပဉ္စင်းလောင်း ရှင်လောင်းတို့ကို အမ အစ ခန့်သသူတို့က၊ ဆရာကျောင်းသို့ ဆောင်ယူ၍ အခါတော်တစ်ညီတည်း သိမ်ဝင်၍ ကမ္မ၀ါရဆောင်ရသည်။ ပထမ ပဉ္စင်းလောင်းတော်မှစ၍ ရှင်လောင်းတော်တိုင်း။ အခါတော်အတိုင်းတစ်ပါးစီ သိမ်ဝင်၍ ကမ္မ၀ါဆောင်ရသည်။

အတွင်းတော်က ကွမ်း လက်ဖက် လှူရန် တစ်ပွဲစီသိမ်ကအထွက်ကို လှူရသည်။ မင်းသား မင်းမြေး မှူးတော် မတ်တော်တို့လည်း ၀တ်ကောင်း၊ နားတောင်းနှင့် ရွှေစည်းခုံဘုရားရှင် ဇရပ်တွင် မှူးနေ၊ မတ်နေတဲ၌ တက်၍နေရာ စဉ်အတိုင်း နေ၍ သဘင်တော်ခံရသည်က စသည်ဖြင့် ရေးသား မှတ်တမ်းတင်ခဲ့သည်။

၁၈၈၅-ခုနှစ်တွင် မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်းနှင့် ရပ်တည်နေခဲ့ရာမှ ထီးသုဉ်း နန်းသုဉ်း အဖြစ် ရောက်ရှိပြီး ကိုလိုနီ ကျွန်သပေါက်ဘ၀ ရောက်ရှိခဲ့ရသည်။ ကိုလိုနီကျွန် ထမ်းပိုးအောက်ဝယ်မလူးသာ မလွန့်သာရောက်ရှိခဲ့ရသည့်အတွက် အစဉ်အလာကျင်းပခဲ့သော ၀ါဆိုလ ပဉ္စင်းခံ ရှင်ပြုပွဲတော်သည်လည်း ကွယ်ပျောက်ခဲ့ရသည်။

ဝါဆိုလတွင်ကျင်းပသော အခြားပွဲတော်တစ်ခုမှာ ရဟန်းတော်များနှင့် သက်ဆိုင်သော ၀ါဆိုဝါကပ်ပွဲ ဖြစ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့ရောက်သောအခါ ရဟန်းတော်များနှင့် သက်ဆိုင်သော ၀ါဆိုဝါကပ်ပွဲ ဖြစ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့ရောက်သောအခါ ကျောင်းရှိ သံဃာများသည် ကျောင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်း ပြုလုပ်ကြသည်။

ညနေပိုင်း၊ သို့မဟုတ် ညပိုင်းသို့ ရောက်ရှိသောအခါ ၀ါဆို ၀ါကပ်ခြင်း ပြုကြသည်။ “ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသံ ၀ဿ ဥပေမိ” (ဘုရားတပည့်တော်သည် ဤကျောင်း၌ ဤ၀ါတွင်း သုံးလပတ်လုံး ၀ါကပ် ပါ၏။ ၀ါဆိုပါ၏။) ဟု ၀ါဆိုဝါကပ်ခြင်းပြုကြသည်။

ဝါကပ်ခြင်းနှစ်မျိုးရှိပါသည်။ ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ၀ါကပ်ခြင်းကို ပုရိဝါကပ်ခြင်းခေါ်၍ ၃-လပြည့်မြောက်သော သီတင်းကျွတ် လပြည့်နေ့တွင် ၀ါကျွတ်သည်။

အကြောင်းမညီညွတ်၍ ၀ါခေါင် လပြည့်ကျော် ၁-ရက်နေ့တွင် ၀ါကပ်ခြင်းကို ပစ္ဆိမ၀ါကပ်ခြင်း ခေါ်၍ တန်ဆောင်မုန်း လပြည့်နေ့တွင် ၀ါကျွတ်ပါသည်။

ရှေးခေတ်အခါက မင်းနေပြည်တော်များသည် အထက်အညာဒေသများတွင် တည်ရှိခဲ့သည်။ ဘာသာယဉ်ကျေးမူနှင့် လူမူ စီးပွားရေးသည် မင်းနေပြည်များကို ဗဟိုပြု၍ ထွန်းကားလေ့ရှိသည်။ အထက်အညာဒေသသည် မိုးနည်းပါးသော ဒေသဖြစ်ရာ၊ အချို့ ဒေသများတွင် နွားလှည်းမောင်းနှင့် အသုံးပြုနိုင်သည်။

အောက်ပါ သီချင်း ပဒေသာသည် ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ရာ ၀ါဆိုပွဲ မြင်ကွင်း ဖြစ်ပါသည်။

“အမေဆိုဆဲ၊ ၀ါဆိုပွဲ၊ လှည်းကလေးနဲ့ သွားရအောင်။

ကုက္ကိုပင်မြန်မြန်ခုတ်၊ လှည်းလုပ်ရအောင်။ လှည်းလုပ်လျှင် ကြာပါလိမ့်။ မဘုတ်ဆုံ တင်ဆုံကြီးကို လှည်းလုပ်လို့စီး”
ဖြစ်ပါသည်။

ရှေးခေတ် အခါက ဘိုးဘွား မိဘများ၊ အစ်ကိုကြီး အစ်မကြီးများသည် မြေး၊ သား၊ ညီငယ်၊ မောင်ငယ်များကို၊ ရှင်သာမဏေအဖြစ် မြင်တွေ့လိုကြသည်။ သာသနာ့ဘောင်တွင် ပျော်ပိုက် စေလိုကြသည်ကို တွေ့မြင်ရပါသည်။ အောက်ပါသီချင်ပဒေသာများက ခေတ်တစ်ခေတ်၏ ကာလ ယဉ်ကျေးမူကြေးမုံပြင်ကို ဖော်ပြနေပါသည်။

“ပျိုလေးတို့ အိမ်ဦး ဆတ်သွားဖူး တစ်ရုံ နှစ်ရုံ၊ ကျေးတွေက အုံ၊ မအုံးပါနဲ့ ကိုရွှေကျေး ပျိုတို့မောင် ရှင်လိင် ပြန်တော့၊ နားပန်ဖို့လေး”


ထို့ပြင် ၀ါဆိုလကား -

- ဘုရားအလောင်းတော် ပဋိသန္ဓေ နေတော်မူသည့် လ။

- တောထွက်တော်မူသည့် လ။

- တဖုဿနှင့် ဘလ္လက ညီနောင်တို့အား ဘုရားရှင်က ဆံတော်ဓာတ်ရှစ်ဆူကို သနား ကြည်ဖြူ ပေးတော်မူသည့် လ။

- ဥပက ကက္ကတွန်းအား ဘုရားရှင်က တွေ့ဆုံလျက် ဘုရားဖြစ်ကြောင်း ၀န်ခံဟောကြားတော်မူသည့် လ။

- ရေမီး အစုံ အစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူသည့် လ။

- တာဝတိံသာ နတ်ပြည်ဝယ် မယ်တော်မိနတ်သားအား အမှူးထားလျက် အဘိဓမ္မာတရားတော်ကို စတင်၍ ဟောကြားတော်မူသည့် လပင် ဖြစ်ဘိ၏။

ယင်းတို့အနက် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောကြားတော်မူပုံကို ကြည်ညိုဖွယ်ရာ သဒ္ဓါတရားပွားများနိုင်ရန် ရေးသားတင်ပြရလျှင် -

မြတ်စွာဘုရား သခင်ကား သတ္တမမြောက် ၀ါကို တာဝတိံသာ နတ်ပြည်မှာပင် ကပ်ဆိုတော်မူလျက် အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည်မှာ မဟာသက္ကရာဇ် ၁၀၉-ခု၊ ၀ါဆိုလပြည့်နေ့ ညနေချမ်း အချိန်မှစ၍ ၀ါတွင်း သုံးလပတ်လုံး နေ့ညမပြတ် ကြားမလပ်ဘဲ ဟောကြားတော်မူခြင်း ဖြစ်၏။

ဟောကြားတော်မူခြင်း၏ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားကို အကြောင်းပြုလျက် စကြ၀ဠာတိုက် တစ်သောင်းမှ ခညောင်းရောက်ရှိလာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူခြင်းဖြစ်၏။

ဘုရားရှင် ဟောကြားတော်မူသည့် တရားဒေသနာတော်ကား ပိဋကတ်အားဖြင့် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာဟူ၍ သုံးပါး အပြားရှိ၏။

သုတ္တန်ဟူသည် လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ အဇ္ဈာသယ(အလိုဆန္ဒ)ကို လိုက်ပြီး သင့်လျော်သလို နားလည်အောင်၊ ကျင့်နိုင်လောက်အောင် ဟောတော်မူသည့် တရားဖြစ်၏။

ဝိနည်းဟူသည် ရဟန်းတော်များ၏ ကျင့်ဝတ်၊ ဥပဒေ၊ စည်းကမ်း ဖြစ်သည့်အတွက် ပညတ်ဖို့ရာ အချက်အလက်များ ပေါ်ပေါက်လာမှ ဟောကြား ပညတ်တော်မူသည့် တရားဖြစ်၏။

အဘိဓမ္မာဟူသည်ကား ထိုသုတ် ၀ိနည်းတို့ထက် ထူးကဲ၊ လွန်၊ မြတ်၊ ကျယ်ပြန့်၊ နက်နဲ၊ ခက်ခဲ၊ သိမ်မွေ့သော တရားဖြစ်၏။

လောကသုံးပါးမှာ ဖြစ်ပျက် ပြောင်းလဲနေသည့် သဘာဝဓမ္မ(သဘောတရား) များကို နည်းမျိုးစုံဖြင့် ချဲ့ထွင်းကာ အသေးစိတ် ဟောကြားတော်မူခြင်းဖြစ်၏။ ယင်းကြောင့်လည်း အဘိဓမ္မာ ဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး နေ့ည မပြတ် ကြားမလပ်ဘဲ ဟောကြားတော်မူရခြင်း ဖြစ်၏။

ဘုရားရှင်ကား ဘ၀များစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ပါရမီ ဖြည့်စဉ်က ရုန့်ရင်းကြမ်းတမ်းသော စကား၊ ဆဲရေးသော စကားများ ပြောကြားခြင်းမှ ရှောင်ရှားလျက် လူအများနှစ်သက်၍ သာယာနာပျော်ဖွယ်ရှိသော၊ လူအများ၏ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်၊ ပွားစေတတ်သော၊ အပြစ်ကင်းလှ၊ ကြားရချမ်းသာ ချစ်ဖွယ်ရာကောင်းသည့် ယဉ်ကျေးသိမ်မွေ့သော စကားကိုသာ ပြောဆိုခဲ့သည့် ပါရမီ ကုသိုလ်အထူးကြောင့် ဘုရားရှင်၏ နူတ်ခမ်းတော်ကား နီမြန်းသော အရောင်ရှိလျက် အလွန်ပင် ပြေပြစ် စေ့စပ်တော်မူ၏။ လျှာ်တော်လည်း အလွန်ပင် နူးညံ့ပါးလျ ရှည်သွယ်လှဘိ၏။ ယင်းကြောင့် အသံတော်မျာလည်း သန့်ရှင်း၊ ချိုသာ၊ သိသာ၊ နာဖွယ်၊ ပွဲလယ်မထွက်၊ လုံ၊ နတ်၊ ပဲ့တင် ဆိုသည့် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံတော် မူသည့်အတွက် အလွန်ပင် ချိုမြိန်သာယာဘိ၏။

ဘုရားရှင်ကား ပကတိလူတို့၏ စကားတစ်ခွန်းတွင် ၁၂၈-ခွန်းထိ ပြောဆိုတော်မူနိုင်ဘိ၏။ သို့ပင်ဖြစ်သေကာမူ နားလည်နိုင်သည်သာ ဖြစ်ဘိ၏။

ပကတိလူတို့၏ စကားတစ်ခွန်းမှာ အရှင်အာနန္ဒာက ရှစ်ခွန်း ပြောဆိုတော်မူနိုင်၏။ အရှင်အာနန္ဒာ၏ စကားတစ်ခွန်းမှာ ဘုရားရှင်က ၁၆-ခွန်း ပြောဆိုတော် မူနိုင်၏။ ယင်းကြောင့် -

တစ်ရာ့တစ်ပါး လူမျိုးများတို့
စကားတစ်ခွန်း ပြောဆိုညွှန်းက
ရှစ်ခွန်းအာနန် မိန်ကလျှင်မြန်၏။

အာနန်ထေရ်ကျော် တစ်ခွန်းသော်မူ
ရှင်တော်ဘုရား လျင်လျားတုမဲ့
တစ်ဆယ့်ခြောက်လီ ခွန်းထပ်မီ၏။

လောကီလူများ တစ်ခွန်းသော်မူ
ဘုရားလူ့ဘ မုနိန္ဒလျှင်
တစ်ရာ့နှစ်ဆယ် ရှစ်ခွန်းကယ်၏


ဟူ၍ မဟာဗုဒ္ဓ၀င် တတိယတွဲ၊ စာမျက်နှာ ၅၅၃-တွင် ဆိုထားပေသည်။

ဤသို့ ၀ါတွင်း သုံးလပတ်လုံး နေ့ညမပြတ် ကြားမလပ်ဘဲ အဘိဓမ္မာတရားကို ဟောကြားတော်မူသော ဘုရားရှင်သည် ဟောကြားတော် မူနေရင်းကပင် လူ့ပြည်လောက၌ ရောက်ဆိုက်နေသော အချိန်ကာလကို ကြည့်ရူ ဆင်ခြင်တော်မူလျက် ဆွမ်းခံချိန် ကျရောက်သည့်အခါ နိမ္မိတ ရုပ်ပွား ကိုယ်တော်စားကို ဖန်ဆင်းတော် မူပြီးလျှင် “ဤနိမ္မိတ ရုပ်ပွား ငါ့ကိုယ်စား၏၊ သင်္ကန်းကိုင်ပုံ၊ သပိတ်ကိုင်ပုံ၊ အသံပြုပုံ၊ အသွင်အပြင် အလုံးစုံသည် ငါဘုရားနှင့်မခြား တစ်သားတည်း တူမျှစေ၊ ဤမျှ အတိုင်းအရှည်ရှိသော တရားကို၊ ငါ၏ကိုယ်စား ဟောကြားရစ်စေ” ဟူ၍ အဓိဋ္ဌာန် ပြုတော်မူပြီးလျှင် ဥတ္တရကုရု(မြောက်ကျွန်း) သို့ ဆွမ်းခံကြွတော်မူ၏။ ဥတ္တရကုရု(မြောက်ကျွန်း)မှ ဆွမ်းခံ၍ ပြန်လာတော်မူပြီး ဟိမ၀န္တာထဲရှိ အနောတတ်အိုင်အနီးမှာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် စန္ဒကူးတောသို့ ကြွတော်မူ၍ စန္ဒကူးတောမှာ နေ့သန့် နေတော်မူ၏။

တရားစစ်သူကြီး ဖြစ်တော်မူသည့် လက်ယာတော်ရံ အရှင်သာရိ ပုတ္တရာ မထေရ်မြတ်လည်း နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ မထေရ်မြတ်လည်း နေ့စဉ်နေ့တိုင်းပင်လျှင် ထိုစန္ဒကူး တောသို့ ကြွသွားတော်မူပြီး မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုတော်မူ၏။ ထိုအခါ ဘုရားရှင်က တာဝတိံသာ နတ်ပြည်မှာ အကျယ်တ၀င့် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာတရားတော်များကို အကျဉ်းချုံးပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်အား “ချစ်သား သာရိပုတ္တရာ၊ ငါဘုရားသည် ဤမျှသော တရားကို ဟောကြားခဲ့ပြီး” ဟု နည်းပေးကာ အကျဉ်းချုပ်ညွှန်ပြ ဟောကြားတော် မူလေ၏။

ဤသို့ ဘုရားရှင်က နည်းပေးညွှန်ပြလျက် အကျဉ်းချုပ်မျှ ဟောပြတော်မူသည် ရှိသော် အရှင်သာရိပုတ္တရာ မထေရ်မြတ်အဖို့မှာ ကမ်းနား၌ ရပ်လျက် လက်ကိုဆန်ကတန်းကာ မဟာသမုဒ္ဒရာကြိးကို ပြအပ်ဘိသကဲ့သို့ နည်းရတော်မူလျက် ဘုရားရှင် တစ်နေ့တာ နတ်ပြည်မှာ ဟောခဲ့သမျှ အဘိဓမ္မာတရားတော်များကို ကွတ်ကွတ်ကွင်းကွင်း ထင်လင်းစွာ သိမြင်တော်မူလေ၏။

သို့ရကား အရှင်သာရိပုတ္တရာ မထေရ်မြတ်အဖို့မျာ နည်းပေါင်း အရာ အထောင် အသိန်းဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်များကို အကျယ် ဖြန့်ချိကာ၊ ထင်လင်းစွာ သိမြင်တော် မူလေ၏။

ဘုရားရှင်ကား စန္ဒကူးတောမှာ နေ့သန့် နေတော်မူရင်း၊ အရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားတော်ကို အကျဉ်းချုပ် ဟောကြားပြီး မွန်းလွဲပိုင်း အချိန်တွင် တာဝတိံသာနတ်ပြည်သို့ ပြန်လည်ကြွချီတော် မူပြီးလျှင် နိမ္မိတရုပ်ပွားတော် ဘုရားဟောကြားပြီးသည့် အခန်းကဏ္ဍမှ အစဉ်မပြတ် ဆက်လက်ဟောကြားတော်မူ၏။

ပကတိဓာတ်သား မြတ်စွာဘုရားနှင့် နိမ္မိတရုပ်ပွား မြတ်စွာဘုရားတို့မှာ ရောင်ခြည်တော်ချင်း၊ အသံတော်ချင်း၊ စကားမြွက်ဆိုတော် မူပုံချင်း စသည့် အမူအရာတို့ ခွဲမရအောင်ပင် တူညီနေသောကြောင့် မကတိဓာတ်သား မြတ်စွာဘုရား လူ့ပြည်သို့ ကြွသွားတော်မူသည်ကို လည်းကောင်း၊ လူ့ပြည်မှ ပြန်လည်ကြွလာတော်မူပြီး နိမ္မိတဘုရားနှင့် လဲလှယ်လိုက်သည်ကို လည်းကောင်း တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သာ သိကုန်၏။ တန်ခိုးသေးငယ်သော နတ်ဗြဟ္မာတို့ကား မသိကြကုန်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်လည်း ဘုရားရှင်က အကျဉ်းဆုံးနည်းဖြင့် နေ့စဉ်နေ့စဉ် ဟောကြား လိုက်သည့် အဘိဓမ္မာ ဒေသနာတော်ကို ဆောင်တော်မူခဲ့၍ မိမိနှင့်အတူနေ တပည့် ရဟန်း ငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ် ဖြစ်သောနည်းဖြင့် တစ်ဖန်ပြန်လည် ဟောကြား ပို့ချတော်မူ၏။

ဘုရားရှင်၏ တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာ တရားတော်ကို ဟောကြား၍ ပြီးဆုံးခြင်းနှင့် လူ့ပြည်မှာ ထိုရဟန်းငါးရာတို့၊ အရှင်သာရိပုတ္တရာထံမှ အဘိဓမ္မာ ၇-ကျမ်းကို အပြည့်အစုံ နာယူသင်ကြားမူ ပြီးဆုံးခြင်းတို့ကား တစ်ပြိုင်နက် တစ်ချိန်တည်းပင် ဖြစ်ပေ၏။

ဘုရားရှင် တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလ ပတ်လုံး၊ နေ့ညမပြတ်၊ ကြားမလပ်ဘဲ ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်ကား ရှည်လျားလွန်း၏။ ကျယ်ပြောလွန်းဘိ၏။ ဓမ္မက္ခန္ဓာ အရေအတွက်အားဖြင့် မည်ရွေ့မည်မျှရှိ၏ ဟူ၍ပင် ရေတွက်၍ မရနိုင်ပေ။ ၀ိတ္တာရနယ=(အကျယ်နည်း) အားဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ လူသားတို့ အနေဖြင့်ကာ သင်ကြား ပို့ချနားယူခြင်းမှာ မစွမ်းနိုင်ပေ။

စန္ဒကူးတောမှာ အရှင်သာရိပုတ္တရာအား ဘုရားရှင်က အကျဉ်းအားဖြင့် ဟောကြားညွှန်ပြတော်မူသည့် အဘိဓမ္မာ ဒေသနာတော်လည်း သင်္ခေပနယ=(အကျဉ်းနည်း) ဖြင့် ဟောကြားတော်မူခြင်း ဖြစ်၍ အင်မတန် ကျဉ်းလွန်းနေသဖြင့် လူတို့ အသိဉာဏ်တွင် သက်ဝင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အဆိုပါ ကျယ်လွန်းကျဉ်းလွန်းသော နည်းများကို သင်ကြားပို့ချခြင်းမပြုဘဲ သာသနာတော် တစ်ရပ်လုံး ယခုမျက်မှောက်ကာလမျာ သင်္ဂါယနာ အဆက်ဆက်တင်ကာ သင်ယူနေကြရသော အဘိဓမ္မာ ဒေသနာတော်မှာ အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာတို့အား သင်ကြားပို့ချသည် (မကျဉ်းမကျယ်၊ အလယ်အလတ်ဖြစ်သော) နည်းအတိုင်းပင် သင်ကြား ပို့ချနေကြခြင်း ဖြစ်ပေသည်။ ဤအဘိဓမ္မာ ဒေသနာတော်ကား ဓမ္မက္ခန္ဓာအားဖြင့် လေးသောင်းနှစ်ထောင် အရေအတွက်ရှိ၍ ပိဋကတ်သုံးပုံ အားလုံး အရေအတွက်၏ ထက်ဝက်ရှိ၏။

ဤမျှ ကျယ်ဝန်းများပြားလှ၍ ထူးခြား နက်နဲ ခက်ခဲလှသည့် အဘိဓမ္မာဒေသနာတော်ကို ၌၀ါဆိုလမှာပင် ဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌ စတင်ဟောကြားတော်မူခဲ့၍ ထူးခြားသော ဂုဏ်ကိုဆောင်သည့် ၀ါဆိုလပင် ဖြစ်ဘိ၏။ အဘိဓမ္မာတရား ဟောမြွက်ကြား၊ ထူးခြား လ၀ါဆို ပါတကား။

ယင်းကြောင့် ဤ၀ါဆိုလရာသီရောက်တိုင်း ဘုရားရှင်၏ ထူးခြားနက်နဲ ခက်ခဲသိမ်မွေ့လှသည့် အဘိဓမ္မာ ဒေသနာတော်ကို အာရုံပြုကာ သဒ္ဓါတရားလက်ကိုင်ထားပြီး ညွတ်ထွားဝန္ဒနာ ပူဇော်နိုင်ကြပါစေ သတည်း။

ဘဂ၀ါဇိန သုံးလူ့တကား
ထက်ဖျားအာလန် တာဝတိံဝယ်
မယ်တော်မိနတ် ကျေးဇူးဆပ်ဖို့
ထူမြတ်ဒေသနာ ဘိဓမ္မာကို
စကြ၀ဠာပေါင်း တိုက်တစ်သောင်းမှ
ခညောင်းရောက်လာ နတ်ဗြဟ္မာအား
ဟောမြွက်ကြားပုံ စိတ်မှာထုံ၍
အာရုံပြုကာ ဦးညွတ်ပါသည်
သာယာခပ်သိမ်း ငြိမ်းစေသောဝ်။




ရှင်ပြုမင်္ဂလာပွဲတွင် ဗုဒ္ဓဘာသာမြန်မာယောက်ျားလေးတိုင်း ဧကန်ပြုလုပ်သည့် မင်္ဂလာပွဲတော်တစ်ခု ဖြစ်သည်။ ရှင်ပြုခြင်းသည် ဗုဒ္ဓမြတ်စွာ၏ သာသနာ့ဝန်ကို ထမ်းဆောင်စေရန်အတွက် ရှင်သာမဏေ ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။ ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့သည် လူငယ်များကို ဘ၀တလျှောက်လုံ လူတော်လူကောင်းဖြစ်သွားစေရန် ရှင်ပြုပေးကြသည်။ ရှင်သာမဏေဘ၀တွင် ရှင်ကျင့်ဝတ်များကို လိုက်နာရန်ကျင့်ကြံရပြီး အစားအစာ စားသောက်ပုံ၊ အ၀တ် ၀တ်ပုံ၊ နေထိုင် သွားလာပုံ၊ ပြောဆိုဆက်ဆက်ပုံ စသည်တို့ကို ဘုရားရှင် အဆုံးအမတော်အတိုင်း လိုက်နာကျင့်ကြံခဲ့ကြရသည်။ ရှင်သာမဏေတို့သည် သာသနာ့ဝန်ကို မထမ်းဆောင်နိုင်တော့၍ လူ့ဘ၀ရောက်လာကြသောအခါ၌လည်း သာသနာတော်၏ အဆုံးအမအတိုင်း ဆက်လက်လိုက်နာကြသဖြင့် လူယဉ်ကျေးလေးများ ဖြစ်လာကြသည်။ ရှေးအခါက မြန်မာလူငယ်များတွင် ဆိုးသွမ်းလူငယ် ပြဿနာမပေါ်ပေါက်ခဲ့ကြပေ။

ရှင်သာမဏေပြုလုပ်ပေးခြင်းသည် လှုမှုရေးရာပြဿနာတို့ကို အဖြေရှာရာတွင် အကောင်းဆုံးသော ဆောင်ရွက်ချက်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သာကီဝင်မင်းသား မြတ်စွာဘုရားသည် အမွေတောင်းခံလာသော မိမိ၏သားတော် ရာဟုလာမင်းသားလေးအား လောကီအမွေတို့တွင် အမြတ်ဆုံးအကောင်းဆုံးဖြစ်သော ဘုရင်ဖြစ်ရမည့် ထီးနန်းအမွေကို မပေးမှုဘဲ ဘ၀လွတ်မြောက်ရေး ဖြစ်သည့် လောကုတ္တရာအမွေကိုပေးကာ ရှင်သာမဏေပြုပေးခဲ့ပသည်။ သာကီးဝင်မင်းသားရာဟုလာ၊ အသောကမင်းကြီး၏သားတော် မဟိန္ဒစသော လူလောကတွင် အထက်တန်းရောက်နေသော သူများ၏ သားသမီးများကိုယ်တိုင်ပင် ရှင်သာမဏေဘောင်သို့ ၀င်ရောက်ခဲ့သော အစဉ်အလာကောင်းများကြောင့် ရှင်သာမဏေဘ၀သည် အမြင့်မြတ်ဆုံးသော လူတို့ဘ၀ထက်ပင် သာလွန်မြင့်မြတ်လှပေသည် ဟူသော ခံယူချက်တို့ လူငယ်တို့နှလုံးသားဝယ် စွဲသွားပါသည်။ ထိုအစဉ်အလာအစွဲကို မြန်မာတို့သည် ဦးထိပ်ပန်ဆင်၍ ဘုရင်မင်းတရားမှအစ တောအနှံ့တောင်အနှံ့ ပျံ့နှံ့နေထိုင်သူအားလုံးပင် ရှင်သာမဏေဘ၀ကို မရလျှင်မဖြစ်၊ မရမနေ အရယူခဲ့ကြပေသည်။

မြန်မာတို့သည် ရှင်သာမဏေဘ၀ကို အလေးအနက် တန်ဖိုးထားကြသည်။ ရှင်မပြုရသေးလျှင် အိမ်ထောင်မပြုရဘူးဟူသော စွဲလန်းမှုအထိ အရိုးစွဲယုံကြည်ခဲ့ကြသည်။ သားယောက်ျားလေး မွေးဖွား လာသည်နှင့် တပြိုင်နက် အရွယ်ရောက်လာလျှင် ရှင်ပြုပေးနိုင်ရန် မိဘနှစ်ပါးတို့သည် အလုပ်ကို ပို၍ကြိုးစားကြသည်၊ ငွေကြေးစုဆောင်းကြသည်။

ဤစိတ်ဓာတ် ဤအယူအစွဲကြောင့် စီးပွားရေးတိုးတက်လာကြသည်။ ငွေစုဆောင်းသည့် အလေ့အထကောင်းများ ရလာကြသည်။ ရှင်ပြုမင်္ဂလာပွဲတွင် ရှင်ဒကာ ရှင်းကာမအဖြစ် စုံတွဲညီ၍ အလှူရေစက်ချပွဲ ဆင်နွှဲနိုင်ရန်အတွက် မေတ္တာ၊ သစ္စာ၊ စေတနာ၊ သဒ္ဓါတို့ပါ ပူးတွဲချည်နှောင်လာကြ သဖြင့် အိမ်ထောင်ရေးပြဿနာများ၊ လင်မယား ကွာရှင်းပြတ်စဲမှုများ လျော့နည်းခဲ့ကြသည်။ သားလေးအား အနာဂတ်တွင် ရှင်ပြုနိုင်ရေးဟူသော သံယောဇဉ်နှောင်ကြိုးကြောင့် မိဘတို့ အိမ်ထောင်ရေး စိုပြည်ခိုင်မြဲခဲ့ကြသည်။ မျှော်မှန်းချက်၊ မျှော်လင့်ချက်များ ဦးထပ်ထားကြိုးပမ်းကြသဖြင့် လုပ်ငန်းအ၀၀ အဆင်ပြေလာကြသည်။

ဆယ်ကျော်သက်အရွယ် ရောက်ရှိလာသောအခါ ပညာသင်ကြားရန် ဘုန်းတော်ကြီးကျောင်းများသို့ အပ်နှံကြသည်။ ထို့နောက် ရှင်သာမဏေပြုလုပ်ပေးရန် မောင်ရှင်လောင်းများကို ဆရာဘုန်းတော်ကြီး ထံအပ်နှံကြသည်။ ရှင်မဖြစ်မီ သိမှတ်ဖွယ်ရာများကို သင်ယူနိုင်ရန် အချိန်ယူ၍ ကြိုတင်အပ်နှံကြသည်။ ဘုန်းတော်ကြီး များကလည်း သင်္ကန်းတောင်းနည်း၊ သရဏဂုံယူနည်း၊ သင်္ကန်းပေးနည်း၊ ပစ္စဝေက္ခဏာဆင်ခြင်နည်း၊ သီလသိက္ခပုဒ်ဆောက်တည်နည်း၊ ဥပဇ္ဈာယ်ယူနည်းများကို ဌာန်ကရိုဏ်းကျကျ သင်ပေးကြသည်။ သေခိယခေါ် ရှင်ကျင့်ဝတ်များကိုလည်း သင်ပေးကြသည်။ ဤသို့ဖြင့် ရှင်သာမဏေဘ၀ ရောက်လာသောအခါ ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေးသမိမ်မွေ့သော ကိုရင်လေးများ ဖြစ်လာကြတော့သည်။

မိဘတို့မှာလည်း ရှင်သာမဏေလေးများအား ၀မ်းသာကြည်နှုးမှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်မ၀၊ ရူမ၀၊ ဖူးမျှော်မ၀ အားရကျေနပ် နေကြသည်။ ရှင်ကျင့်ဝတ်အတိုင်း နေထိုင် သွားလာ၊ သားသောက ၀တ်ရုံသည်ကို တွေ့ရသဖြင့် မိမိသားဟူသော အသိစိတ်ပျောက်ကာ လွန်စွာသပ္ပါယ်လှသည့် ဘုရားသားတော်လေးများအဖြစ် အားပါးတရ ရှိခိုးကြသည်။ ဆွမ်းကပ်၊ ဖျော်ရည်ကပ်၊ ပြုလုပ်ကြပြီး ဘုရားသွားကျောက်တက် သွက်လက်လာခဲ့ကြသည်။ မြတ်စွာဘုရား၏ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်စံခါနီးတွင် ဘုရားမယ်တော် ဟူသည် အမျိုးသမီးများ အတောင့်တဆုံး၊ အမြတ်နိုးဆုံးသော ဆုပင်ဖြစ်ပါကြောင်းး လျှောက်ထား ခဲ့သည်။ မိထွေးတော်၏ ထုံးကို နှလုံးမှု၍ ရှင်သာမဏေများ ရဟန်းတော်များ၏ ရှင့်မယ် တော် ရှင့်ခမည်းတော် ရဟန်းမယ်တော် ရဟန်းခမည်းတော် ဘ၀ဟူသည် လူ့လောကတွင် တန်ဖိုးအရှိဆုံးသာ ဘ၀ဖြစ်သည်ဟူသော ဘ၀အထိ ကိန်းဝပ်လာသည်။ နိုင်ငံအုပ်ချုပ်သော ရှင်ဘုရင်မင်းများနှင့်တန်းတူ မယ်တော်၊ ခမည်းတော်ဟူသော တော်ဝင် အခေါ်အဝေါ်ကို ခံကြရသည်။ ခမည်းတော်၊ မယ်တော်ဘ၀နှင့် ကွယ်လွန်ပါမှု ရွှေထီးမိုး၍ အသုဘချရသည်အထိ ဂုဏ်ပြုကြသည်။

ကိုရင်လေးများသည် ဘုရားရှိခိုး၊ ပုတီးစိပ်၊ ကမ္မဌာန်းထိုင် သဂြိုဟ် သဒ္ဒါစာဝါလေးများကို သင်ယူကြရသည်။ ၀ိနတ္ထပကာသနိ၊ ဓမ္မပဒ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်များ တစ်ဝါလောက်ဆိုကြရသဖြင့် ဘာသာရေး အသိအလိမ္မာ အတော်လုံလောက်စွာ နားလည်သွားကြသည်။ ဘုရား၊ တရား၊ သံဃာ ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်ကို နားလည်သွားကြသည်။ လောကသံသရာ နှစ်ဖြာအကျိုးရှိ စေမည့် မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ် စသည်တို့ကို သင်ယူကြရသဖြင့် လူငယ်ဘ၀ကပင် ဘာသာရေး၊ လူမှုရေးများ သဘောပေါက်ခဲ့ကြသည်။ ကိုးခန့်ပျို့၊ သံဝရပျို့စသော ပျို့၊ လင်္ကာ၊ ကဗျာ များကိုလည်း အတော်အတန် တီးမိ ခေါက်မိ ရှိနေကြသည်။

ရှင်သာမဏေလေးများသည် ရှင်ဘ၀နှင့် ပျော်ရွှင်စွာ သာသနာ့ဝန်ထမ်းဆောင်နေပါမှု မိဘဆွေမျိုး အားလုံး တို့ အာစိဏ္ဏကံ ကုသိုလ် တိုးပွားကြရသည်။ ရဟန်းခံရန် အချိန်တန်သောအခါ ရဟန်းခံမင်္ဂလာပွဲ ဆင်နွှဲရန်အတွက် အထူးစီမံချက်ဆွဲ၍ အားခဲကြိုးစား လုပ်ကိုင်ကြ ငွေကြေးစုဆောင်း ကြပြန်သည်။

ရှင်သာမဏေလေးများသည် သာသနာ့ဘောင်၌ မပျော်ပိုက်၍ ရှင်လူထွက်လာသောအခါ၌လည်း ကွမ်းတောင်ကိုင် ပျိုချောတို့ လောက၀ယ် မျက်နှာပွင့်လန်း စန်းပွင့်သူများ ဖြစ်လာကြသည်။ စားပုံ သွားပုံ အစ ယဉ်ကျေးသိမ်မွေ့လာကြသည်။ သာသနာတော်၏ အဆုံးအမကြောင့် ဘ၀တည်ငြိမ် ဣနြေ္ဒရရ ရင့်ကျက်လာသည့်အပြင် လူပျိုဘော်ဝင်စ အရွယ်ကောင်းသို့ ရောက်လာသဖြင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာသည်။

ရပ်ရေး၊ ရွာရေး၊ ဘာသာရေး၊ လူမှုရေး၊ ဒုမင်္ဂလာ၊ သုမင်္ဂလာ ကိစ္စအ၀၀တို့တွင် ဗုဒ္ဓဘာသာဓလေ့ထုံးစံ များကို စနစ်တကျ နေရာမှန် လူမှန် ပုဂ္ဂိုလ်မှန် စီမံခန့်ခွဲတတ်လာသည်။ ရွာ်လူငယ်တို့၏ ခေါင်းဆောင်ဖြစ်လာသည်။ ရပ်ရေး၊ ရွာရေးတွင်ကျယ်လာသဖြင့် အုပ်ချုပ်ရေးတာဝန်များကိုပင် ဆောင်ရွက်လာသည်အထိ တိုးတက်လာသည်။

ထိုမှ နောက်ဝယ် လူလောကအလယ် ဂုဏ်တင့်တယ်စွာ နေထိုင်နိုင်သူ လုပ်ကိုင်ဆောင်ရွက်နိုင်သူ စီးပွားရေး၊ လူမှုရေး။ အုပ်ချုပ်ရေးတို့တွင် တွင်ကျယ်သူဘ၀မှ နိုင်ငံသားကောင်းများဘ၀အထိ တိုးတက်လာခဲ့ကြသည်။ ဤသည်မှာ ဗုဒ္ဓဘာသာအမွေအနှစ်ေကောင်းတို့ကြောင့် မြန်မာလူငယ်တို့ဘ၀ သာယာအေးမြတည်ငြိမ်စွာ တိုးတက်လာမှုပင်ဖြစ်သည်။ မြန်မာလူငယ်တို့တွင် ရှေးယခင်က ဆိုးသွမ်းလူငယ်ပြဿနာမရှိခဲ့သည်မှာ ဤရှင်ပြုမင်္ဂလာ၏ အနှသ်သာရရှိရှိ ကျေးဇူးပြုမှုပင် ဖြစ်လေ သည်။

ကလေးအရွယ် လိမ္မာနှင့်ပါမှ ကြီးရင့်လာက လိမ္မာမည်။ အလိမ္မာ ပြည်ထောင်စုလျှင် ကောင်းမှုထွေတည် -

ဟူသော ကျေးဇူးရှင် ဆရာတော်ဘုရားများ၏ အဆုံးအမသြ၀ါဒတော် အတိုင်း လူငယ်ကောင်းမှ လူကြီးကောင်းများ ပေါ်ထွက်နိုင်မည်။ လူငယ်တော်မှ လူကြီးကျော်များ ထွက်ပေါ်လာနိုင်မည်၊ စိတ်အာရုံအား ကြီးထွားတက်ကြွနေသည့် အရွယ် လူငယ်လူရွယ်တို့ကို လူကောင်းသူကောင်း လူတော်လူမော်ဖြစ်အောင် ပို့ဆောင်နိုင်သည့် အခြေံခံအကျဆုံးလုပ်ငန်းမှာ ရှင်ပြုမင်္ဂလာပင် ဖြစ်ပေသည်။



ကိုးကား -

၁။ ၀ါဆိုလ၏ထူးခြားချက်များ(သီဟဆွေ)
၂။ လမြတ်ဝါဆို (သာရဝေါစိုးကြည်)

1 comment:

  1. တောသူမလေးရေ စာတွေလာဖတ်သွားပါတယ်နော်။
    လမြတ်ဝါဆို ဆိုတဲ့ခေါင်းစဉ်ကို ဖတ်ရတာ သဘောကျပါတယ်။

    ReplyDelete