ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 14 March 2011

၎။ ဒုတိယ ဥပဋ္ဌာကသုတ်


ရဟန်းတို့ ! ဆိုလတံ့သော အချက်အလက် ၅-မျိုးနှင့် ပြည့်စုံသည့် သူနာပြုသည် သူနာကို ပြုစုရန် မထိုက်တန်။ (သူနာပြု မဖြစ်ထိုက်)

ယင်း ၅-မျိုးမှာ -

၁။ ဆေးကို စီရင်ရန် မစွမ်းနိုင်။

၂။ အနာရောဂါနှင့် သင့်သည် မသင့်သည်ကို မသိတတ်၊ မသင့်သည်ကို ပေးတတ်သည်၊ သင့်သည်ကို ဖယ်ထားသည်။

၃။ ရလိုမူ မျှော်လင့်ချက်ကြောင့် သူနာကို ပြုစုသည်၊ မေတ္တာစိတ်ဖြင့် ပြုစုသည်မဟုတ်။

၎။ ကျင်ကြီး, ကျင်ငယ်, အန်ဖတ်, တံတွေး စသော အညစ်အကြေးကို ဖယ်ရှားပေးရန် စက်ဆုပ်ရွံရှာသည်။

၅။ အခါအခွင့်သင့်တိုင်း သူနာကို တရားစကားဖြင့် သိမြင်စေရန်, ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်စေရန်, ရွှင်လန်းစေရန် မစွမ်းဆောင်နိုင်။


ဆိုလတံ့သော အချက်အလက် ၅-မျိုးနှင့် ပြည့်စုံသည့် သူနာပြုသည် သူနာကို ပြုစုရန် ထိုက်တန်သည်။ (သူနာပြု ဖြစ်ထိုက်သည်)

ယင်း ၅-မျိုးမှာ -

၁။ ဆေးကို စီရင်ရန် စွမ်းနိုင်သည်။

၂။ အနာရောဂါနှင့် သင့်သည် မသင့်သည်ကို သိတတ်သည်၊ မသင့်သည်ကို ဖယ်ထားသည်၊ သင့်သည်ကို ပေးတတ်သည်။

၃။ မေတ္တာစိတ်ဖြင့် သူနာကို ပြုစုသည်၊ ရလိုမူ မျှော်လင့်ချက်ကြောင့် ပြုစုသည်မဟုတ်။

၎။ ကျင်ကြီး, ကျင်ငယ်, အန်ဖတ်, တံတွေး စသော အညစ်အကြေးကို ဖယ်ရှားပေးရန် မစက်ဆုပ် မရွံ့ရှာ။

၅။ အခါအခွင့်သင့်တိုင်း သူနာကို တရားစကားဖြင့် သိမြင်စေရန်, ဆောက်တည်ကျင့်သုံးစေရန်, ထက်သန်စေရန်, ရွှင်လန်းစေရန် စွမ်းဆောင်နိုင်သည်။

ဆောင်- ဆေးစီရင်တတ်၊ တစ်ရပ် သင့်, မသင့်၊ သိပြီးနှင့်လျှင်၊ မလျော ဖယ်လတ်၊ လျော် ဆက်ကပ်နှင့်၊ လာဘ်ကို မမင်၊ မေတ္တာယှဉ်ကာ၊ ပြုစုရာလစ်၊ ညစ်ကြေးမရွံ၊ ဟောညွန်တရား၊ ငါးပါးရှိမူ၊ သူနာပြု၊ မှတ်ရူ လူနာ ပြုစုထိုက်။


စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment