ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၆။ ဒုတိယ ယောဓာဇီဝသုတ်


ရဟန်းတို့ ! လောက၌ ထင်ရှားရှိကြသည့် သူရဲကောင်း ၅-မျိုးမှာ -

ဤလောက၌ အချို့သော သူရဲကောင်းသည် -

၁။ သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့် မြားကျည်တောက်(မြားပုံ)ကို လွယ်ပြီး နှစ်ဖက် စစ်သည်တို့ ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ ၀င်ရောက်လေသည်၊ စစ်မြေပြင်၌ ကြိုးစားတိုက်ခိုက်နေသော ထိုသူရဲကောင်းကို တဖက်စစ်သည်တို့က အသေသတ်ဖြတ် လိုက်ကြသည်။

ဤကား စစ်ပွဲ၌ပင် ကျဆုံးသွားသော ပထမဆုံး သူရဲကောင်းတည်း။


၂။ စစ်ပွဲ၌ ကြိုးစားတိုက်ခိုက်စဉ် ဒဏ်ရာ ပြင်းထန်စွာရသဖြင့် အဖော်စစ်သည်တို့က မိမိတပ်ရင်းသို့ ပြန်ပို့သည်၊ ၎င်းနောက် သူ့ဆွေမျိုးများထံ သွားပို့စဉ် လမ်းခရီး၌ သေဆုံးသွာသည်။

ဤကား ဒုတိယ အမျိုးအစား သူရဲကောင်းသည်။


၃။ စစ်ပွဲ၌ ကြိုးစားတိုက်ခိုက်စဉ် ဒဏ်ရာပြင်းထန်စွာရသဖြင့် အဖော်စစ်သည်တို့က မိမိတပ်ရင်းသို့ ပြန်ပို့သည်၊ ၎င်းနောက် သူ့ဆွေမျိုးများထံ သွားပို့သည်၊ ဆွေမျိုးများ လုပ်ကျွေးပြုစု စောင့်ရှောက်စဉ် ထိုဒဏ်ရာဖြင့်ပင် သေဆုံးသွားသည်။

ဤကား တတိယ အမျိုးအစား သူရဲကောင်းတည်း။


၎။ စစ်ပွဲ၌ ကြိုးစားတိုက်ခိုက်စဉ် ဒဏ်ရာပြင်းထန်စွာရသဖြင့် အဖော်စစ်သည်တို့က မိမိတပ်ရင်းသို့ ပြန်ပို့သည်၊ ၎င်းနောက် သူ့ဆွေမျိုးများထံ သွားပို့သည်၊ ဆွေမျိုးများက လုပ်ကျွေးပြုစု စောင့်ရှောက်သဖြင့် ထိုသူရဲကောင်းသည် ထိုဒဏ်ရာ(အနာ)မှ ထမြောက် ကျန်းမာလာသည်။

ဤကား စတုတ္ထ အမျိုးအစား သူရဲကောင်းတည်။


၅။ စစ်ပွဲ၌ ကြိုးစားတိုက်ခိုက်ရာ စစ်ပွဲအောင်နိုင်ပြီး ထိုစစ်မြေတပြင်လုံးကိုပင် လွှမ်းမိုးအုပ်စိုးထားနိုင်သည်။

ဤကား ပဉ္စမ အမျိုးအစား သူရဲကောင်းတည်း။


ဤအတူသာလျှင် -

ဖော်ပြခဲ့ပြီးသော သူရဲကောင်းများနှင့် တူသော ရဟန်း ၅-မျိုးတို့ ထင်ရှားရှိကြသည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ ရွာ, နိဂုံး တစ်ခုခုကို မှီတင်း နေထိုင်ပြီး နံနက်အချိန် သင်္ကန်းရုံ ဆွမ်းခံဝင်သည်၊ ဆွမ်းခံဝင်သောအခါ ကိုယ်, နူတ်, စိတ်ကိုလည်း မစောင့်စည်း, သတိလည်း ကင်းလျက်, မျက်စိ နား နှာ-စသော ဣနြေ္ဒတို့ကိုလည်း မထိန်းသိမ်း၊ ထိုဆွမ်းခံရာ၌ မလုံမခြုံ ၀တ်ဆင်သော အမျိုးသမီးကို မြင်သွားသည်၊ ထို့ကြောင်း စိတ်သန္တာန်ဝယ် ရာဂ(စွဲမက်ခြင်း) ဖြစ်ပေါ်လာပြီး မထိန်းသိမ်းနိုင်ဘဲ သိက္ခာပုဒ်လိုက်နာမူ အားပျော့ကြောင်း အသိမပေး သိက္ခာမချဘဲ မေထုန်မှီဝဲလိုက်သည်။

ဤရဟန်းကို “တဖက်စစ်သည်တို့ လက်ချက်ဖြင့် သေဆုံးသွားသော ပထမဆုံး သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။


၂။ အမျိုးသမီးကို မြင်သွားသဖြင့် စိတ်သန္တာန်ဝယ် ရာဂဖြစ်ပေါ်လာပြီး ကိုယ်၌ ပူလောင်လာသည်။ စိတ်၌လည်း ပူလောင်လာသည်၊ ထိုရဟန်းသည် - “ငါကျောင်းပြန်သွားပြီး” တပည့်တော် ရာဂထကြွသောင်းကျန်းနေသဖြင့် သာသနာတော်၌ ဆက်လက် မနေနိုင်တော့ဘဲ လူထွက်လိုပါသည်” ဟု ရဟန်းတို့ကို ပြောရလျှင် ကောင်းမည်” ဟု စဉ်းစားမိသည်။ ဤသို့ စဉ်းစားပြီး ကျောင်းသို့ ပြန်သွားသောအခါ ကျောင်းမရောက်မီပင် သိက္ခာချ လူထွက်သွားသည်။

ဤရဟန်းကို “စစ်ပွဲ၌ ဒဏ်ရာ ပြင်းထန်စွာ ရသဖြင့် သူ့ဆွေမျိုးများထံ ပြန်ပို့စဉ် လမ်းခရီးအကြား၌ပင် သေဆုံးသွားသော ဒုတိယအမျိုးအစား သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။


၃။ အမျိုးသမီးကို မြင်သွားသဖြင့် စိတ်သန္တာန်ဝယ် ရာဂဖြစ်ပေါ်လာပြီး ကိုယ်, စိတ် ပူလောင်လာသည်၊ ထိုရဟန်းသည် ကျောင်းပြန်သွားပြီး ရဟန်းတို့ကို မိမိဖြစ်ပျက်ပုံအကြောင်း ပြောကြားသည်။

ထိုအခါ ရဟန်းတို့က -

“ငါ့ရှင် ! ကာမဂုဏ်တို့ဟူသည်မှာ -

သာယာဖွယ်က နည်းလှသည်၊ အသားမပါသော အရိုး, အသားတစ်, မြက်မီးရှူး, မီးကျီးတွင်း, အိပ်မက်, အငှါးပစ္စည်း, အသီးရှိသော သစ်ပင်, စဉ်းတီးတုံး, လှံတံကျင်, မြွေဦးခေါင်းတို့နှင့် တူသည်၊ ထို့ကြောင့် မြတ်စွာဘုရားက ဆင်းရဲလည်း ဆင်းရဲ, ပင်ပန်းလည်း ပင်ပန်း, အပြစ်လည်းများသော ကာမဂုဏ်ဟု ဟောထားသည်။

သင်သည် မြတ်သော အကျင့်ဖြစ်သည့် သာသနာတော်၌ မွေ့လျော် ပျော်ပိုက်ပါလော့၊ လူမထွက်ပါလင့်” ဟု သွန်သင်ဆုံးမကြသည်။

ထိုသို့ သွန်သင်ဆုံးမသော်လည်း သာသနာတော်၌ ဆက်လက်မနေနိုင်တော့ဟု ပြောကာ လူထွက်သွားသည်။

ဤရဟန်းကို “စစ်ပွဲ၌ ဒဏ်ရာ ပြင်းထန်စွာ ရသဖြင့် သူ့ဆွေမျိုးများထံ ပြန်ပို့ခံရပြီးနောက် ဆွေမျိုးတို့ ပြုစု စောင့်ရှောက်စဉ်ပင် သေဆုံးသွားသော တတိယ အမျိုးအစား သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။


၎။ အမျိုးသမီးကို မြင်သွားသဖြင့် စိတ်သန္တာန်ဝယ် ရာဂဖြစ်ပေါ်လာပြီး ကိုယ်, စိတ် ပူလောင်လာသည်၊ ထိုရဟန်းသည် ကျောင်းပြန်သွားပြီး ရဟန်းတို့ကို မိမိ ဖြစ်ပျက်ပုံအကြောင်း ပြောကြားသည်။

ထိုအခါ ရဟန်းတို့က ဆိုခဲ့ပြီးအတိုင်း ကာမဂုဏ်အပြစ်များကို ပြောပြပြီး လူမထွက်ဖို့ရန် တားကြသည်၊ ထိုရဟန်းသည် သီတင်းသု့းဖော် ရဟန်းတို့က ဤသို့ သွန်သင်ဆုံးမသောအခါ -

“ငါ့ရှင်တို့ ! ကြိုးစားအားထုတ်ပါတော့မည်၊ သာသနာတော်၌ မွေ့လျာ်ပျော်ပိုက်အောင် နေပါတော့မည်၊ ယခုအခါ လူမထွက်တော့ပါ” ဟု ပြန်ပြောသည်။

ဤရဟန်းကို “စစ်ပွဲ၌ ဒဏ်ရာပြင်းထန်စွာ ရသဖြင့် သူ့ဆွေမျိုးများထံ ပြန်ပို့ခံရပြီးနောက် ဆွေမျိုးတို့ ပြုစုစောင့်ရှောက်၍ ဒဏ်ရာပျောက်ကင်းသွားသော စတုတ္ထ အမျိုးအစား သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။


၅။ ရွာ, နိဂုံး တစ်ခုခုကို မှီတင်းနေထိုင်ပြီး နံနက်အချိန် သင်္ကန်းရုံ သပိတ်လွယ်ကာ မိမိမှီတင်းနေထိုင်ရာ ဂေါစရဂါမ် အတွင်းသို့ ဆွမ်းခံဝင်သည်၊ ထိုရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သောအခါ ယောက်ျား မိန်းမ စသော သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေစသော အင်္ဂါ, ပြုံးဟန်ရယ်ဟန်စသော အမူအရာကို စွဲယူလေ့မရှိ။

စက္ခုနြေ္ဒကို မစောင့်စည်းခြင်းကြောင့် ဖြစ်ပေါ်တတ်သော အဘိဇ္ဈာဒေါမနဿ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့ နှိပ်စက်မခံရစေရန် စက္ခုနြေ္ဒကို စောင့်စည်းသည်။

ထို့အတူ အသံ, အနံ့, အရသာ, အတွေ့အထိ အာရုံများနှင့် ဓမ္မာရုံများအပေါ် ဖြစ်ပေါ်တတ်သော အကုသိုလ်တရားများ မဖြစ်ပေါ်စေရန် နား, နှာ, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒများကို စောင့်စည်းသည်။

ထိုရဟန်းသည် -

ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ပြန်ခဲ့၍ တော, သစ်ပင်ရင်း, တောင်ချောက် တောင်ခေါင်း သင်္ချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ -ဟူသော ဆိတ်ငြိမ်ရာ ကျောင်း အိပ်ရာနေရာကို မှီဝဲသည်၊ တော, သစ်ပင်ရင်း, ဆိတ်ငြိမ်ရာ တစ်ခုခုသို့ ချဉ်းကပ်ပြီး -

၁။ ထက်ဝယ်ဖွဲ့ခွေကာ,

၂။ အထက်ပိုင်း ကိုယ်ကိုလည်း ဖြောင့်မတ်စွာ ထားပြီး,

ကမ္မဋ္ဌာန်းသို့ ရှေးရူ သတိကို ဖြစ်စေလျက် ထိုင်နေသည်။

(ဤသို့ စသည်ဖြင့် ပထမ ယောဓာဇီဝသုတ်၌ ဆိုခဲ့ပြီးသည့်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သော အခါ)

နီဝရဏများ ကင်းစင်သွားသည်၊ ဈာန်များနှင့် အာသ၀က္ခယဉာဏ် ဖြစ်ပေါ်လာပြီး ရဟန္တာဖြစ်သွားသည်။

ဤရဟန်းကို “စစ်မြေတပြင်လုံး အောင်နိုင်ပြီးသော ပဉ္စမ အမျိုးအစား သူရဲကောင်းနှင့် တူသည်” ဟု ဆိုရမည်။


ဆောင် - တိုက်ပွဲမှာ ကျ၊ ပြင်းလှဒဏ်ရာ၊ ရသည်တာကြောင့်၊ ဆွေဉာတို့ထံ၊ ပြန်ပို့ရာတွင်၊ လမ်းမှာသေဆုံး၊ ပြုစုတုန်း သေ၊ မသေ ထမြောက်၊ ထို့နောက် အနိုင်တိုက်၊ ငါးမျိုးဆိုက်၊ မှတ်ပိုက် သူရဲကောင်း။

သူရဲကောင်းများ အလားတူစွာ၊ ရဟန်းမှာလည်း၊ ငါးမျိုးကွဲ၊ မလွဲ မှတ်ကုန်ရှောင်။

ကာမဂုဏ်မျိုး၊ အရိုး, သားတစ်၊ မြက်မီးဖြစ်ခြင်း၊ မီးကျီးတွင်း, အိပ်မက်၊ တစ်ချက် အငှါးပစ္စည်း၊ အသီးရှိ သစ်ပင်၊ လှံတံကျင်, စဉ်တီးတုံး၊ တစ်ထုံး မြွေခေါင်း၊ တူကုန်ရှောင်းကာ၊ သာယာဖွယ်နည်း၊ ဆင်းရဲသား များ၊ ပင်ပန်း များ၊ များပြား အပြစ်တွေ။


ဆဋ္ဌသုတ် ပြီး၏။

No comments:

Post a Comment