ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 5 March 2011

၃။ ပထမ ဓမ္မ၀ိဟာရီသုတ်


ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! “တရားနှင့် နေသူ, တရားနှင့် နေသူ” ဟု ဆိုရာ၌ အဘယ်နေနည်းမျိုးကို ဆိုလိုပါသနည်းဘုရား?။”

“ရဟန်း ! ဤသာသနာတော်၌ ရဟန်းသည် -

၁။ အင်္ဂါ ၉-ပါးအစွမ်းဖြင့် ပိဋကတ်ဓမ္မက္ခန်တရားကို တစ်နေကုန် သင်ယူနေသော်လည်း တစ်ယောက်ထီးတည်း ကိန်းအောင်းမူကို စွန့်လွှတ်ထားသည်၊ မိမိအတွင်းသန္တာန်၌ စိတ်အေးငြိမ်းမူကို အားမထုတ်။

ဤရဟန်းကို သင်ကြားမူ ပရိယတ်များသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။
(အင်္ဂါ ၉တန်-သုတ်, ဂေယျ, ဝေယျာကရိုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, သဗ္ဘုတဓမ္မ, ဝေဒလ္လ)


၂။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြားသိစေခြင်းဖြင့် တစ်နေကုန်သော်လည်း တစ်ယောက်ထီးတည်း ကိန်းအောင်းမူကို စွန့်လွှတ်ထားသည်၊ မိမိအတွင်းသန္တာန်၌ စိတ်အေးငြိမ်းမူကို အားမထုတ်။

ဤရဟန်းကို ဟောကြားသိစေခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၃။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်ခြင်းဖြင့် တစ်နေကုန်သော်လည်း တစ်ယောက်ထီးတည်း ကိန်းအောင်းမူကို စွန့်လွှတ်ထားသည်၊ မိမိအတွင်းသန္တာန်၌ စိတ်အေးငြိမ်းမူကို အားမထုတ်။

ဤရဟန်းကို ရွတ်အံသရဇ္ဈာယ်ခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၎။ ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့် ကြံသည်၊ သုံးသပ်သည်၊ စိတ်ဖြင့် အဖန်ဖန် ရူသည်၊ ထိုသို့ တရားကို စဉ်းစား တွေးတောခြင်းတို့ဖြင့် တစ်နေကုန်သော်လည်း တစ်ယောက်ထီးတည်း ကိန်းအောင်းမူကို စွန့်လွှတ်ထားသည်၊ မိမိအတွင်းသန္တာန်၌ စိတ်အေးငြိမ်းမူကို အားမထုတ်။

ဤရဟန်းကို စဉ်းစားတွေးတောခြင်းများသူ ဟုသာ ဆိုရမည်၊ တရားနှင့် နေသူ ဟုကား မဆိုနိုင်။


၅။ အင်္ဂါ ၉-ပါး အစွမ်းဖြင့် ပိဋကတ်ဓမ္မက္ခန်တရားကို သင်ယူနေသော်လည်း သင်ယူရုံမျှဖြင့် နေ့ကို မကုန်လွန်စေ၊ တစ်ယောက်ထီးတည်း ကိန်းအောင်းမူကိုလည်း မစွန့်လွှတ်၊ မိမိအတွင်းသန္တာန်၌ စိတ်အေးငြိမ်မူကိုလည်း အားထုတ်သည်။

ဤရဟန်းသည်သာ တရားနှင့် နေသူ မည်သည်။


ရဟန်း! ဤသို့လျှင် ငါသည် -

၁။ သင်ကြားခြင်းများသူကိုလည်း ဟောပြီးပြီ။

၂။ သူတစ်ပါးတို့အား သိစေခြင်းများသူကိုလည်း ဟောပြီးပြီ။

၃။ ရွတ်အံ သရဇ္ဈာယ်ခြင်းများသူကိုလည်း ဟောပြီးပြီ။

၎။ စဉ်းစားတွေးတောခြင်းများသူကိုလည်း ဟောပြီးပြီ။

၅။ တရားနှင့် နေလေ့ရှိသူကိုလည်း ဟောပြီးပြီ။

အစီးအပွား ရှာတတ်, သနားစောင့်ရှောက်တတ်သည့် ငါဘုရားသည် သင်တပည့်တို့အား သနားသောကြောင့် သင်တို့အတွက် ပြုဖွယ်ကို ငါပြုပြီးပြီ။

သစ်ပင်ရင်းတို့ကား ဤသည်တို့တည်း၊ ဆိတ်ငြိမ်ရာအရပ်တို့ကား သင်တို့အတွက် ငါဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။”

ဆောင် - အင်္ဂါကိုးတန်၊ ဓမ္မက္ခန်တွင်၊ သင်, ဟော, ရွတ်အံ၊ တွေးကြံရုံကား၊ တရားဖြင့် နေ၊ မဖြစ်ပေတည်း၊ တစ်ထွေ ထို့နောက်၊ တစ်ယောက်တည်း နေ၊ စိတ်နေ ငြိမ်းအောင်၊ ပြုလုပ်ဆောင်၊ အခေါင်တရားဖြင့် နေသူမှတ်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment