ဘုရားပေးသလောက်နှင့် မရောင့်ရဲမိလို့
တစ်ယောက်ပြီး တစ်ယောက် သမီး မိန်းကလေးချည်း ခြောက်ယောက် ထွန်းကားလာပြီးနောက် လုခ် ဆိုသူ၏ ဇနီးက လုခ်အတွက် သားရတနာလေး တစ်ပါး မွေးဖွားပးလိုက်သည်။
သို့သော်ငြား ခေါင်း တစ်လုံးမှ တစ်ပါး အခြား မည်သည့် ကိုယ်ခန္ဓာ အစိတ်အပိုင်မျှ မပါ၊ လူစဉ် မမီသည့် သားလေး ဖြစ်နေ၏။ ကိစ္စမရှိပါ။
လုခ် စိတ် တစ်ချက် မပျက်။ ခေါင်းတစ်လုံးတည်း သားကို ချစ်လို့မ၀။ သား အဖေ ဖြစ်ရတာ ဂုဏ်ယူ ၀မ်းသာလို့ မဆုံးနိုင်။
သည်လိုနှင့် ကြီးပြင်းလာသော သားတစ်ပ်စီ၏ အသက် ၂၁နှစ်ပြည့်မွေးနေ့တွင် သားဖြစ်သူကို အရက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။
“မင်းတို့ဆိုင်မှာရှိတဲ့ ဈေးအကြီးဆုံးနှင့် အကောင်းဆုံး ၀ီစကီ တစ်ဖန်ခွက် ပေးစမ်းကွာ” ဟု မှာပြီး သားကို တိုက်လိုက်သည်။
ခေါင်းတစ်လုံး ငတိလေးလည်း တဂွတ်ဂွတ် မျိုချလိုက်သည်။ အရက်လည်း ၀င်သွားရော ဥုံဖွဟု မန်းမူတ်လိုက်လေသလား မှတ်ထင်ရသည်။ ခေါင်းအောက်မှ လည်ပင်း ပေါ်ထွက်လာသည်။
အံ့သြ၀မ်းသာသွားသော အဖေဖြစ်သူ လုခ်က အရက် တခွက် ထပ်မှာပြီး သားကို တိုက်ပြန်သည်။ နတ်ရေကန်ထဲ နှစ်လိုက်သည့်အလား သား၏ ကိုယ်ခန္ဓာ အပေါ်ပိုင်း ရုပ်လုံး ပေါ်လာသည်။
“ဟုတ်ပြီကွ၊ ဒါမှ ငါ့သား၊ ကိုယ်လုံး ကိုယ်ထည်တွေ ထွက်သထက် ထွက်စမ်း ဟချလောင်း”
လုခ် ၀မ်းသာအားရ အော်ဟစ် ဆုတောင်းပြီး သားကို အရက် နောက် တစ်ခွက် ထပ်တိုက်လိုက်ပြန်သည်။
တစ်ခွက်ပြီး တစ်ခွက်၊ ခြေလက်တွေပါ ပေါ်ထွက်လာပြီးနောက် လူသား ပီပီ လူစဉ် မီမီ ဖေ့သား ဘ၀ ရောက်လာလေ၏။
တစ်ဆိုင်လုံးလည်း တဟေးဟေး တဟားဟားနှင့် သြဘာပေးသံ သ၀ဂ်ညံသွားသည်။ ဖေကြီး လုခ်၏ အောင်ပွဲခံ အော်ဟစ်မြူးထူးသံက အကျယ်လောင်ဆုံး။
ခြေထောက်ပါ ပေါက်နေပြီ ဖြစ်သော တစ်ပ်စီ မတ်တတ် ထရပ်လိုက်သည်။ ခြေလှမ်း လှမ်းပြီး လမ်းစလျှောက်သည်။ ၀ဲဘက်သို့ ယိမ်းထိုးသွားသည်။ ယာဘက်သို့ ယိမ်းထိုးသွားသည်။ ဒယီး ဒယိုင်နှင့် တစ်လှမ်းပြီးတစ်လှမ်း လှမ်း၍ ဆိုင်ပေါက်ဝမှ လျှောက်ထွက်သွားလိုက်တာ ဆိုင် အပြင်ဘက် ကားလမ်းမပေါ် ရောက်သွားသည်။
တစ်ပ်စီ နားထဲတွင် ရှေ့နားက ထရပ်ကားကြီးတစ်စင်း မောင်း လာနေသံ ကြားရသည်။
သား၏ ဖေကြီးအပါအ၀င် အရက်ဆိုင်တစ်ဆိုင်လုံး ပါးစပ် အဟောင်းသားနှင့် ကြက်သေ သေနေကြ၏။
ဆိုင် အပြင်ဘက် ကားလမ်းမပေါ်မှ ၀ုန်း ဆိုသော အသံကြီး ထွက်ပေါ်လာ အပြီးမှာ အရက်ဆိုင်ရှင်က လုခ်ကို ကရုဏာသက်စွာ ပြောလိုက်သည်က -
“ခင်ဗျား သားကိုဗျာ၊ သူ့ ဘာသာသူ ခေါင်း တစ်လုံးတည်းနှင့် ရှိနေပါစေတော့လား”
ကာလနင်္ဂါး မဖြစ်ရလို့လားကွယ်
ဆေးခန်းတစ်ခုတွင် ဆရာဝန်နှင့် လူနာ အချီအချ ပြောဆိုနေသံ တစ်ခုကို ဧ၀ံ သုတံ ဤသို့ ကြားခဲ့ရပါသည်။
“ဒေါက်တာရယ် လုပ်ပါဦး၊ ကျွန်တော် အိပ်မပျော်တဲ့ ရောဂါ အပြင်းအထန်ကို ခံစားနေရပါတယ်၊ ရောဂါက အတော့်ကို ဆိုးရွာပါတယ်”
“ပြင်းထန်တယ်၊ ဆိုးရွားတယ် ဆိုတာ ခင်ဗျားဘာကို ဆိုလိုတာလဲ၊ အိပ်မပျော်တာ အိပ်မပျော်တာပဲပေါ့ဗျ၊ ဘယ်လောက် အထိ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား အိပ်မပျော်တာမို့လို့လဲ”
“ဟာ ကျွန်တော့် အိပ်မပျော် ရောဂါက ပြင်းထန် ဆိုရွားသလား မမေးနှင့် ဆရာရေ၊ ဆိုးရွားတာမှ အိပ်ရာက ထချိန်မှာ ဆက်အိပ်ဖို့ ဘယ်လောက် ကြိုးစား ကြိုးစား ဆက်အိပ်လို့ မရတော့တဲ့ အထိတောင် ပြင်းထန် ဆိုးရွားတာပါ ခင်ဗျား .........”
ထိုအချိန် ဒေါက်တာပြန်ပြောလိုက်တာကတော့ “ကာလနင်္ဂါး မဖြစ်ရလို့လားကွယ်”
Tuesday 15 March 2011
ခဏလောက်ဖြစ်ဖြစ် ပြုံးနိုင်ပါစေ
အမျိုးအစား/ကဏ္ဍ
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment