ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၁၀။ စတုတ္ထ အနာဂတဘယသုတ်


ရဟန်းတို့! ဆိုလတံ့သော အနာဂတ်ဘေး ၅-မျိုးသည် ယခုအခါ မဖြစ်ပေါ်ကုန်သေး၊ နောင်အခါ ဖြစ်ပေါ်ကြလိမ့်မည်၊ ထိုဘေးတို့ကို သင်တို့ သိထားရမည်၊ သိပြီး ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်။

ယင်း ၅-မျိုးမှာ -

အနာဂတ်ကာလ၌ ရဟန်းတို့သည် -

၁။ သင်္ကန်းကောင်းကောင်းကို လိုချင်ကြလိမ့်မည်။

ထိုသို့ သင်္ကန်းကောင်း လိုချင်ကြသဖြင့် ပံသုကူဓုတင်ဆောင်ခြင်းကို စွန့်လွှတ်ကြလိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြလိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ၀င်ရောက်နေကြလိမ့်မည်၊ သင်္ကန်းကို အကြောင်းပြု၍ အလျော်မလျောက်ပတ် အပ်စပ်သည့် ပစ္စည်း ရှာမှီးခြင်းများကို ပြုလုပ်ကြလိမ့်မည်။

ဤကား ပထမ အနာဂတ်ဘေးတည်း။


၂။ ဆွမ်းကောင်းကောင်းကို လိုချင်ကြလိမ့်မည်။

ထိုသို့ ဆွမ်းကောင်းကို လိုချင်ကြသဖြင့် ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်းကို စွန့်လွှတ်ကြ လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြလိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ၀င်ရောက်၍ လျှာအလိုလိုက်ကာ အရသာကောင်းများ ရှာမှီး၍ နေကြလိမ့်မည်၊ ဆွမ်းကို အကြောင်းပြု၍ မလျော်မလျောက်ပတ် အပ်စပ်သည့် ပစ္စည်းရှာမှီးခြင်းများကို ပြုလုပ်ကြလိမ့်မည်။

ဤကား ဒုတိယ အနာဂတ်ဘေးတည်း။


၃။ ကျောင်းကောင်းကောင်းကို လိုချင်ကြလိမ့်မည်။

ထိုသို့ ကျောင်းကောင်းကို လိုချင်သဖြင့် သစ်ပင်ရင်း၌ နေခြင်းဟု ဆိုအပ်သော ရုက္ခမူဓုတင်ဆောင်ခြင်းကို စွန့်လွှတ်ကြလိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်း တို့ကို စွန့်လွှတ်ကြလိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ၀င်ရောက်နေကြလိမ့်မည်၊ ကျောင်းကို အကြောင်းပြု၍ မလျော်မလျောက်ပတ် မအပ်စပ်သည့် ပစ္စည်းရှာမှီးခြင်းများကို ပြုလုပ်ကြလိမ့်မည်။

ဤကား တတိယ အနာဂတ်ဘေးတည်း။


၎။ ရဟန်းမ, သိက္ခမာန်မ, သာမဏေမတို့နှင့် ရောနှော နေကြလိမ့်မည်။

ထိုသို့ ရောနှောနေသဖြင့် “မြင့်မြတ်သော အကျင့်ကို မပျော်ပိုက်ဘဲလည်း ကျင့်ကြလိမ့်မည်၊ ညစ်ညမ်းသော အပြစ်တစ်ခုခုကိုလည်း ကျူးလွန်ကြလိမ့်မည်၊ သိက္ခာချ၍မူလည်း လူထွက်ကြလိမ့်မည်” ဟူသော အကျိုးကို ဧကန်ရမည်။

ဤကား စတုတ္ထ အနာဂတ်ဘေးတည်း။


၅။ အရံစောင့်, သာမဏေတို့နှင့် ရောနှောနေကြလိမ့်မည်။

ထိုသို့ ရောနှောနေသဖြင့် “သိုမှီး သိမ်းဆည်းခြင်း အမျိုးမျိုးကို ကြောင့်ကြစိုက်လျက် နေကြလိမ့်မည်၊ မြေကြီးတူးဆွခြင်း, ရှင်သန်ဆဲသစ်ပင်ကို ခုတ်ဖြတ်ခြင်းစသည်၌ ၀ိနည်းနှင့်မလျော်သော အပြုအမူများကို ပြုလုပ်ကြလိမ့်မည်” ဟူသော အကျိုးကို ဧကန် ရမည်။

ဤကား ပဉ္စမ အနာဂတ်ဘေးတည်း။


ဆောင် - နောင်ခါ ရဟန်း၊ သင်္ကန်း, ဆွမ်း, ကျောင်း၊ အကောင်း လိုချင်၊ ဓုတင် မဆောင်ကြ၊ ရဟန်းမ, သိက္ခမာန်၊ ရောနှောပြန်နှင့်၊ အရံစောင့်လူ၊ ရောမူ တခြား၊ ဤငါးပါး၊ မှတ်သား အနာဂတ်ဘေး။

မှတ်ချက် - အနာဂတဘယသုတ် ၄-မျိုး၌
သာသနာ ဆုတ်ယုတ်ကြောင်း, ကြီးပွါးကြောင်းတို့ကို ဟောထားသည်၊
ဤအနာဂတ်ဘေးများ ယခုလက်တွေ့ ရောက်နေပြီး။


ဒသမသုတ် ပြီး၏။

၃-ခုမြောက် ယောဓာဇီ၀၀ဂ် ပြီးပြီ။

No comments:

Post a Comment