ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 28 February 2013

ပြင်ပကဖြစ်သောရန် ဧည့်သည်ချင်း စကားများရာမှ

ပြင်ပအန္တရာယ်သည် -

(က) အာရုံချင်းချင်း ဆုံမိတိုက်မိရာမှ အတွင်းချင်းထ၍ ဖြစ်ရသော အန္တရာယ်၊

(ခ) အာရုံချင်း အမှတ်မဲ့ကြား၊ မတော်တဆ တိုးသွားမိရာမှ ဖြစ်ရသော အန္တရာယ်၊

ထိုနှစ်မျိုးတို့သာ အဖြစ်များတတ်၏။


ထိုတွင် -

(က) အထက်က ဖော်ပြခဲ့ပြီးသော အတွင်းသူပုန် ဆယ်မျိုးတို့ကြောင့် အာရုံအချင်းချင်း ဆုံမိကြစဉ် ထိပ်တိုက်တိုးရသော ချစ်သူပုန်၊ မုန်းသူပုန်ထပွဲကား ထင်ရှားပြီး ဖြစ်၏။

ဤ၌ကား မတော်တဆမူကိုသာ ညွှန်းဆိုပါအံ့။

(ခ) ထို မတော်တဆအန္တရာယ်သည် -

၁။ အတိတ်ဝိပါက်ကံတိုက် ဆိုက်ဆိုက်ကြီး လိုက်လာ၍ ခံရသော အန္တရာယ်၊

၂။ ပစ္စုပ္ပန်၏ နမော်နမဲ့ကြောင့် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပမာ အန္တရာယ်၊

၃။ အန္တရာယ်တို့အကြား အသွားမှားရာမှ ညှပ်ပူး ညှပ်ပိတ် ခံရသော အန္တရာယ်၊

ထိုသုံးမျိုးတို့သာ အ၀င်များတတ်၏။

ထိုသုံးမျိုးတို့တွင် -

၁။ သမုဒ္ဒရာအလယ် သို့မဟုတ် ကျောက်တောင်၏ အခေါင်းတွင်း သွားရောက်ပုန်းကွယ်နေစေ၊ ရှေး ကံဝိပါက်တို့ နှိပ်စက်ရန် အလှည့်ကျရောက်နေချိန်ဖြစ်က ခံကြရသည့် အန္တရာယ်များကား ကိုယ် မိုက်ခဲ့သလောက် ဆိုက်ရောက်လာတတ်၏။

ဘုရားရှင် ရွှေလက်ထက်တော် ကာလတုန်းက တရားရှာ ရဟန်းတော်တစ်စု တစ်ခုသော တောခေါင်းဂူလိုဏ်ကြီးအတွင်းဝယ်စု၍ တရားရူပွားနေကြတော်မူရာ ထိုတောင်ကြီး ပြိုဆင်းလာပြီး ဂူကြီးပါဖိ ပိတ်မိသွားကြတော့ကာ အသက်ဆုံးပါးကြရရှာ၏။

ထိုအန္တရာယ်သည် -

နုစဉ်ကာလ တစ်ခုသောဘ၀က ၎င်းတို့သည် တောင်ပို့တွင်းဝင်ပြေးသွားသော ဖွတ်တစ်ကောင်းကို တောင်ပို့ ပိတ်ဆို့၍ သတ်ဖြတ်ခဲ့ကြမူ ဆို၏။

၂။ ထိုသို့သော အတိတ်ကြွေးကား မရှိ၊ ယနေ့ ငေးနေမိသဖြင့် အန္တရာယ်ဝင်လာစဉ် ပြေးမလွတ်တော့သော အန္တရာယ်များကလည်း ဒုနဲ့ဒေးပင်။

၎င်းတို့မှာ ရထားစီးရင်း၊ ကားစီးရင်း၊ အချင်းချင်း စကားပြောဟော၊ ရယ်ရယ်မောမော မေ့မျောလိုက်ပါလာစဉ် ခြေလျင်သွားရာ အလုပ်ဝင်ရာ ကိုယ်မှာတွင် စိတ်မကပ် ထိုစိတ်ရှေ့ရောက် နောက်ပြန်အတွေ့အကြုံများဖြင့် သွားနေစဉ် စသည့် စိတ်တခြား ကိုယ်တခြားထား လူပ်ရှားရာတိုင်း၌ တွေ့ရတတ်၏။

ဘုရားရှင် ရွှေလက်ထက်တော်ကာလတုန်းက -

ဘုရားရှင်၏ ၀မ်းကွဲညီတော်လည်း ဖြစ်သော သကဒါဂါမ် အဆင့်မီလည်းဖြစ်သော မဟာနာမ်မင်းကြီးနှင့်တကွ ကပ္ပိလ၀တ်ပြည်သားများကို ဂလဲ့စားချေသောအားဖြင့် ထို မဟာနာမ်မင်းကြီး၏ မြေးတော်စစ်စစ်ဖြစ်သော ပိဋဋူပမင်းသားက သွားရောက်သတ်ဖြတ်ခဲ့၏။ ဘာမျိုးလည်း မေး၊ သာကီမျိုးပါဖြေသမျှ ကလေးမှ မကျန်တည်း။

ကပ္ပိလ၀တ်မှ သာဝတ္ထိပြန်အလာ -

လမ်းရှိ တစ်ခုသော မြစ်၏ သဲသောင်ပြင်ပေါ်ဝယ် မောမောနှင့် အိပ်စက်နား နားကြ၏။ ၎င်းတို့ အိပ်သဖြင့် မေ့ခိုက်၊ မြစ်ရေကြီး တက်လာပြီး လှိမ့်တိုက်ယူသွားရာ ၀ိဋဋူပနှင့်တကွသော အမေ့အမောသမား မျောပါခဲ့ရချေပြီ။

ထိုအဖြစ်ဆိုးကား နမော်နမဲ့ကြောင့်ပင် ဖြစ်၏။ ကာလ၀ိပါက် နောက်ပိုးတက်ဆိုကလည်း မမှားတန်ရာပြီ။

၃။ မိမိ၌ အတိတ်ကံဝိပါက်လည်း မရှိ၊ သတိလည်း မလွတ်ပါခဲ့၊ သို့တစေလည်း တစ်ဖက်နှင့်တစ်ဖက် အပြန်ပြန်အလှန်လှန် အချင်းချင်း စစ်ခင်းနေကြရာအကြား တိုးသွားမိမှားလျှင် ငါတို့ခေတ် ငါတို့မျက်စိနှင့် နားရှေ့မှာပင် အချင်းချင်း မပြေလည်သဖြင့် စစ်ဖြစ်ပွားနေသော တိုင်းပြည်နှစ်ပြည်ကြားမှ ပြည်သူပြည်သားများ အချင်းချင်း မကျေနပ်သဖြင့် စစ်ခင်းနေသော လူမျိုးစုနှစ်စုအကြားမှ အရပ်သူအရပ်သားများ အချင်းချင်း တရားမဲ့သဖြင့် စစ်ခင်းရေသော ဘာသာနှစ်ခုတို့အကြားမှ ဘာသာဝင်များ၏ ကျားရဲရာ ကြမ္မာမရွေးသာ စကားပမာ နှစ်ဘက် ဖောက်ခံရသော နှစ်ဘက်ပေါက် အန္တရာယ်အချင်းချင်းတို့ကား နားမဆံ့ မြင်မဆုံးတည်း။

ထိုမှတစ်ပါး -

တစ်ဦးနှင့်တစ်ဦး အချင်းများနေကြသည့်အကြား တရားကပ်သမားတစ်ဦးသည်

မင်းတော်တော့၊ နင် နောက်ဆုတ်

ပြန်ဖြေပေးရင်းက ထိုသူနှစ်ဦး၏ တုတ်ချက်၊ ဓားချက်တို့ဖြင့် အသက်ထွက်ကြရသော အန္တရာယ်များလည်း သင့်ရှေ့နားမှာပင် မြင်ပြီး ထင်၏။

ထိုထိုသို့သော အန္တရာယ်မျိုးတို့သည် -

စားစား၊ သွားသွား၊ နားနား၊ နေနေ အချိန်ပြည့်ပေါ်နိုင်၏။ စကားပြောရင်း၊ တွေးတောငေးမောရင်းကလည်း ပေါ်နိုင်၏။ အိပ်ပျော်နေစဉ်ကာလ၊ နိုးထလာစဉ်ကာလတို့၌လည်း ပေါ်နိုင်၏။ တစ်ဖန် ရပ်လျက်၊ ထိုင်လျက်၊ အိပ်လျက်ကလည်း ပေါ်နိုင်၏။ အန္တရာယ် ကင်းသောနေရာ၊ အန္တရာယ် မပေါ်သည့်အချိန် ဘယ်မှာမှ မရှိ။

လောကကြီးထဲ၌ -

(က) တည်ရာ၊ မှီရာ ရှိနေသမျှ၊ တည်သူ၊ မှီသူများလည်း လာရောက် နေထိုင်ကြမည်သာ။

(ခ) လာရောက်နေသူတို့ စားရန်၊ ၀တ်ရန်၊ နေရန် ဖန်တီးနေသမျှ ရှေ့လုပ်၊ နောက်ကန် အန္တရာယ်များလည်း ပေါ်ပေါက်နေမည်သာ။

ထိုစဉ် -

သင့်ကြောင့် သူတစ်ပါး အန္တရာယ်ဖြစ်လျှင် သင်ကား ရန်သူတည်း။

သူ့ကြောင့် သင် အန္တရာယ်အဝှေ့ ဘေးတွေ့လာလျှင်လည်း သူကား ရန်သူတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနား မှတ်တမ်းများ

ဒီနေ့ ( ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ) တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံ၊ ဘုံဘေ၊ ယခု ( မွန်ဘိုင်း ) မြို့ ကလျန်း Kalyan ဒေသမှာ ဟိန္ဒူဘာသာဝင် အိန္ဒိယနိုင်ငံသားများမှ ထေရ၀ါဒဗုဒ္ဓဘာသာ သို့ ဘာသာရေး ကူးပြောင်း ပွဲတော်ကြီးကို စနေ၊ တနင်္ဂနွေနှစ်ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပတာကို ကြုံခဲ့ရတယ်၊ မိမိတစ်သက် တာတွင် တခါမျှ မကြုံခဲ့ဖူးသော ဘာသာရေးကူးပြောင်းပွဲတော်ကို ကြုံဖူးခြင်းပါပဲ။

 
  
တကယ် ကိုအံ သြ ဖို့ ကောင်း လိုက် တာ...
 
ဘုရားရှိခိုးစာများ ရွတ်ဖတ်နေကြစဉ်.
ဟုတ်တယ်၊ အံ့သြစရာ ကောင်းတာက ဘာသာပြောင်းလာသူ မှန်သမျှဟာ ဦးဂိုအင်ကာရဲ့ ရိပ်သာမှာ အနည်းဆုံး (၁၀) ရက် ၀ိပဿနာတရားစခန်းကို ကလေးရော လူကြီးများပါ ၂ ကြိမ် ၊ ၃ ကြိမ် ၀င်ရောက်အားထုတ်ဖူးသူတွေချည်းပဲ..
 
ဘာသာပြောင်းလာသူများကို ရှေးဦးစွာ ဘုရားရှင်အား ရှိခိုးပူဇော်စေပါတယ်.. ပြီးမှ သရဏဂုံပေး၊ သီလယူစေတယ်..
 
ယခုဘာသာရေးကူးပြောင်းပွဲတော်ကို ဦးဆောင်သော ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ..ကုလားလူမျိုးဗုဒ္ဓဘာသာများက အထူးကြည်ညိုလေးစားကြသော ဆရာတော်ကြီးဖြစ်ပါတယ်..သွားလေရာရာ ဖိနပ်မစီး၊ သင်္ကန်းသုံးထည်၊ သပိတ်ပရိက္ခာများနှင့် ကြည်ညိုစရာကောင်းလှသလို ဘာသာရေးစိတ်ဓာတ်ပြင်းပြထက်သန်လှတာကို တရားဟောရင်း သတိထားမိတယ်၊ အိန္ဒိယသာသနာရေးအတွက် အားတက်စရာများပါ.
 
 
  
သရဏဂုံသုံးပါး၊ ငါးပါးသီလရွတ်ဆိုအပြီး အဓိပ္ပါယ်ရှင်းလင်းဟောပြီးတာနဲ့ ကိုးကွယ်နိုင်စေရန် ဘုရားဆင်းတုတော်လေးများ၊နှင့် ပန်းစည်းများ လက်ဆောင်ပေးကြတယ်..
 
 
 မနက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်များက ရွတ်ဖတ်ကြပြီး လူစုနေကြတယ်၊ နေ့လည်ပိုင်းမှာ ကူးပြောင်းမယ့်သူ တွေကို ပရိသတ်ရဲ့ ရှေ့ဆုံး သံဃာတော်တွေရဲ့ ရှေ့တည့်တည့်မှာ သရဏဂုံချပေး၊ သီလပေးပြီး အနည်း ငယ်ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြတယ်၊

ပြီးတော့သူတို့ ကိုးကွယ်ရန် ဘုရားဆင်းတုတော် လေးများနှင့် ပန်းစည်းများကို လက်ဆောင်အဖြစ်ပေးကမ်းပြီး တစ်ယောက်ချင်းစီ၊ ကလေးလူကြီးပါမကျန် ပရိသတ်ကြီးရှေ့မှောက်မှာ ၀မ်းသာစကား ပြောကြားစေတယ်၊

တစ်ယောက်ပြောပြီးတိုင်း ပြောပြီးတိုင်းမှာ ပရိသတ်အားလုံးကလဲ လက်ခုတ်သြဘာသံများ တစ်ဖျောင်းဖျောင်းပေးပြီး အားပေးနေကြတဲ့ မြင်ကွင်းဟာ မိမိတသက်တာမှာ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းတစ်ခုပါ၊ ဘ၀မှာ အမှတ်တရ ရှိနေစေမယ့် ခဏတစ်ခုပါပဲ။
 
 
 အခမ်းအနား ပြီးခါနီး ပွဲတော်ကျင်းပခြင်း တာဝန်ခံ ဗုဒ္ဓဘာသာဝင်လူကြီးများနှင့် အားလုံးပရိသတ်များက အောင်မြင်စွာ ကြွေးကျော်ခြင်းဖြင့် လက်ရုံးများ ဆန့်တန်းကာ အားပါးတရ ဟစ်ကြွေးနေကြစဉ်
 
 


ဝမ်းသာစိတ်ကို မြိုသိပ်ရင်း တခါက အင်္ဂလိပ်လိုရေးထားသော ဓမ္မပဒကို ဖတ်ကာ အီတလီလူမျိုးအဖြစ် ရောမဘရင်ဂျီ ခရစ်ယာန်ဘာသာမှ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ၊ ထိုမျှအားမရပဲ ရှိသမျှ စည်းစိမ်များ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ သာသနာ့ဘောင်တက်လှမ်းလာပြီး အီတာလျံ သာသနာပြုဘုန်းတော်ကြီး ဦးလောကနာထရယ်လို့ ကမ္ဘာမှာ ထင်ရှားကျော်ကြားခဲ့သူ ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို ပေးခဲ့တဲ့ Messages လေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

“ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊

ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊
ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊

ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင်တပါးရဲ့တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊

ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိ လာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်” …

အလွယ်တကူ ရရှိလာတဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကို တန်ဖိုးထားတတ်ကြပါစေ..
(ပန်းကမ္ဘာ)
----------------------------------------------------- 

 ခမ်းမကြီး အပြင်ဘက်မှာ ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ စာအုပ်များ၊ စီဒီခွေများ ၊ ပြက္ခဒိန်များ၊ အမှတ်တရ ပစ္စည်းများကို စိတ်ကြိုက်ရောင်းချပေးနေကြပါတယ်.. သေချာမေးကြည့်မိတော့ ဘယ်လောက်များ ၀မ်းသာသွားသလဲ ဆိုရင် အဆိုပါဒေသကို Buddhist's Land လို့ တောင် ခေါ်တွင်ပါသတဲ့၊ မြင်မြင်သမျှ ကုလားတွေအားလုံး ဗုဒ္ဓဘာသာဝင်တွေချည်းပဲ. တဲ့.
 

အိန္ဒိယနိုင်ငံမှာ မကြာခဏ အခုလိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲတော်တွေ ကျင်းပလေ့ရှိပါတယ်၊ သို့သော် မိမိနှင့် ဆက်စပ်မှုမရှိတဲ့အတွက် မသိခဲ့ဘူး၊ ၁၀ ယောက်၊ အယောက် ၂၀၊ အယောက်(၅၀) စသဖြင့် အခွင့်ကြုံရင် ကြုံသလို၊ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်ရရင် ရသလို ဘာသာပြောင်းပွဲ ကျင်းပကြပါတယ်၊

ဟိန္ဒူတွေကြီးစိုးတဲ့ နိုင်ငံမှာ ဟိန္ဒူကနေ အခြားဘာသာ ပြောင်းဖို့ ကျင်းပခွင့်ပေးတယ် ဆိုတာ အစိုးရပိုင်းက တော်တော်သဘောထားကြီးလို့ပါ၊
.................................................................................
ဗဟုသုတ

တခေတ်တစ်ချိန်ကတော့ သမိုင်းတွင်စေမယ့် ဘာသာပြောင်းပွဲကြီးကို အိန္ဒိယနိုင်ငံ၊ နာဂပူရ် Nagpur မြို့မှာ ကျင်းပခဲ့တော့ တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ဖူးတယ်၊ အုတ်အုတ်ကျက်ကျက်လဲ ဖြစ်ခဲ့ဖူးတယ်၊ အဲဒီနေ့ဟာ 1956 ခုနှစ်၊ October (14th) ရက်။

ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံတတ်တဲ့ ကမ္ဘာမှာ တနိုင်ငံတည်းသာ ရှိတော့တဲ့ အိန္ဒိယမှာ ဇာတ်နိမ့်မျိုးရိုး Untouchable Caste ( Untouchable Caste-ဆိုတာမွေးလာသူမှန်သမျှ မည်မျှပင်ထူးချွန်၊ ထက်မြက် နေစေကာမူ အမှိုက်ကျုံး၊ မစင်ကျုံး၊ သန့်ရှင်းရေး၊စသော အောက်ခြေသိမ်းအလုပ်များမှလွဲ၍ ကျန်တာ ဘာမှ လုပ်ပိုင်ခွင့်မရှိ၊ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေးအားလုံး ဘာမှ သင်ယူလေ့လာခွင့်မရှိအောင် နှိမ်ကွပ်ခံထားရသောလူမျိုးစုများကို ခေါ်သည်)

အဆိုးဆုံးက အကိုးကွယ်ခံ ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားမျိုးတွေက သူတို့သာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ပါးစပ်ကမွေးဖွားခဲ့တာ၊ သူတို့သာ အမြတ်ဆုံး ဆိုပြီး လူအများစုကို နှိမ့်ကွပ်ချိုးနှိမ်ထားခဲ့တာပါ။

ထိုကဲ့သို့သောဇာတ်နိမ့်မျိုးရိုးမှ မွေးဖွားလာသော်လည်း နိုင်ငံတော်၏ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တွေးခေါ်ကြံဆမှုကို ၀ါသနာပါသူ၊ စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမား နှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာမျိုးစေ့ကို ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှတဲ့ ဒေါက်တာအမ်ဘေဒကာ Dr Ambedkar ဟာ သူ့တပည့်နောက်လိုက်လူဦးရေ (၅သိန်း) ကျော်နဲ့အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြောင်း တရားဝင်ကြေညာကာ အခုလိုပဲ ပွဲတော်ကြီး ကျင်းပခဲ့ဖူးတယ်။

အဲဒီကနေ ဒေါက်တာအမ်ဘေဒကာ မျိုးစေ့ချပေးခဲ့တာ လူပေါင်း(၅)သိန်းကျော်ကနေ ပွားလာလိုက်တာ ယနေ့အထိ နှစ်ပေါင်း (၅၆) နှစ်ကျော်အတွင်းမှာ အတိအကျခန့်မှန်းလို့ မရအောင်ကို တိုးပွားလာနေပါတယ်၊ နေရာတိုင်းမှာ ဘုန်းကြီးသံဃာများကို မြင်လျင်- ၀န္ဒာမိ ဘန္တေ-ရှိခိုးဦးတင်ပါတယ် အရှင်ဘုရား ဆိုပြီး လက်အုပ်ချီကာ အရိုအသေပေးလေ့ရှိကြတာ ကြည်နုးစရာပါ။
 

ဒီလိုပွဲတော်မျိုးမှာ ပါဝင်ဆင်နွှဲခွင့်ရတာ ဖော်ပြလို့မရနိုင်တဲ့ ကြည်နူးမှုပါ.. သံဃာတွေအများကြိးကို ဖူးမြင်ရလို့ ပီတိဖြစ်နေကြတဲ့ ပရိသတ်အားလုံးရဲ့ မျက်နှာတွေ၊ သူတို့ရင်ထဲက ပီတိတွေအတွက် ကျေနပ်မဆုံး ဖြစ်ခဲ့၇တယ်.
 
 အားလုံဝမ်းသာပီတိ ဖြစ်ရအောင်   Pann Gabar  facebook ၏ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနားမှတ်တမ်းများမှ ကူးယူလာပါသည်။    
 သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပါတ်ကမ္ဘာတည်ပါစေ.........
                                                                           လေးစားစွာဖြင့်    ....    မောင်မြင့်


ထိုနေရာမှ တစ်ဆင့် ပြန်လည်ကူးယူမျှဝေလိုက်ပါသည်။

မတူသော ဘ၀နှစ်ခု စိတ်ကို အလုအယက်

မောဟနှင့် သတိသည် မတူသော ဆန့်ကျင်ဘက်နှစ်ခု ဖြစ်၏။ အယုတ်ဘက်၌ မောဟခေါင်းဆောင် အမြတ်ဘက်၌ သတိ ခေါင်းဆောင်၏။

စိတ်ကား သိရုံမှတစ်ပါး သူ့၌ အခြားသတ္တိ ဘာမှ မရှိ။ ထိုခေါင်းဆောင်နှစ်ခုတို့သည် -

၁။ အလင်းနှင့်အမှောင် အတူမတွဲဘိသို့၊ မေ့နေခြင်းနှင့် အမှတ်ရနေခြင်းတို့လည်း အတူတွဲ၍ အထဲဝင်နေရိုး မရှိကြချေ။

၂။ အိပ်ပျော်နေခြင်းနှင့် နိုးထခြင်းလည်း ဆန့်ကျင်ဘက် ကစားနေဘိသို့ မောဟနှင့် သတိသည်လည်း ဆန့်ကျင်ဘက်အားဖြင့် အပြန်အလှန် ကစားနေကြ၏။

၃။ အငှားအလုပ် ခေါင်းဆောင်နေရာက ၀င်ရောက်၍ ခိုင်းစားနေသူနှင့် ကိုယ်ပိုင်အလုပ် ကိုယ်တိုင်ပင် ၀င်လုပ်နေသူနှစ်ဦးကဲ့သို့လည်း ပမာတူချေ၏။

ထို မတူသော အမေ့နှင့် မှတ်မိတို့သည် အမေ့ဘက်က အားသာလာလျှင်စိတ်ကို မေ့ပျောက်စေပြီး အမှတ်ဘက်က အားသာလာလျှင် စိတ်ကို အမှတ်ရဘက်သို့ တွန်းပို့နေ၏။

ထိုတွင် -

၁။ ထိုစိတ် အမေ့များသွားလျှင် ဘ၀သည်လည်း လာရာလမ်းသို့ ပြန်ပို့ပေးမည်။

ထိုစိတ် အမှတ်များထားလျှင် ဘ၀သည်လည်း အထက်တက်စေရမည်။

သည့်အတူပင်လျှင် -

အမေ့သန်၊ အသေများခြင်း၊ အမှတ်သန် အသေနည်းရခြင်း တို့သည်လည်းကောင်း၊

အမေ့သန်၊ အောက်ဆင်း၊ အမှတ်သန် အထက်တက်ရခြင်း တို့သည်လည်းကောင်း၊

တစ်ဦးတည်း၏ သဏ္ဌာန်ဝယ် -

ထိုနှစ်ခု သူလု၊ ကိုယ်လု ဆွဲနေကြပြီး တစ်ဦးတည်း၏ ဖြစ်စဉ်၌လည်း ထိုနှစ်ခု အလုအယက်သာ လွန်ဆွဲနေကြ၏။

နောက်နောက်ကလည်း ထိုနှစ်ခု အလုအယက်တည်း။

ယခု နေဆဲ၌လည်း ထိုနှစ်ခု အလုအယက်တည်း။

ထိုတွင် -

အောက်လမ်းပြန်တို့သည် အမေ့ဘက်က အလုသန်သွားသောကြောင့် ဖြစ်၏။ အထက် တက်သွားသူတို့ကား အမှတ်ရဘက်က အလုသန်သွားသောကြောင့် ဖြစ်၏။

သို့ကြောင့်… မနေလို မသေလိုသူတို့သည် အမှတ်ကိုသာ အားကိုးကြလေကုန်၏။ နေလိုသေး၊ သေလိုသေးတို့ကား အမေ့ကိုသာ လက်သပ် မွေးကြလေကုန်၏။

သင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း -

ထိုစိတ်တစ်ခုတည်းရှိ လမ်းကြောင်းနူတ်ခမ်းဝ နှစ်မျိုးတို့ပေါ်တွင် မည်သည့်နူတ်ခမ်းဘက်ကနေ စခန်းဆက်ကြမည်နည်း။

၂။ တစ်ဖန် လောဘကား မောဟအသိပေးထားသော မသိကောင်းကိုလျှင် အကောင်းထင်မှတ်မှားပြီး၊ စိတ်ကို အမည်းဖုံး စည်းရုံးကျုံးသွင်းကာ ကိုယ်ကို ခိုင်းစားပေးရ၏။ ၎င်း အကောင်းထင် တစ်ယူသန်သန် စွဲလမ်းနေသော အာရုံထင်ဝတ္ထုကို မရမချင်း စိတ်ကို ပူဆာနေလျှင် ၎င်းပူဆာစဉ် နှလုံးသွေး ချင်းချင်းရဲ တက်လာတော့သဖြင့် စိတ်ကား မကြည်လင်ပြီ။ လောဘပူးဝင်ကာ ပူဆာခံနေရသဖြင့် နှလုံးသွေးတုန် ဆွေ့ဆွေ့ခုန်လာရကား ရှေ့ရေးဆို ဘာဆိုဘာမျှ ပြေးသိခွင့် မရပြီ။ ထိုအခါ ဘာဖြစ်ဖြစ် အတွေးမှတစ်ပါး အခြားအတွေး အရေးမလှပြီ။ တုံးဆိုတိုက်၊ ကျားဆိုကိုက် စိတ်ထားမျိုး တိုးဝင်လာသောစိတ် မည်သို့မျှ မအေးရတော့ပြီ။

၃။ ဒေါသကား မောဟက အချက်ပြထားသော မသိဆိုးကိုလျှင် တကယ့်အဆိုးထင် အမြင်ပေါက်သွားပြီး စိတ်ကို အမည်ဖုံး စည်းရုံးကျုံးသွင်းပေးရကာ ကိုယ်ကို ခိုင်းစားပေးရ၏။ စိတ်နွမ်း၍ ကိုယ် သရမ်းပေးရသော တာဝန် ဒေါသမှာ ရှိ၏။

၎င်း အဆိုးတင် ကန့်ကွက်ချေမူန်းရန် ပြင်ဆင်နေစဉ် နှလုံးသွေးသည် ပူလွန်းလှသဖြင့် မည်းတူသွားတော့ကာ ထိုနှလုံးမှီစိတ်သည်လည်း အကြည်ပျောက်၍ မည်းနောက်သွားတော့ပြီ။ နောက်အရေးကို ဘာကိုမျှ မမြင်ရတော့ပြီ။ ထိုအခါ သေတစ်နေ့ မွေးတစ်နေ့ဟေ့ ကြုံးဝါးသံများ အရှက်နှင့် လူလုပ်လာတာဟေ့ အသက်နှင့် လူလုပ်နေတာမဟုတ်ဘူး၊ ကြွေးကြော်သံများ၊ သောသောညံသွားစေတော့၏။ ဒေါသ၀င်အစီးခံလိုက်ရသော ထိုစိတ် မည်သို့မျှ အေးခွင့်မရတော့ပါပြီ။

အထက်ပါ သဘာဝအုပ်စုကြီး သုံးမျိုးတို့သည် -

မောဟကား စကားပြောကောင်းသော နိုင်ငံရေးခေါင်းဆောင်ကောင်း တစ်ဦးပမာ အရာရာတွင် ကြမ်းပိုးကိုကား လိပ်အသွင်မြင်စေပြီး၊ လိပ်ကိုကား ကြမ်းပိုးအသွင် ထင်စေ၏။ သူ့ကြောင့်ပင် အကြိုက်ပေါ်ပြီး သူ့ကြောင့်လျှင် အမုန်းပေါ်ရ၏။ သို့ကြောင့် ထိုမောဟ၏ မသိပိုး အပိုးခံထားရရှာသော လူသားတို့၏ ပြုံးလိုက် ရယ်လိုက် ပြုလုပ်ကြရခြင်း၊ ခေါင်းညိတ်ခေါင်းခါ ပြုလုပ်ကြရခြင်း၊ လက်ကမ်း၊ လက်ရုပ် ပြုလုပ်ကြရခြင်းများသည် ချစ်ခြင်း၊ မုန်းခြင်း ကိစ္စ ပေါ်ပေါက်စေသည်အထိ ဖြစ်လာကြရ၏။

ထိုမောဟသည် -

(က) မြင်၍မှ မကြိုက်ဖြစ်သေးလျှင် ကြိုက်စရာအသွင် ရှေ့ကနေ ဖန်ဆင်းပြပေးပြီး ကြိုက်လာပြီဆိုလျှင်ကား ကြိုက်စိတ်မှတစ်ပါး တခြားစိတ် မ၀င်သာအောင် တံခါးပိတ် ပေးစားတတ်၏။

(ခ) မြင်၍မှ မမုန်းဖြစ်သေးလျှင်လည်း မုန်းစရာအသွင် ရှေ့ကနေ ဖန်ဆင်းပေးထားပြီး မုန်းသွားပြီဆိုလျှင်ကား မုန်းစိတ်မှတစ်ပါး အခြားစိတ်များ မ၀င်သာအောင် ကာဆီး ရန်တိုက်ပေးတတ်၏။

ယနေ့ ဖြစ်ပွားနေသော မကောင်းမူ လူကြောင့်မဟုတ်။

မကောင်းမှန်း မသိသော မောဟကြောင့်ပင်တည်း။

ထို သုံးမျိုးတို့တွင် မသိနှင့် အကြိုက် နှစ်မျိုးတွဲ ပွဲထုတ်ခံရသော လူသား၏စိတ်၊

မသိနှင့် အမုန်း နှစ်မျိုးလုံး၍ အသုံးခံထားရသော လူသား၏ စိတ်များသည် “ကျွဲလူးအိုင်၊ ရွှံ့ပုပ်ရေတို့အကြား ကျက်စားနေရသော သင်းကွဲငါး ပမာ” မိမိ၏ သွားရမည့်လမ်း မှန်းဆ၍ မရပြီ။ ကြည်လင်လန်းဆန်းခြင်း ပေါ့ပါး ဖျတ်လတ်ခြင်း၊ အလျဉ်းမရှိပြီ။

၎။ ထိုစိတ်အာရုံယူ အတူပေါ်လာလျှင် ဘက်ပြိုင်ရန်လည်း ၀န်မလေးပြီ။

၅။ အာရုံပိုင် ကိုင်ခွင့်ရလျှင်ကား အပိုင်သိမ်းပိုက်ရန်လည်း လက်မနှေးပြီ။

၆။ အာရုံတိုက်နှင့် မကြိုက်တကြိုက် ဖြစ်နေလျှင်ကား အမှား၊ တွေးတောဆင်ခြင်ရန်လည်း ၀န်မလေးပြီ။

၇။ အာရုံအလိုက်များသဖြင့် စိတ်နွမ်းပါးလာသောအခါ အာရုံလက်လွှတ်ချထားရန်လည်း ၀န်မလေးပြီ။

၈။ အာရုံအမှား အတိုက်များရာသို့ ပြေးဆော့ကစားရန်လည်း ၀န်မလေးပြီ။

၉။ အများ၏ ရှေ့၊ ယုတ်ညံ့ကျင့် ကျင့်ရန်လည်း မရှက်တတ်၊ မကြောက်တတ်ပြီ။

၁၀။ နောင်ရေးကိစ္စ၊ နောင်ဘ၀စကား ကြားပင် မကြားရတော့၍ နောင် ကြောက်လည်း မရှိပြီ။

ထိုဆယ်မျိုး စိုးမိုးထားသော စိတ်အစဉ်ကို ပူမူတို့က ဖိစီးနှိပ်စက်နေကြတော့ရကား ညစ်နွမ်းလျက်သာ ရှိ၏။ စိတ်နေကိုယ်ခန္ဓာကြီးသည်လည်း ပင်ပန်းလျက်သာ ရှိ၏။ ထိုဆယ်မျိုးတို့သည် သူ့ကိုယ်အကျိုးယောင်ယောင်နှင့် သူတို့အကျိုး သူတို့ သယ်ဆောင်သွားကြသူများချည်း ဖြစ်ကြ၍၊ ကိုယ့်လူ သူ့ဘက်သား အတွင်းနေ ရန်သူများ ဖြစ်ကြ၏။

၁။ ဘာသာအချင်းချင်း စစ်ခင်းနေကြသည်မှာ ထိုအတွင်းရန်ဘေး၊ မအေးကြသေး၍တည်း၊

၂။ တိုင်းပြည်အချင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

၃။ လူမျိုးအချင်းချင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

၎။ လင်မယားချင်း အခန်းတွင်း စစ်ခင်းနေကြသည်မှာလည်း ထိုအတွင်းရန် မအေးကြ၍တည်း၊

စစ်မြေပြင်ဝယ် သံချပ်ကာကားကြီး၏ သေနတ်ပြောင်းဝထိပ်မှ ကျည်ဆံကြီးများ တဒုန်းဒုန်း ပေါက်ကွဲမြည်ဟီးသံကြီးများနှင့်အတူ ပြင်ပစစ်တလင်းဝယ် စစ်ခင်းနေပါ၏။

ထိုပြောင်းဝ၊ ထိုကျည်ဆံတို့သည် အတွင်းလူ အကူမပါဘဲ တိုက်ပွဲမ၀င်နိုင်။

ဤကား ခန္ဓာတွင်းရှိ အတွင်းရန်များတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

Wednesday 27 February 2013

ငရဲသို့သွား ငရဲသားဖြစ်ရပါလို၏ မည်မျှဆိုဆို

အပ္ပမာဒေါ အမတံပဒံ အပ္ပမတ္တာ နမိယန္တိ

အပ္ပမာဒေါ-မမေ့မလျော့၊ မပေါ့မဆ အမှတ်ရနေခြင်းသည်၊ အမတံပဒံ-မသေခြင်း၏ အကြောင်းခံအမှန်တရားတည်း။

ယေ - အကြင်သူတို့သည်၊ အပ္ပမတ္တာ-မေ့နေသည် မရှိကုန်၊ တေ-ထိုမမေ့သူတို့သည် နမိယန္တိ-သေသူမမည်ကုန်။


ဤအပိုင်း၌လည်း-

သတိရှိသူ၏ လက်ငင်းအကျိုး၊ နောင်အကျိုးကိုလည်း ထိုးပြမည်။

သတိရှိသူ၏ အခုလည်း မသေ၊ နောင်မသေကိုလည်း ခွဲဝေပြပါမည်။

ထိုအကြောင်း သိပိုင်နေလျှင် အောက်စကားပြောကြားရင်းကပင် အထက်သွား မပျက်စေပါပြီ။

ဤလောက၌ အန္တရာယ်တို့သည်-

(က) ခန္ဓာတွင်းမှနေ ပေးနေသော အန္တရာယ်ဆိုးတို့ကလည်း အမျိုးမျိုးပင် ရှိချေ၏။

(ခ) ပြင်ပကနေ တိုက်ခြွေခြွေနေကြသော အန္တရာယ်ဆိုးများကလည်း အစားစားပင် ရှိပါချေ၏။

ထိုတွင် -

ကိုယ်တွင်းမှထ၍ ထိုးနှက်နေသော အန္တရာယ်တို့သည် စိတ်ကပ်ကိုယ်ဖျက်တို့ချည်း ဖြစ်ကြလေရာ အနီးကပ်ထုသော ခဲတစ်လုံးတိမ်းရှောင်ရသည်ထက် ခက်လှချေသေး၏။ အချိန်ပြည့် အန္တရာယ် လွယ်သွားနေရသော အဖြစ်မျိုး၌သာ တည်၏။

ထိုအန္တရာယ်တို့သည် -

(၁)သည်ဘ၀မှ ထဖြစ်သော အန္တရာယ်မျိုးလည်း မဟုတ်ကြ၊ ဘ၀အဆက်ဆက် သူ့ဘ၀နှင့် သူ့အကျ ကြည့်လျက်က အလှည့်ကျ ထဖျက်နေသော အရာမျိုးများသာ ဖြစ်ကြ၏။

(၂) သည်ယနေ့မှ တွေ့ရသော အန္တရာယ်မျိုးလည်း မဟုတ်ကြ၊ မွေးသည်မှ သေသည့်တိုင် သူ့ငယ်နိုင် သူ့အကိုင်ခိုင်းပြီး အပိုင်းလိုက် လိုက်ဖျက်နေသော အရာမျိုးများသာ ဖြစ်ကြ၏။

၎င်းတို့ကား -

စိတ်ကိန်း၊ ကိုယ်ကိန်းများရှိ မျိုးစေ့ပမာ၊ ကိလေသာများပင်တည်း။

ဤ၌ ကိလေသာဟူသည် -

စိတ်ကို ပူပန်စေတတ် နှိပ်စက်တတ်၏။ ညစ်နွမ်းအောင် ပြုပြင်ပေးတတ်ကြ၏။ ကိုယ်ကိုကား ပင်ပန်းစေတတ်၊ ပျက်စေတတ်သော သဘောအုပ်စုများ ဖြစ်ကြ၏။

ထိုကိလေသာ သဘာဝအုပ်စုကြီးသည် -

၁။ မောဟကား အမှန်ကို မသိစေခြင်း၊ အမှားကိုကား အသိပေးခြင်းဖြင့် အကောင်းကိုကား အဆိုး၊ အဆိုးကိုကား အကောင်း၊ ပြောင်းပြန်လှန်ပေးထားလေ့ရှိရာ အိပ်နေသူကို ဆက်အိပ်စေပြီး၊ ရပ်နေသူကိုကား တုံးလုံးလှဲ၊ ဘုံးဘုံးလဲကျပေးနေသည့် ခေါင်းဆောင်အရာတည်း။

အိပ်နေသူစိတ် ယုတ်စိတ်ဝင်စေကာ ဆတ်ဆတ်လူးလာစေခြင်း၊ မအိပ်သောမှတ်စိတ် မျက်စိမှိတ်စေခြင်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

Tuesday 26 February 2013

ဒုက္ခ ဒုက္ခ အရပ်ကတို့

အထက်၌ ဆိုခဲ့ပြီးသော

(၁) လူ့ဘ၀ - လူ့အခွင့်ရေးရစဉ် မောဟဆီးပိတ်ခံထားရရှာသဖြင့် မီးတွင်းသားဘ၀။

(၂) ပြိတ္တာဘ၀ - ဘာအခွင့်အရေးမျှ မရစဉ် လောဘဆီးပိတ်ခံထားရသဖြင့် အပြစ်ကျခံဘ၀။

(၃) ငရဲဘ၀ - ဒုက္ခလှလှကြီး တွေ့ရစဉ် ဒေါသ ဆီးပိတ်ခံထားခံရသဖြင့် ဒုက္ခရဘ၀။


(၄) တိရစ္ဆာန်ဘ၀ - အကြောင်းအကျိုး မသိရစဉ် မောဟ ဆီးပိတ်ခံထားရသဖြင့် အညှင်းခံဘ၀။

ထိုဘ၀မျိုးတို့ရှိ အန္ဓဉာဏ်မျက်စိကလည်း အကန်း၊ ဗာလ ပိတ်ဆီးထားရာ၏ နောက်ကွယ်ရှိ စိတ်ထားကလည်း အမိုက်၊ ပုထုဇဉ် မြင်ရာ ကြားရာ စသည်တိုင်းတို့၌ “ဟင့်အင်း-တော်ပါပြီ မရှိ” ကြိုက်မိလျှင်ကား အလိုက်၊ အကြိုက်မမိလျှင်ကား အတိုက်၊ မသိလျှင်ကား အမိုက်၊ ထိုသုံးစား တစားစားဖြင့် တစားတည်းစား၊ စားနေခြင်းကလည်း မရပ်မနားဟူးသော အန္ဓဗာလ ပုထုဇဉ်သားတို့သည် -

ဒုက္ခအရောင်းအ၀ယ်ဖြင့် အသက်မွေးဝမ်းကျောင်းရသူများသာတည်း။ ရံခါ တစ်ဖက်မှ ၀ယ်သယ်လာခဲ့ကြ၏။ ရံခါတစ်ဖက်သို့စောင်း ရောင်းချကြ၏။ အရောင်းအ၀ယ်မလုပ်သောနေ့ တစ်ခါမျှမရှိ။ အရောင်းအ၀ယ် မလုပ်မိသော အချိန်ဟူ၍လည်း တစ်ခါမျှမရှိ။ လူလူချင်း မတွေ့ရ၊ စိတ်ချင်းတွေ့၍ ရောင်းဖြစ်လိုက်ကြ၏။ လူလူချင်း ဆုံဆည်းမိရာ အခါ၌ကား -

မမြင်လိုက်နှင့် အရောင်းအ၀ယ် လုပ်ပြီးသားတည်း။

မကြားလိုက်နှင့် ဖောက်ပြီးကားပြီးသားတည်း။

(က) ထိုစဉ် ရောင်းချရာ၌ မိမိက အစွဲယူ သူ့ကိုအာရုံပေးကာ၊ ၀တ္ထုကိုပါ အသုံးချခွင့် ပေး၏။

(ခ) ၀ယ်ယူရာ၌ကား မိမိက သူ့ကိုယူ အာရုံမှ သူ့အပေါ်ထား၊ သူ့ကိုကား အစွဲဖြင့် ကစားစေ၏။ ဤနည်းဖြင့်လည်း အရောင်းအ၀ယ် ပြုလုပ်နေကြပါ၏။

(ဂ) တစ်ဖန် မိမိအတွင်းက ကိလေသာပူတို့၏ ထိုကျင့်မူဒဏ်ကို မခံနိုင်လွန်းရကား၊ သူတစ်ပါးအကူတောင်း၊ ကိုယ့်ကိုကိုယ် ပေါင်နှံရောင်းချသည်လည်း ရှိ၏။

(ဃ) သူတစ်ပါးတို့အတွင်း သူတို့ပိုင် ကိလေသာပူများ ထိုးဆင်းလာသဖြင့် ၎င်းတို့သည် မခံနိုင်၊ ကိုယ်သို့ လာကိုင်မိလေရာ အသာဆိုင်ပေးရသည်လည်း ရှိ၏။ ဤနည်းဖြင့်လည်း အရောင်းအ၀ယ် ပြုလုပ်နေကြရပါ၏။

တစ်ဖန်လည်း အာရုံခံစားဘက် အချင်းချင်း ပက်ပင်းတွေ့စဉ် -

၁။ မိမိမခံနိုင်သော ရင်တွင်းပူကိစ္စ၊ သူ့အား ဖွင့်ဟပြောဆိုကာ အပူသွင်းပေးခြင်း။

၂။ မိမိမအောင့်နိုင်သော စိတ်တွင်းပူကိစ္စ၊ သူ့အား ဖွင့်ဟပြောဆိုကာ အဆာသွင်းပေးခြင်း။

၃။ မိမိရင်ဆိုင်နေရသော ဘ၀ပေးဒုက္ခ ကိုယ်တွင်း၌ မဆံ့တော့သဖြင့် တိုင်ပင်နှီးနှောခြင်း။

ဤနည်းဖြင့်လည်း တစ်ဖက်နှင့် တစ်ဖက် သူ့ကိုယ်မျှ၊ ကိုယ်သူမျှ အရောင်းအ၀ယ်မီး ဆက်ပေးနေကြပါ၏။

ထိုဒုက္ခတို့ကို သည်ပိုးသွားလာနေကြရသူ လူတို့သည်ကား မိမိတို့ အကြိုက်ပေးဖျက်ဆီးပေးမည့် ဒုက္ခသည်က ဒုက္ခပေးနေကျအချိန် လာရောက်၍များ မပေးမိသော် “ငါ့ ဖောက်သည်ကြီး ဘာကြောင့် မလာပါချေသနည်း” အမျှော်ဖြင့်လည်း စောင့်ဆိုင်းနေတတ်၏။ အမျှော်ကြာသော်မှ ပေါ်မလာခဲ့ပါသော် ဒုက္ခပေးနေကျအချိန် လာရောက်မပေးရကောင်းလားဖြင့် မကျေနပ်ချင်ကြပြီ။

ထိုဒုက္ခအစုစုသည် လူတို့၌ နေ့စဉ်တွေ့နေကျ အတွေ့ချည်းမျှ ဖြစ်ကြလေရာ ထိုဒုက္ခအားလုံးတို့နှင့် ယဉ်ပါးလာခဲ့ကြပြီ။ သင်္ချိုင်းအတွင်းနေ သုဘရာဇာတို့၏ သားသမီးများ လူသေတို့ မြှုပ်နှံထားရာ မြေပုံတို့ကြောင့် ကြောက်လန့်စိတ် ကင်းမဲ့စွာဖြင့် ဆော့ကစားနေကြသည့်ပမာ ကြောက်ရမှန်း မသိတတ်ကြပြီ။ ဒုက္ခမကြောက်သူသည် ဆင်းရဲမှာကို ဒုက္ခမှန်း မသိတော့၍ ဆိုနေခြင်းမျှသာ ဖြစ်ရာတကယ် ဒုက္ခကြောက်လွန်းလှသဖြင့် ဆိုခြင်းကား မဟုတ်ပြီ။

သို့ကြောင့်လျှင် -

တစ်ဦးသည် အခြားမှ ဒုက္ခ သယ်ဆောင်လာပြီး တစ်ဦးသို့ ဖြန့်ဖြူးပေးနေပါ၏။

ထိုတစ်ဦးကလည်း ရပြီးဒုက္ခ အခြားသို့ သယ်ဆောင်သွားပြီး ပြန်လည်ဖောက်သည်ချနေပါ၏။

အရောင်းနှင့်အ၀ယ် ကုန်ချင်းဖလှယ်သည်လည်း ရှိ၏။ ကုန်ပေး ငွေယူလည်း ရှိ၏။ အကြေပေး၊ စာရင်တေးလည်း ရှိကြ၏။

ထိုအားလုံး ဈေးကွဲခါနီး စာရင်းချုပ်ကြည့်ကြသော်…

နိုင်သူလည်း ရူံး၊ ရူံးသူလည်း အရူံးတည်း။ အရောင်းမှား အ၀ယ်မှားချည်း ဖြစ်ကြရကား ရောင်းသူလည်းရူံး၊ ၀ယ်သူလည်း အရူံးတည်း။ အမြတ်ရသွားသူတို့ကား ကြားဝင်ကိလေသာစု အစွဲထုတို့သာတည်း။

ဖဲသမားတို့ ဖဲကစားကြရာ၌ ဒိုင်နိုင်၍ ထိုးသားများ ရူံးသည်လည်း ရှိ၏။ ထိုးသားအားလုံး ရူံးကြ၍ ဒိုင်စားသည်ချည်းလည်း ရှိ၏။ ထိုသား တစ်စိတ်တစ်ဒေသ ရူံးသည်လည်း ရှိ၏။ သို့တစေလည်း ထိုကစားဝိုင်းကြီးအနီး၌ကား -

နိုင်သူ့ထံကပ်၍ ငွေတောင်းသူ၊ နိုင်ရာအိမ်ဘက်မှ ကြားဝင်ပေါက်လေသူများနှင့် အခွန်အကောက် ကောက်ခံသူတို့မှာမူကား ရသမျှ အဖတ်တင်သွားကြပြီ။ ဖဲသမားတို့မှာမူကား နိုင်သူလည်းရူံး၊ အရူံးလည်း အရူံးတည်း။

သည့်အတူပမာလျှင် အာရုံကို ပုံဖမ်း၍ ချစ်ကြိုက်တမ်း ကစားနေကြသော ဒုက္ခသည်အားလုံးလည်း အဆုံးဝယ် လက်မြှောက်လျက်ကသာ သွားကြ ရချေပြီတကား။

ဤကား မေ့သူတို့၏ အကျိုးအပြစ်များတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

မောဟဘုံလား မီးတွင်းသား အသွားခက်လှသည်

၃။ ထို မီးတွင်းသား ကလေး အတိတ်ကံပေး မောဟက စောင့်ဆိုင်းနေအံ့၊ မောဟသည် ဘာသာခွဲ များပြားလှပါချေ၏။ ဘာသာစုံ အတန်းကြီးသမား ဖြစ်နေ၍

(က) အိပ်မောကျနေစဉ်ကာလရှိ စိတ်သည်လည်း မောဟပင် ဖြစ်၏။

(ခ) အိပ်ရာနိုးထစ၊ မူန်ဝေေ၀စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။


(ဂ) တစ်နေကုန်အတွင်းရှိ ကယောက်ကယက်စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။

(ဃ) အလုပ်တစ်ခုလုပ်တိုင်း ဆုတ်ဆိုင်းဆိုင်း စိတ်သည်လည်း မောဟပင် ဖြစ်နေပါ၏။

(င) အာရုံတစ်ခု ခံစားရတိုင်း အမည်ငှားကို အသိမှတ်ပြုထားခြင်းသည်လည်း မောဟပင် ဖြစ်နေပါ၏။

သည့်အတူ ပဋိသန္ဓေနေဆဲကာလ သတိလွတ်ဆဲကာလ တစ်ဖက်အာရုံတို့နောက် မိမိစိတ် ပါသွားစဉ်ကာလ ထိုအာရုံတို့ မြှူဆွဲ၊ တိုက်ဆွဲခံရစဉ် အကြားရှိ အကောင်းထင်အကြိုက်ပေါ်၊ အဆိုးထင် အမုန်းပေါ်စဉ်ကာလ စသည့် ကိလေသာသံယောဇဉ် အယုတ်တရားများ ထွန်းကားပြန့်ပွားရာ ဌာနတိုင်းရှိ စိတ်အားလုံးပင် မောဟပင်ချည်း ဖြစ်ရာ ထိုမောဟသည် သတ္တ၀ါအားလုံးအပေါ် အုပ်စိုးထားသော မိုးကောင်းကင်ကြီးပမာ ရှိ၏။

ထိုတွင် -

ဝတ္ထု(အာရုံရှင်) အပေါ်အာရုံတင် အာရုံတွင်အမည်မှည့် အမည်ရှိအပေါ်စိတ်စွဲထား မောဟသည် စေတနာကိန်း မောဟပင် ဖြစ်ရာ သိုမှီးသိမ်းပိုက်ပေးသည့်အရာ ၀င်ပြီ။

ကြွင်းမောဟအုပ်စုကြီးသည် ၎င်းသိမ်းပိုက်နိုင်ရန် လူံ့ဆော်ပေးခြင်း၊ ငြိမ်ဆိတ်ပေးခြင်းများမျှသာ ဖြစ်ချေရာ -

ည တောလည် ယုန်လိုက်သမားများသည်

နေ့ကတည်းက ၎င်းတို့အမြင်သန်ရာ တောဝယ် ယုန်စည်းများပြုလုပ်ကြရ၏။ ညတွင်ကား လူအုပ်စု၊ ထောင်ပိုက်၊ ခွေးများဖြင့် ယုန်လိုက်လေ့ ရှိကြရာ -

တစ်ဦးကိုကား ယုန်မိလျှင် ဖမ်းဆီးရန် ပိုက်စောင့်သမားအဖြစ် ထားခဲ့၏။ ပိုက်တို့ကိုကား အကြီးအသေးအလိုက် စည်၏ ရိုးအတိုင်း လိုက်လံကာ ထောင်ပေးထားခဲ့၏။

ကျန်လူတစ်စုနှင့် ခွေးတစ်စုတို့ကိုကား ခေါင်းဆောင်သည် တောအစပ်အထိ အပါခေါ်သွားကာ လက်တို့ကိုကား ဟိုချုံ သည်ချုံ ပုတ်ချောက်ခိုင်း၏။ ပါစပ်တို့ကိုကား ယုန်ကလေးတို့ ထိတ်လန့်တကြား ပြေးသွားစေရန် အော်ဟစ်ခိုင်း၏။ ထိုအခါ တောရှိ ယုန်သူငယ်လေးများသည် -

လူစုက အနောက်ကအော်ပေးလျှင် အရှေ့သို့ ကြောက်အားနှင့် လန့်အားများ အသုံးချပြီး ထိတ်လန့်တကြား ခြေဦးတည့်အတိုင်း ပြေးလွှားကြရ၏။

လူစုက အရှေ့ကအော်လျှင် အနောက်၊ မြောက်ကအော်လျှင် တောင်၊ တောင်ကအော်သံပေးလျှင်ကား မြောက်သို့ ကောက်ကောက်ပါ ပြေးလွှားကြရ၏။

ခွေးစုကား အနံ့ခံခြင်း၊ အစ်သံပေးခြင်း၊ ပြေးရာလိုက်အစ်ပေးခြင်းတို့ဖြင့် ခွေးအလုပ် ခွေးသရုပ်ပီပြင်စွာ လိုက်လံအားထုတ်ပေးရ၏။

ထိုစဉ် ပိုက်စည်းစောင့်ကာ

လူအော်သံ၊ ခွေးအစ်သံတို့ကို စောင့်စားနာခံလျက်က သူ့ဆီအလာ မှန်းရ၏။ ယုန်ပြေး၊ ခြေသံနားခံရ၏။ အနီးအဝေး ချင့်တွေးရ၏။ ဘယ်ပိုက်ဆီသို့ လာနေသည်ကိုလည်း ခန့်မှန်းကာ ဟန်တပြင်ပြင် အဆင်သင့်ထားလည်း ထားရသေး၏။

ယုန်အပြေး ခွေးလိုက်လာပြီ။

ပိုက်ကြီးထဲ တွဲခနဲ မိသွားပြီ၊ ပိုက်စောင့်သမား ကောက်သိမ်းပြီး ပိုက်ပြန်ထောင်။

တစ်ဖန် ပိုက်ကလေးထဲ ထွေးမိသွားပြီ၊ ပိုက်စောင့်သမား ကောက်ဖမ်းပြီး ပိုက်ပြန်ထောင်။

စည်းကျော်၍ ပြေးသွားပြီ၊ ပိုက်စောင့်သမား တောက်ခေါက်ပြီ ခါးထောက်ကြည့်။

ပိုက်တို့အတွင်း ကြောင်က အတင်းဝင်တိုးလာပြီ၊ ငုံ့ကြည့်ယုန်ထောင် ကြောင်မိ ရရာသိမ်းရ၏။

ဤသို့ဖြင့် မှောင်တစ်ညကာလ ကုန်ဆုံးသွားခဲ့ရာ ယုန်ကားနည်းနည်း၊ ကြောင်ကြီးများကသာ အတိုးများပြီး တစ်ညတာ စခန်းသိမ်းခံကြရချေပြီ။

ဤအတိုင်းပင်လျှင် လူတို့တွင်လည်း ၀တ္ထုအာရုံကို ပုံဖော်မှန်းပြီး ငန်းမန်းဖမ်းကာ အမည်ခံအစွဲကို သည်းသည်းမဲမဲကြီး လိုက်လံပြုကျင့်နေကြရလေရာ

စေတနာလူံ့ဆော်ပေးမူ ယုန်လိုက်သမား အမှားသိလည်း အများအပြား ပါ၏။

ကြိုက်စော်ကား မုန်းပြစ်မှား ခွေးတစ်အုပ်လည်း ပါ၏။

အမည်ပေါ်ကြိုက်စွဲ၊ မုန်းတေး၊ ပိုက်စောင့်လေးလည်း ပါ၏။

အာရုံတင် ၀တ္ထုကိုခဲလျက်က အမည်ဖော်အစွဲမှားလည်း ပါ၏။

ထိုအမည်ဖော်အစွဲမှာ ကြိုက်စွဲမုန်းစွဲအတိုင်းပင်လျှင်

စိတ်သည်လည်း ကြက်မြင် ကြက်စိတ်ပေါက် ကြက်နောက်ပါတော့၏။

ဝက်သံကြား ၀က်နားရောက် ၀က်စိတ်ပေါက်သွားရတော့၏။

သေခါနီိးဝယ် ထိုအမှားသိ မောဟစွဲ အားလုံးတို့အထဲမှပင် တစ်ခုတစ်ခုသို့ အာရုံအထင် အမြင်ပေါ်လာစဉ် လူ့ဝိညာဉ် ကုန်ဆုံးသွားရသော် -

ထိုအမှားသိ စိတ်စွဲရာ၏ တိရစ္ဆာန်ပုံ အတိုင်းသော တိရစ္ဆာန်ကောင်ဘ၀ တစ်ဘ၀ သွားရ၊ ရောက်ရတော့၏။

အမှားသိတွင် ကြိုက်သောအစွဲ အငြိပါနေပါက

(က) ထိုအစွဲသည် မိမိစိတ်ဘက်၌သာ အားသာနေသော် ပြိတ္တာ စသည်ဘ၀။

(ခ) ထိုအစွဲသည် သူ့အာရုံဘက်သွား အားသာနေသော် ၀က်စသည့်ဘ၀ ရမ္မက်ကြီး မ-အစီးသန်သော တိရစ္ဆာန်ကောင်မျိုးထဲသို့ ထိုးကျစေ၏။

အကယ်တိတိ အမှားသိတွင် ဒေါသအစွဲ အငြိပါနေပါက ဒေါသမာန်အား ကြီးမားလှစွာသော တိရစ္ဆာန်ကောင်မျိုးထဲ ထိုးကျသွားရ၏။

ကြက်ဘ၀၊ ၀က်ဘ၀ မည်သူမျှ မလိုချင်ကြပါ။

သို့သော် အမည်ခင် ကြက်သိ၊ ၀က်သိတို့က အမြဲ ပို့လွှတ်နေပါသည်။

ထိုအဖြစ်ဆိုးတို့သည် အာရုံခံစားခွင့် ရစဉ်တုန်းက အာရုံမှန် အမြင်မှန်များဖြင့် မခံစားတတ်သော အမှားသိ အမည်ဖော်ခံစားထားခြင်း၏ ရလဒ်များချည်း ဖြစ်လေရာ အနေမတတ်သဖြင့် အသေမတတ်ခြင်းပင် ဖြစ်ကြပါသည်။

အာရုံလည်းမှား စိတ်ထားမှားဖြင့် ခံစားနေခြင်းသည် အနေမတတ်ခြင်းပင်တည်း။

အာရုံမှားကို စွဲကိုင်လျက်က သေရခြင်းသည် အသေမတတ်ခြင်းပင်၊ ထိုအာရုံမှာ၊ အထားမှားတို့ဖြင့် သေရရာ၌လည်း မိမိမတွေ့မထိ စိတ်ငြိမရှိသေးသော အာရုံတို့ကိုကား သေခါနီး ပုံဖော်၍ မရပါပြီ။

ထိုအာရုံမှားတို့သည် မိမိ၏ ကိုယ်စိတ်နှစ်ပါးတို့၏ အကြားဝယ် -

(က) စိတ်၌ကား အာရုံကိန်း၊ ကိန်းလျက်က အသည်း၌ စွဲကျန်ရစ်သော အမည်းရိပ်ကို တစ်ဖန် စိတ်ညွတ်၍ အတွေးဖြင့် ပုံဖော်ကြည့်တိုင်း သိနိုင်ရန် သိုမှီပေးထားလိုက်ပြီ။

(ခ) ကိုယ်၌ကား သဏ္ဌာန်ကိန်း၊ ကိန်းလျက်က အသည်း၌ အမည်းရိပ်စွဲစေပြီး တစ်ဖန် စိတ်ညွတ်၍ ပုံဖော်ကြည့်သောအခါ အတွေ့ဖြင့် နဂိုအတိုင်း ပြသနိုင်ရန် သိမ်းဆည်းပေးထားလိုက်ပြီ။ သို့ကြောင့် ထို အာရုံဟောင်းများကိုသာ သေခါနီး ပုံဖော်ဆွဲကိုင်ပြီး သွားနိုင်၏။ သို့ကြောင့်လျှင် လူမိုက်သည် တစ်သက်လုံးလုံး လူမိုက်အလုပ် လုပ်လာပြီးကာမှ သေခါနီး ဘုရာတ၍ အစားထိုးမရတော့ပြီ။

လူယုတ်မာသည်လည်း တစ်သက်လုံးလုံး သူယုတ်မာအကျင့် အတင့်ရဲရဲ စွဲကိုင်ပြီးကာမှ သေခါနီး သူတော်ကောင်းစိတ် မွေးမရပြီ၊ ငရုတ်ပင်စိုက်ထားရာမှ ငရုတ်ကောင်းသီး သီးစေခြင်း လောက၌ မရှိချေ။

ထိုထို တိရစ္ဆာန်မျိုးတို့သည် အဆန်မရှိ၊ အစုန်သာ ရှိ၏။ အစံလည်းမရှိ အခံသာ ရှိဘိ၏။ ကိုယ်ပြီး ကိုယ်ပိုင်ဘ၀ မရှိ၊ သူတစ်ပါး လက်ဝယ်၌သာ ရှိဘိ၏။

ထိုဘ၀မျိုးတို့သည်လည်း -

သူတစ်ပါးတို့အတွက် အသက်ပေးရာ ဘ၀မျှသာ ဖြစ်၍ မိမိစိတ်တိုင်းကျ ဘာမျှ မရ။

မိမိတို့အလိုကျ ဘာမျှ၊ ပြုကျင့်ခွင့် မရကြလေလျှင် သက်မဲ့ဘ၀သာ ဖြစ်ပြီး ကောင်းကျိုးမျိုး တိုးမရ။

အစွဲတို့ ပစ်ချရာ လိုက်ပါခံပေးရသော ဆိုးပြစ်ကျ ဖြစ်နေ၍ ကိုယ်ပိုင်ဘ၀ မမဆိုရ။

သို့ကြောင့် ထိုဘ၀မျိုးတို့သည်လည်း အသေဘ၀မျှသာတည်း။

ဤကား နောင်ဘ၀၏ သေပုံတစ်မျိုးတည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

Sunday 24 February 2013

ဒေါသဘုံဘွား မီးတွင်းသား အထားခက်ပါမည်

၂။ ထိုမီးတွင်းသေကလေး အတိတ်ကံကြွေးက ဒေါသဖြင့်နေအံ့၊ ထိုစောင့်နေသောဒေါသ၏ ဆွဲဆောင်ရာ ငရဲဘုံသို့သာ လိုက်ပါသွားရရှာချေမည်။ ထိုဒေါသသည် သတ်ဖြတ်ခဲ့ရာမှ ရသော ဒေါသဖြစ်က မိမိ သတ်ဖြတ်ခဲ့ရာအတိုင်း မိမိဒေါသကပင် မိမိကို ချတော့မည်။ ငရဲသားအမူထမ်းကား အကူမျှသာ။

လူ့ငရဲကောင်အဖြစ်ဖြင့် လူ့လောကရှိ ထောင်သွင်းအကျဉ်းချခံရရာ၌ ဤသူ အလုပ်ကြမ်းဖြင့် ထောင်ငါးနှစ်ကျစေ အမိန့်သည် တရားသူကြီးပေးသော်လည်း တရားသူကြီးက မဟုတ်၊ မိမိကျူးလွန်ခဲ့ရာ စေတနာသတ္တိသို့ လိုက်၍ ယင်းတရားသူကြီးက ရာဖြတ် ဖြတ်ပေးခြင်းမျှသာ ရှိချေ၏။


ထိုမှတစ်ဆင့် ထောင်ထဲသို့ ရောက်ကာလ၌လည်း -

မစင်အိုးထမ်းရခြင်း၊ သစ်ပင်သီးနှံစိုက်ပျိုးရခြင်း စသည်များသည်လည်း ထောင်အမူထမ်းများက ခိုင်းသည်မဟုတ်၊ မိမိစေတနာကြမ်းမှ တန်ပြန် ထိခိုက်လာသော အလုပ်ကြမ်းမျှသာ ဖြစ်ချေသည်။ ယင်း ထောင်အမူထမ်းများကား ထိုသူ ထိုအလုပ် မလုပ်မနေ လုပ်ရန်ကိုသာ ကြပ်မတ်ပေးခြင်းတည်း။

သည့်အတူပင်လျှင် -

စိတ်အစွဲဖြင့် စွဲဝင်သွားရသော ငရဲဘုံခန်းတွင်း၌လည်း ငရဲသို့ ပို့သူသည် မိမိစေတနာတွန်း ဒေါသအလျောက် ကျူးမိခဲ့သော ကံသတ္တိကပင်တည်း။

တစ်ဖန် မသေမီ သတိအလွတ် ပင်ကိုစိတ် ကျွတ်သဖြင့် စွဲစိတ်တို့ တက်လာစဉ် -

(က) မိမိ ပြုကျင့်ခဲ့ဖူးရာ သတ်ဖြတ်မူကြီးက ဦးစွာ မြင်ကွင်း ထင်းထင်းပေါ်လာမည်။

(ခ) အော်-ငါသည်ကား ဤသူကို ဤသို့ လုပ်မိခဲ့ချေတကား၊ စွဲစိတ်က ဒုတိယ ၀င်လာမည်။

(ဂ) ထို့နောက် မိမိခံရတော့မည့်ပုံ အာရုံ၌ ထင်လျက်က တုန်လူပ်စိတ်ဖြင့် ကယောင်ကတမ်း ဖြစ်လာမည်။

ထိုအချိန်အတွင်း လူ့ဘ၀၏ လူ့ဝိညာဉ် ချုပ်ပျောက်သွားသော် ထိုထင်မြင်နေဆဲ အစွဲစိတ်က ထို ထင်မြင်နေရာ အရပ်သို့ အရောက်ပို့အပ်တော့သည်သာ ဖြစ်ရကား ငရဲဘုံ မည်သူပို့ သင့်အစွဲက သင့်ကိုပို့၏တည်း။ ငရဲဒုက္ခ မည်သူပေး သင့်အစွဲက သင့်ကို ပေးသတည်း။

ဤအတိုင်းလျှင် ဒေါသသည် လုယက်ရာမှ ရသော ဒေါသဖြစ်ခဲ့လျှင် ထို လုယက်စဉ်က စေတနာအတိုင်း အစွဲဒဏ် အစွဲပင် ခံယူရမည်။

ထိုဒေါသသည် သူ့မယားနူး ကံကျူးစဉ်က ရသော ဒေါသဖြစ်ခဲ့လျှင် ထို ကံကျူးစဉ်က စေတနာအတိုင်းလည်း အပိုင်းခံရမည်။

ထိုဒေါသသည် လိမ်လည်မူ ပြုစဉ်ကရသော ဒေါသဖြစ်ခဲ့လျှင်လည်း ထိုကံကျူးစဉ်က စေတနာအထားမှားအတိုင်းလျှင် တန်ပြန်ခံရမည်။

မှန်ကို မျက်နှာအပ်၍ ရူကြည့်ရာ၌ -

မှန်ပြင်ပေါ်ဝယ် မိမိအရိပ် ရောင်ပြန်သဘာဝအတိုင်း ပေါ်ထင်လာလေ့ ရှိမြဲသာ။

ထိုငရဲအပြစ်ကျသမား၌လည်း -

မိမိက ပြန်လည်ပြုကျင့်ခွင့် အလျင်းမရှိသော အခံသက်သက်မျှ ဖြစ်၏။

မိမိစေတနာဆိုး အတိုးကြမ်းနေသဖြင့် ကောင်းလမ်းကိုလည်း ဘာမှ မှန်း၍မရ။

မိမိ၏အမှား နောင်တထားပြီး တစ်ဖန် ပြန်လည်ပြင်ဆင်ရန် အခွင့်လည်း မရှိတော့။

သို့ကြောင့် ထိုငရဲခံ ဘ၀မျိုးသည်လည်း အသေဘ၀ ဆိုရ၏။ အညွှန့် မထွက် အခက်မဝေ၊ ပင်ခြေ ရိဆွေးနေသော သစ်ပင်ကို ပင်သေခေါ်ရပါသည်။ ကောင်းကျိုးကောင်းစု တစ်ခုမှ ပြုထွက်မလာသော ဘ၀မှန်သမျှသည်လည်း -

ရှင်လည်းပဲ သေ၊ သေလည်း သေပင်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။