(ခ) “လောဘော လဂ္ဃဏ သဘာဝတော
ယေဘုယျေန ပေတာယံ ဂစ္ဆန္တိ”
ယေဘုယျေန ပေတာယံ ဂစ္ဆန္တိ”
ငြိကပ်ချိတ်တွဲတတ်သော သတ္တိစွမ်းပကား ဘမ်းအားရှိသော လောဘသည် များသောအားဖြင့် ကြိုက်ရာစွဲငြိနေတတ်လှသဖြင့် ပြိတ္တာသို့ ပို့တတ်၏။
မသိကြိုက် ကြိုက်နေတတ်သူသည် -
(၁) မကောင်းကျင့်၌ လက်မိလက်ရအပေါ် စွဲငြိနေခြင်းသည်လည်းရှိပါသည်။
(၂) ကောင်းကျင့်၌လည်း မိမိ လက်မိလက်ရအပေါ် စွဲငြိနေခြင်းသည်လည်း ရှိပါသည်။
ထိုနှစ်ခုစလုံး နောင်ရေးကိုလည်း မျှော်စွဲစွဲလျက်ကလည်း ရှိနေတတ်ပါသည်။
(က) ဤ၌ မကောင်းကျင့်စကားမှာ သား/မယားစသည့် သက်ရှိအခြွေအရံများ၊ ရွှေ၊ ငွေ၊ ဓနစသည့် သက်မဲ့ အခြွေအရံများကို ရည်ညွှန်းပါ၏။
(ခ) ကောင်းကျင့်ဟူသော စကားမှာကား ဒါနမူ၊ သီလမူ စသည်များကိုလည်း ရည်ညွှန်းလိုပါ၏။
ထိုတွင် မကောင်းကျင့်၏ အခုစွဲ၊ နောင်စွဲနှစ်မျိုးတို့၌ -
(၁) လက်ငင်းကား ငါ့မယားလှလှလေးပေကပဲ၊ မယားလှလှကရတဲ့ ငါ့သားလှလှလေးတွေကပဲ၊ ထိုမယားလှ၊ သားလှတို့အတွက် ရှာဖွေစုဆောင်းထားရတဲ့ ငါ့ဥစ္စာများပေကပဲ၊ ထိုထို ပေကပဲ၊ တွေကပဲတို့သည် ငါပိုင်အဖြစ် အမြဲဆုပ်ကိုင်ထားသော လက်ရှိအစွဲများပင်ဖြစ်ပါသည်။
(၂) နောင်အတွက်ကား ဒီလင်၊ ဒီသား၊ ဒီမယားများနှင့် ငှက်ဖြစ်လျှင်လည်း တစ်ကိုင်းတည်း နားကြရပါလို၏။ ဆင်ဖြစ်လျှင်လည်း တစ်ကျွန်းတည်း သွားရပါလို၏။ နွားဖြစ်လျှင်လည်း တစ်စားကျက်တည်း စားရပါလို၏။ ထိုထိုလို၏တို့သည် သေသော်မှ ငါပိုင်တုန်းကြီးဖြင့် တုန်းခုထားခြင်းပင် ဖြစ်ပါသည်။
တစ်ဖန်ကောင်းကျင့်၌လည်း လက်ငင်းလှူဖွယ်ပစ္စည်း ၀တ္ထုများ၌ ငါ့အလှူပစ္စည်း၊ ဤအလှူသည် မြေအိုးကိုခွဲ၍ ရွှေအိုးကိုလက်၌ ကိုင်ဆွဲရသည့်ပမာ ဒီဘ၀မှမနေ သေရသောကာလ နတ်ပြည်သွားရန်၏ ရိက္ခာထုပ်။ ဤသို့သော နောင်မျှော်ထားသော ထိုအယူအဆတို့သည်လည်း အရောင်းအ၀ယ်ဆန်ဆန် ငါ့ငွေပေး၍ ငါ့ပစ္စည်းရပေပြီပမာ အခုနှင့် နောင်အထဲ အစွဲတစ်ခုတည်း တန်းလန်းသာ ဖြစ်ပါသည်။
ထိုအခုနှင့် နောင်အစွဲနှစ်မျိုးစွဲတို့တွင်
သေခါနီး အခုအစွဲကို ဆွဲကိုင်လျက်က သေပွဲဝင်သွားရချေသော်
(က) ဤဘ၀ ဤကိုယ် ဤရုပ်နာမ်၏ လက်ရှိရောက်ဆဲ အရွယ်အတိုင်း ပုံပမ်းအတိုင်းလျှင် သားစွဲသားနောက် တကောက်ကောက်၊ မယားစွဲ မယားနောက် တကောက်ကောက်၊ ပစ္စည်းမင်က ပစ္စည်းထားရာခင်မင် ကပ်ရောက်လျက်ကပင် ပြိတ္တာဘ၀ ရနေတတ်လှချေ၏။
(ခ) ကောင်းကင်၌ကား ထိုပုံသဏ္ဌာန်ဖြင့်ပင် ကျောင်းစွဲသော ကျောင်းဒကာ၊ ကိုယ့်ကျောင်းမှာသာ စောင့်ပေတော့၊ ဘုရားစွဲသော ဘုရားဒကာလည်း၊ ကိုယ့်ဘုရားမှာသာ နေပေရော့။ ယနေ့ခေတ်ပေါ် ဆူပါဂလူးကော်သည် လောဘစေးလောက် မကပ်တတ်ချေ။ လောဘစေးကား တစ်ဘ၀နှင့် တစ်ဘ၀ကိုလျှင် လှမ်း၍ ကပ်ပေးတတ်ချေ၏တကား။
ထိုပြိတ္တာကောင်သည် ကုသိုလ်စေတနာ၏ တွန်းလွှတ်မူကြောင့်ကား မဟုတ်ချေ၊ လောဘစေတနာ၏ တွန်းလွှတ်မူကြောင့်သာ ရောက်ရသော သို့မဟုတ် ကိုယ့်ပုဆိုးစ ကိုယ်နင်းလဲသောဘ၀မျိုး ဖြစ်ရကား စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဘ၀တည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment