(က) မောဟော မုယှန သဘာဝတော
ယေဘုယျေန တီရိစ္ဆာနဂတာယံ ဂစ္ဆန္တိ
တွေဝေတတ်သော သတ္တိစွမ်းပကား တွန်းအားရှိသော မောဟသည် များသောအားဖြင့် မေ့လေသူကို တိရစ္ဆာန်ဘုံသို့သာ တွန်းပို့တတ်၏။
ကြက်မ၀ပ်ကျင်းထဲမှ ဘဲကလေးပေါက်လာသည်ကား ကြားဖူးပါသည်။
မေ့မေ့ပျောက်ပျောက် နေတတ်လေ့ရှိသူသည် -
(က) လက်ငင်းကိလေသာဒဏ်ချက် ခံရချက် မသက်သာသောကြောင့်လည်း ဖြစ်၏။
(ခ) ဘ၀စကတည်းက တိရစ္ဆာန်ဘ၀မှာချည်း အနေများခဲ့သော အလေ့ကြောင့်လည်း ဖြစ်၏။
(ဂ) အသက်အသာကြိုက်တတ်သော စိတ်ကို အလိုလိုက်ရာမှလည်း ဖြစ်တတ်၏။
ထိုအမေ့သား၏ သွားရာလမ်းမှာ -
(၁) အိပ်ပျော်နေဆဲ မီး-မီးဆိုသဖြင့်ထတဲ့၍ လန့်ပြေး-ပြေးရလေသူပမာ။
(၂) အိပ်ပျော်နေဆဲ ဓားပြ၏ သေနတ်သံကြားသဖြင့် အလန့်တကြား ပြေးလွှားရလေသူပမာ။
(၃) အိပ်ပျော်နေဆဲ နေအိမ်မီးအ၀ါးခံရသဖြင့် အလန့်တကြား ပြေးလွှားရလေသူပမာ။
ဘ၀သစ်သည် သွားမိသွားရာ သွားရမည်သာဖြစ်ပြီး ထိုအသွားသည်လည်း ခြေဦးတည့်ရာ ရှေ့ရှိနေရာများသို့ပင် ဖြစ်ချေတော့၏။ ခြေသည်ကား သွားမိသွားရာအကြေား အပြေးသွားမည်။ လက်သည်ကား တွေ့မိတွေ့ရာအခင်း အတင်းဆွဲထားမည်။ မည်သည့်နေရာသို့ မည်သည့်အကြောင်းဖြင့် မည်သို့သွားမည်ဟူ၍ကား ပစ်မှတ်မရှိပြီ။
(၁) မေ့ရုံသက်သက်ဆိုက မသိဘုံ မောဟပိုင် တိရစ္ဆာန်သို့
(၂) အမေ့ကြိုက်ဆိုပါက ကြိုက်သိဘုံ လောဘပိုင် ပြိတ္တာသို့
(၃) အမေ့မုန်းဖြစ်နေက မုန်းသိဘုံ ဒေါသပိုင် ငရဲသို့။
ထိုတွင် တိရစ္ဆာန်၌ပင် ရေရာခြင်းမရှိလှ။ စွဲရာဌာနလိုက်၍လည်း ရေစွဲ၊ ရေနေတိရစ္ဆာန်၊ ကုန်စွဲ၊ ကုန်းနေတိရစ္ဆာန်၊ လေစွဲ၊ လေနေတိရစ္ဆာန်လည်း ဖြစ်နိုင်သေး၏။ တစ်ဖန် ရေ၌ပင် မိမိခံစားခဲ့ဖူးရာ အာရုံဘက် လိုက်၍လည်း ဖားစွဲ-ဖား၊ ငါးစွဲ-ငါး စသည်ဖြစ်နိုင်သေး၏။ ကုန်းနှင့် လေများ၌လည်း နည်းဟူပင်မှတ်ပါ။ တစ်ဖန် စွဲရာစိတ်တို့ကိုလိုက်၍လည်း မေ့စိတ်သက်သက်အစွဲဖြင့်ဆိုက ဒီဘ၀ဆုံးသွားသည်နှင့် လာမည့်ဘ၀အကျိုးပေးသည် သားကောင်ကြီးများ၏ စားစရာ မသိ နိုးနား သားကောင်ငယ်လေးများ ဖြစ်နိုင်၏။ သို့မဟုတ် သားစားကောင်ဖြစ် သော်မှလည်း အာရုံအတွေ့မေ့နေတတ်သော တိရစ္ဆာန်များ ဖြစ်နိုင်၏။
လယ်ကန်သင်ရိုးတစ်ခုဝယ် -
- ဖားသည် ၎င်း၏အစာ ပိုးမွှားသားကောင်လေးများကို စောင့်နေပါ၏။
- မြွေသည် ထိုဖားးမြိုရန် နောက်ကနေချောင်းနေပြီး ဖြစ်နေပါ၏။
- တစ်ဖန် သစ်ပင်ထက်ရှိ သိန်းစွန်ငှက်သည် ထိုမြွေထိုးသုတ်ရန် ဟန်ပြင်ပြီး ဖြစ်နေပါ၏။
- တစ်ဖန် တစ်ဖက်ချုံတွင်းရှိ မုဆိုးသည် ထိုငှက်ကိုပစ်ချရန် လေးညှို့တင်ပြီး ဖြစ်နေပါ၏။
- ထိုမှဆိုးနောက်မှကား သစ်သည် ထိုမုဆိုးကိုကုပ်ရန် ချောင်းနေပြီးသားတည်း။
အထက်ပါတို့သည် အမေ့မှ မွေးဖွားပေးလိုက်သော မသိကောင် အမေ့သားလေးများချည်း ဖြစ်ကြပါ၏။ သို့မဟုတ် ကြက်မ၀ပ်တွင်းထဲမှ ဘဲလေးများတည်း။
တစ်ဖန် အမေ့ပေါ် အကြိုက်ထပ်လျက်က သေပွဲဝင်ရသော ရမ္မက်အားကြီးသော တိရစ္ဆာန်မျိုး (ရေဖြစ်သော်ဖျံ၊ ကုန်းဖြစ်က၀က် စသည်မျိုး) ဖြစ်နိုင်၏။ အမေ့ပေါ် အမုန်းဆင့်ထားလျက်က သေပွဲဝင်ရပါသော်ကား ကြမ်းကြုတ်ခက်ထန်သော မြွေမျိုး၊ ကျားသစ် စသည်မျိုးမှသည် သေးငယ်သောကင်း၊ ပရွက်တို့အထိ ဖြစ်နိုင်၏။ ၎င်းတို့သည် မေ့၍ ခံစားတတ်ရာမှဖြစ်သော အသိမှား၊ အကြိုက်မှား၊ မုန်းမှားတို့မှ ပေါ်ထွက်လာသော မောဟပိုင် ဘုံသားစစ်စစ်ချည်းဖြစ်ကြပါ၏။ သို့မဟုတ် မေ့ခြင်းကိုအကြောင်းပြု၍ မသိတတ်မျိုး၊ အကျိုးဆက် ထွက်လာခြင်း မည်ပါ၏။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment