ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 21 March 2011

၃။ ဓမ္မရာဇာသုတ်


အမှီမင်း

“ရဟန်းတို့ ! တရားရှိ၍ တရားမင်းဖြစ်သော စကြ၀တေးမင်း သော်မှလည်း အမှီမင်းကို မရခဲ့လျှင် စကြာရတနာကို မလည်စေနိုင်” ဟု မိန့်တော်မူသော် -

ရဟန်တပါးက “စကြ၀တေးမင်း၏ အမှီမင်း- ဟူသည် အဘယ်ပါနည်း” ဟု မေးလျှောက်သည်။

ထိုအခါ မြတ်စွာဘုရားက “ကုသိုလ် ကမ္မပထ တရား ၁၀-ပါး ဖြစ်သည်” ဟု မိန့်တော်မူပြီး ဆက်လက် မိန့်တော်မူသည်မှာ -

ဤလောက၌ -

တရားရှိ၍ တရားမင်းဖြစ်သော စကြ၀တေးမင်းသည် ကုသိုလ် ကမ္မပထတရားကိုသာ မှီ၍ တရားကိုသာ ရိုသေလေးစားလျက် တရားကိုသာ အောင်လံသဖွယ် ရှေ့ဆောင်မြှောက်ချီလျက် တရားကိုသာ အကြီးအမှူးပြုလျက် -

နန်းတွင်းသူ နန်းတွင်းသား မိဖုရား သားတော် သမီးတော်အပေါင်း

အဘိသိက်သွန်းပြီးသော မင်း, အဘိသိက် မသွန်းရသေးသော အရံမင်း

စစ်သည် ဗိုလ်ပါ အပေါင်း

ပုဏ္ဏားနှင့် အိမ်ရှင်သူကြွယ်

နိဂုံးသား ဇနပုဒ်သား

သမဏ, ဗြဟ္မဏ

သားငှက် -
တို့၌ တရားနှင့် လျော်သော စောင့်ရှောက်မူ ကာကွယ်မူ လုံခြုံမူကို စီရင်ပေး၍ စကြာရတနာကို ကုသိုလ် ကမ္မပထတရား ၁၀-ပါးဖြင့်သာလည်စေသည်။

ထိုစကြာရတနာကို ရန်သူဖြစ်သည့် သတ္တ၀ါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။ (ဥပမာဘက်၌ ၅-ချက် မထင်ရှား)


ဘုရားသော်မှ အမှီမကင်း

ဤအတူသာလျှင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်ပြီး တရားစောင့်သည့် တရားမင်း မြတ်စွာဘုရားသည် လောကုတ္တရာတရား ၉-ပါးကိုသာလျှင် မှီ၍ တရားကိုသာ ရိုသေလေးစားလျက် တရားကိုသာ အောင်လံသဖွယ် ရှေ့ဆောင်မြှောက်ချီလျက် တရားကိုသာ အကြီးအမှူးပြုလျက် -

၁။ ဤသို့ သဘောရှိသော ကာယကံကို မှီဝဲအပ်သည်။
ဤသို့ သဘောရှိသော ကာယကံကို မမှီဝဲအပ်။

၂။ ဤသို့ သဘောရှိသော ၀စီကံကို မှီဝဲအပ်သည်။
ဤသို့ သဘောရှိသော ၀စီကံကို မမှီဝဲအပ်။

၃။ ဤသို့ သဘောရှိသော မနောကံကို မှီဝဲအပ်သည်။
ဤသို့ သဘောရှိသော မနောကံကို မမှီဝဲအပ်။

၎။ ဤသို့ သဘောရှိသော အသက်မွေးမူကို မှီဝဲအပ်သည်။
ဤသို့ သဘောရှိသော အသက်မွေးမူကို မမှီဝဲအပ်။

၅။ ဤသို့ သဘောရှိသော ရွာ, နိဂုံးကို မှီဝဲအပ်သည်။
ဤသို့ သဘောရှိသော ရွာ, နိဂုံးကို မမှီဝဲအပ် - ဟု

ရဟန်း, ရန်းမ, ဒကာ, ဒကာမတို့၌ တရားနှင့် လျော်သော စောင့်ရှောက်မူ ကာကွယ်မူ လုံခြုံမူကို စီရင်ပေးပြီးလျှင် -
အတုမရှိသော ဓမ္မစက်ကို လောကုတ္တရာ တရား ၉-ပါးဖြင့်သာ လည်စေတော်မူသည်။

ထိုဓမ္မစက်ကို လောက၌ သမဏ, ဗြာဟ္မဏ, နတ်, မာရ်နတ်, ဗြဟ္မာ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။

ဆောင် - ကုသိုလ်ကမ္မပထ၊ ဤဆယ်ဝ၊ မှီထ စကြာရှင်။
လောကုတ်ဓမ္မ၊ ဤကိုးဝ၊ မှီထ ဘုရားရှင်။
ကိုယ်, နူတ်, စိတ်မူ၊ သက်မွေးမူပါ၊ ရွာ နိဂမ၊ မှီရ, မမှီ၊ ဤငါးလီ၊ ဟောသည် ညွှန်ပြ မြတ်ဗုဒ္ဓ။


တတိယသုတ် ပြီး၏။

No comments:

Post a Comment