ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 6 March 2011

၈။ ဒုတိယ အနာဂတဘယသုတ်


ရဟန်းတို့ ! ရဟန်းသည် ဤဆိုလတံ့သော အနာဂတ်ဘေး ၅-မျိုးကို သေသေချာချာ မြင်လျှင် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် သတိအလစ်မပေးဘဲ နိဗ္ဗာန်ဦးတည်ချက်ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားနေသင့်သည်၊ နေရမည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ “ယခုအခါ ငါသည် ပျိုမျစ်နုနယ် ငယ်ရွယ်၍ ဆံပင်လည်း မည်းနက်နေသေးသည်၊ အရွယ်ကောင်းဖြစ်သည့် ပထမအရွယ်သာ ရှိသေးသည်။

ဤခန္ဓာကိုယ်သည် မကြာမီ အိုမင်းရင့်ရော်လာမည်၊ ဇရာနှိပ်စက်ခံရ၍ အိုမင်းရင့်ရော်သူသည် ဘုရားအဆုံးအမတော်ကို နှလုံးသွင်းဖို့ရန် မလွယ်ကူ၊ တောထွက်ဖို့ရန်လည်း မလွယ်ကူတော့။

မလိုလား မနှစ်သက် မမြတ်နိုးအပ်သော အိုခြင်းတရား ငါ့ထံ မရောက်လာမီ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်တော့အံ့၊ ငါသည် ယင်း ဈာန်, မဂ်, ဖိုလ်တရားနှင့် ပြည့်စုံပါလျှင် အိုသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်” ဟု ဆင်ခြင်သည်။

ဤကား ပထမ အမျိုးအစား အနာဂတ်ဘေးတည်း။


၂။ “ယခုအခါ ငါသည် အနာရောဂါ ကင်းသည်။

အေးပူမလွန်ကဲ အလယ်အလတ်လည်းဖြစ်, တရာအားထုတ်ရန်လည်း သင့်လျော် လျောက်ပတ်, အစာကိုလည်း အညီအမျှ ကြေကျက်စေတတ်သော ၀မ်းမီးနှင့် ပြည့်စုံသည်။

ဤခန္ဓာကိုယ်သည် မကြာမီ နာခြင်းနှိပ်စက်ခံရမည်၊ နာခြင်း နှိပ်စက်ခံရ၍ မကျန်းမာသူသည် ဘုရားအဆုံးအမတော်ကို နှလုံးသွင်းဖို့ရန် မလွယ်ကူ၊ တောထွက်ဖို့ရန်လည်း မလွယ်ကူတော့။

မလိုလား မနှစ်သက် မမြတ်နိုးအပ်သော နာခြင်းတရား ငါ့ထံ မရောက်လာမီ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားအားထုတ်တော့အံ့၊ ငါသည် ယင်း ဈာန်, မဂ်, ဖိုလ်တရားနှင့် ပြည့်စုံပါလျှင် မကျန်းမာသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်” ဟု ဆင်ခြင်သည်။

ဤကား ဒုတိယ အမျိုးအစား အနာဂတ်ဘေးတည်း။


၃။ “ယခုအခါ သီးနှံ အထွက်ကောင်းသဖြင့် သာယာဝပြောသည်၊ ဆွမ်းရလွယ်သည်၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ လွယ်ကူသည်။

သီးနှံထွက် မကောင်း၍ ငတ်မွတ်ခေါင်းပါးနေသဖြင့် ဆွမ်းရဖို့လည်း ခဲယဉ်း, သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတဖို့ရာ မလွယ်ကူသည့် အခါလည်း ဖြစ်လာလိမ့်ဦးမည်၊ ငတ်မွတ်ခေါင်းပါးချိန်ဝယ် လူတို့သည် သာယာ ၀ပြောရာသို့ ပြောင်းရွေ့ နေတတ်ကြသည်၊ ထိုအရပ်၌ လူများစွာတို့နှင့် ရောနှောနေရသဖြင့် ဘုရားအဆုံးအမတော်ကို နှလုံးသွင်းဖို့ရန် မလွယ်ကူ၊ တောထွက်ဖို့ရန်လည်း မလွယ်ကူတော့။

မလိုလား မနှစ်သက်မမြတ်နိုးအပ်သော ငတ်မွတ်ခေါင်းပါးဘေး ငါ့ထံ မရောက်လာမီ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန်ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားအားထုတ်တော့အံ့၊ ငါသည် ယင်း ဈာန်, မဂ်, ဖိုလ်တရားနှင့် ပြည့်စုံပါလျှင် ငတ်မွတ် ခေါင်းပါးဘေးနှင့် တွေ့ကြုံသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်” ဟု ဆင်ခြင်သည်။

ဤကား တတိယ အမျိုးအစား အနာဂတ်ဘေးတည်း။


၎။ “ယခုအခါ လူတို့သည် ငြင်းခုံခိုက်ရန် မရှိကြဘဲ နို့နှင့်ရေ ရောထားသကဲ့သို့ ညီညွတ်ကြ, ၀မ်းမြောက် ၀မ်းသာရှိကြသည်၊ အချင်းချင်း ချစ်ခင်သော မျက်လုံးတို့ဖြင့် ကြည့်ရူကြလျက် နေထိုင်ကြသည်။

တောပုန်းဓားပြတို့ ထကြွသောင်းကျန်းနေသဖြင့် ဇနပုဒ်သူတို့ ရရာယာဉ်ဖြင့် လှည့်လည် ပြေးသွားရလောက်အောင် ဘေးအန္တရာယ်မျိုးလည်း ဖြစ်လာလိမ့်ဦးမည်၊ ထိုဘေးရန်မျိုးနှင့် တွေ့ကြုံသောအခါ လူတို့သည် အေးချမ်းရာအရပ်သို့ ပြောင်းရွှေ့နေတတ်ကြသည်၊ ထိုအရပ်၌ လူများစွာတို့နှင့် ရောနှောနေရသဖြင့် ဘုရားအဆုံးအမတော်ကို နှလုံးသွင်းဖို့ရန် မလွယ်ကူ၊ တောထွက်ဖို့ရန်လည်း မလွယ်ကူတော့။

မလိုလား မနှစ်သက် မမြတ်နိုးအပ်သော တောပုန်းဓားပြတို့ ထကြွသောင်းကျန်းသော ဘေး ငါ့ထံ မရောက်လာမီ ငါသည် မရောက်သေး, မရသေးသည့် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစားအားထုတ်တော့အံ့၊ ငါသည် ယင်း ဈာန်, မဂ်, ဖိုလ်တရားနှင့် ပြည့်စုံပါလျှင် တောပုန်းဓားပြတို့ ထကြွသောင်းကျန်းသော ဘေးနှင့် တွေ့ကြုံသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်” ဟု ဆင်ခြင်သည်။

ဤကား စတုတ္ထ အမျိုးအစား အနာဂတ်ဘေးတည်း။


၅။ “ ယခုအခါ သံဃာ ညီညွတ်သည်၊ ငြင်းခုံခိုက်ရန်မရှိဘဲ ၀မ်းမြောက်ဝမ်းသာရှိသည်၊ ပါတိမောက်အတူပြလျက် ချမ်းသာစွာ နေရသည်။

သံဃာမညီညွတ်ဘဲ ကွဲပြားသောအခါလည်း ဖြစ်လာလိမ့်ဦးမည်၊ သံဃာကွဲပြားသည်ရှိသော် ဘုရားအဆုံးအမတော်ကို နှလုံးသွင်ဖို့ရန် မလွယ်ကူ၊ တောထွက်ဖို့ရန်လည်း မလွယ်ကူတော့။

မလိုလား မနှစ်သက် မမြတ်နိုးအပ်သော သံဃာကွဲပြားမူ ငါ့ထံ မရောက်လာမီ ငါသည် မရောက်သေး, မရသေးသည် ဈာန်, မဂ်, ဖိုလ်သို့ ရောက်ရန် ရရန်၊ မျက်မှောက်မပြုရသေးသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကြိုးစား အားထုတ်တော့အံ့၊ ငါသည် ယင်း ဈာန်, မဂ်, ဖိုလ်တရားနှင့် ပြည့်စုံပါလျှင် သံဃာကွဲပြားသော်လည်း ချမ်းသာစွာ နေရပေလိမ့်မည်” ဟု ဆင်ခြင်သည်။

ဤကား ပဉ္စမ အမျိုးအစား အနာဂတ်ဘေးတည်း။


ဆောင် - အိုခြင်း, နာခြင်း၊ ခေါင်းပါးခြင်းနှင့်၊ တောတွင်း သူပုန်ရန်၊ သံဃာကွဲပြား၊ ဘေးများ မကြုံခင်၊ ခုကြိုတင်၊ တွင်တွင် အားထုတ်သင့်။

အဋ္ဌမသုတ် ပြီး၏။

No comments:

Post a Comment