ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 April 2011

၆။ နိရောဓသုတ်


အရှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့ရှင်တို့” ဟု ခေါ်တော်မူပြီး ဆိုလတံ့သော တရားကို ဟောတော်မူသည် -

“ငါ့ရှင်တို့ ! ဤသာသနာတော်၌ ရဟန်းသည် -

သီလ, သမာ, ပညာနှင့် ပြည့်စုံလျှင် ယခုဘ၀မှာပင် နိရောဓသမာပတ် ၀င်စားနိုင် ထနိုင်သည်။ (နိရောဓသမာပတ် - သညာ, ဝေဒနာတို့ ချုပ်ငြိမ်းရာ)

အကယ်၍ ယခုဘ၀မှာပင် အရဟတ္တဖိုလ်ကို မရနိုင်သေးပါမူ နတ်အဆင့်ကို ကျော်လွန်ပြီး ဗြဟ္မာ့ဘုံတစ်ခုခုသို့ ရောက်ကာ နိရောဓသမာပတ် ၀င်စားနိုင် ထနိုင်သည်” ဟု မိန့်တော်မူသည်။ (နတ်များသည် ကဗဠီကာရ အာဟာရကို စာသုံးသေးသည်၊ ဗြဟ္မာများသည် ကဗဠီကာရ အာဟာရကို မစားသုံးတော့၊ ဈာန်စိတ်ဖြင့်သာ နေကြသည်)

ဤသို့ မိန့်တော်မူသောအခါ အရှင်ဥဒါယီက -

“ငါ့ရှင် သာရိပုတြာ! သင်ပြောသလို မဖြစ်နိုင်ပါ” ဟု ကန့်ကွက် ပြောဆိုသည်။

ထိုသို့ ဥဒါယီက ကန့်ကွက်ပြောဆိုသော်လည်း အရှင်သာရိပုတြာသည် သူပြောခဲ့သည့် စကားကိုပင် နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ထပ်ပြောပြန်သည်။

အရှင်ဥဒါယီကလည်း ပြောတိုင်းပင် ထပ်၍ ကန့်ကွက်ပြောဆိုနေသည်။

ထိုအခါ အရှင်သာရိပုတြာသည် -

“သုံးကြိမ်တိုင်အောင်လည်း အရှင်ဒါယီသည် ငါ့ကို တားမြစ်နေသည်၊ ငါ့ကို မည်သည့်ရဟန်းကမျှလည်း မထောက်ခံ၊ ငါသည် မြတ်စွာဘုရားထံ သွားရောက်ရပါမူ ကောင်းလေစွ”ဟု အကြံဖြစ်သည်။

ထို့နောက် အရှင်သာရိပုတြာသည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးကာ သင့်တင့်သော နေရာ၌ ထိုင်လျက် ရဟန်းတို့ကို ယခင်အတိုင်းပင် ပြောဆိုသည်။

အရှင်ဥဒါယီကလည်း ရှေးနည်းတူပင် ၃-ကြိမ်တိုင်တိုင် ကန့်ကွက်ပြန်သည်။

ထိုအခါ အရှင်သာရိပုတြာသည် -

“မြတ်စွာဘုရား ရှေ့မှောက်တော်၌လည်း အရှင် ဥဒါယီသည် ၃-ကြိမ်တိုင်အောင်ပင် ငါ့ကို တားမြစ်သည်၊ မည်သည့် ရဟန်းကမျှလည်း ငါ့ကို မထောက်ခံ၊ ငါသည် ဆိတ်ဆိတ်နေတာပဲ ကောင်းသည်” ဟု အကြံဖြစ်ပြီး ဆိတ်ဆိတ် နေလိုက်သည်။

ထိုအခါ မြတ်စွာဘုရားက အရှင်ဥဒါယီကို မေးတော်မူသည်မှာ -

“ဥဒါယီ ! အဘယ်ဗြဟ္မာ့ဘုံကို ဈာန်စိတ်ဖြင့် ပြီးသော ဗြဟ္မာ့ဘုံဟု သင် မှတ်ထင်ယုံကြည်နေသနည်း?။”

“အရှင်ဘုရား ! သညာဖြင့် ပြီးသော အရူပဗြဟ္မာ့ဘုံကို ဈာန်စိတ်ဖြင့် ပြီးသော ဗြဟ္မာ့ဘုံဟု တပည့်တော် မှတ်ထင် ယုံကြည်ပါသည်။”

“ဥဒါယီ ! ဖျင်းအမိုက်မဲ အသိဉာဏ်မွဲလှသော သင့်စကားဖြင့် ဘာအကျိုးရှိအံ့နည်း၊ အောင်မာကွာ သင်လိုကောင်က ရာရာစစ ပြောသင့်တယ် ထင်နေသလား?။”

ထို့နောက် မြတ်စွာဘုရားက အရှင်အာနန္ဒာကို -

“အာနန္ဒာ ! မထေရ်ကြီးရဟန်း ညှဉ်းဆဲခံနေရသည်ကို သင်တို့ လျစ်လျူရူရက်နိုင်ကြပလေ၊ မထေရ်ကြီးရဟန်း ညှဉ်းဆဲခံနေရသည်ဖြစ်ပါလျက် သင်တို့မှာ သနားခြင်းမျှသော်လည်း မဖြစ်လေယောင်တကား” ဟု မိန့်တော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည် အရှင်သာရိပုတြာ ဟောကြားသည့်အတိုင်း ထောက်ခံသည့်အနေဖြင့် ရဟန်းတို့ကို ပြန်လည်ဟောကြားတော်မူပြီး နေရာမှ ထကာ ဂန္ဓကုဋိကျောင်းတော်သို့ ၀င်တော်မူသည်။

ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီမှာပင် အရှင်ဥပ၀ါဏထံ ချဉ်းကပ်လျက် -

“ငါ့ရှင် ဥပ၀ါဏ ! မထေရ်ကြီးရန်းကို အခြားရဟန်းတို့က ညှဉ်းဆဲနှိပ်စက်နေမူမှာ ငါတို့လည်း တာဝန်မကင်းကုန်၊ ညနေချမ်းအခါ မြတ်စွာဘုရား ပြန်ကြွလာလျှင် ဒီအကြောင်းကိုပင် ပြန်လည်မိန့်ကြားမည်မှာ မလွဲဧကန် ဖြစ်ပေမည်၊ ထိုအခါ အရှင်ဘုရားသာ ဦးဆောင်၍ စကား တုန့်ပြန် လျှောက်ထားပါလော့၊ ယခုကတည်းက တပည့်တော်တို့ ထိတ်လန့်နေပါသည်” ဟု ပြောဆိုသည်။

မြတ်စွာဘုရားသည် ညနေချမ်းအခါ တပါးတည်း ကိန်းအောင်တော်မူရာမှ ထကာ စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်တော်မူ၍ ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီး အရှင်ဥပ၀ါဏအား ဤသို့ မေးတော်မူသည်-

“ဥပ၀ါဏ ! မထေရ်ရဟန်းသည် အဘယ်တရားတို့နှင့် ပြည့်စုံပါက သီတင်းသုံးဖော်တို့ ချစ်ခင်, မြတ်နိုး, လေးစားခံရသူ, ချီးမွမ်းခံရသူ ဖြစ်နိုင်သနည်း?။”

“အရှင်ဘုရား ! မထေရ်ရဟန်းသည် လျှောက်ထားလတံ့သော တရား၅-မျိုးနှင့် ပြည့်စုံပါက သီတင်းသုံးဖော်တို့ ချစ်ခင်, မြတ်နိုး, လေးစားခံရသူ, ချီးမွမ်းခံရသူ ဖြစ်နိုင်ပါသည်။

ယင်း ၅-မျိုးမှာ -

၁။ သီလရှိသည်၊

၂။ ဗဟုသုတရှိသည်၊

၃။ ကောင်းသော စကားရှိသည်၊

၎။ ရူပါဝစရ ဈာန် ၄-ပါးတို့ကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရသည်။

၅။ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားသည်။” (ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း အကျယ် သိလေ)

“ဥပ၀ါဏ ! ကောင်းပေစွ ကောင်းပေစွ၊ ဤတရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်ခင်, မြတ်နိုး, လေးစားခံရသူ, ချီးမွမ်းခံရသူ ဖြစ်ပေသည်။

ဤတရား ၅-မျိုးမရှိသူ မထေရ်ရဟန်းကို သွားကျိုး, ဆံဖြူ အရေတွန့်ခြင်းကြောင့်ကား သီတင်းသုံးဖော်တို့သည် အရိုအသေမပြုကုန်ရာ၊ အလေးအမြတ် မပြုကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ။

ဤတရား ၅-မျိုးရှိသောကြောင့်သာ ထိုမထေရ်ရဟန်းကို သီတင်းသုံးဖော်တို့က အရိုအသေပြုကြသည်၊ အလေးအမြတ်ပြုကြသည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။”

ဆောင် - သီလ, သုတ၊ ကောင်းလှ စကား၊ ဈာန် လေးပါးရ၊ အရဟတ္တဖိုလ်၊ ရသူကို ရိုသေ လေးမြတ် ပူဇော်အပ်။

မှတ်ချက် - ဥဒါယီသည် လာဠုဒါယီ, ကာဠုဒါယီ, မဟာဥဒါယီ ဟု ၃-ပါးရှိသည်၊ ဤ၌ လာဠုဒါယီကို ယူရမည်။

ဆဋ္ဌသုတ် ပြီး၏။

1 comment:

  1. လာပြန်လည်ပြီး စာလေးတွေဖတ်သွားပါတယ်။ တောသူမလေးရေ။ စေတနာပန်းခင်းကပါ။ အစ်ကိုမဟုတ်ပါဘူး။ ဦးဇင်းပါ။ အေးချမ်းပါစေ။

    ReplyDelete