ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 6 April 2011

၉။ ဂိဟိသုတ်


အနာထပိဏ်သူဌေး ၅၀၀-မျှလောက်သော ဥပါသကာတို့ ခြံရံလျက် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေစဉ် မြတ်စွာဘုရားက အရှင်သာရိပုတြာကို ဤသို့ မိန့်တော်မူသည်။

“သာရိပုတြာ!

(က) သိက္ခာပုဒ် ၅-မျိုးကိုလည်း စောင့်ထိန်းသော

(ခ) လွန်မြတ်သော စိတ်ကို မှီ၍ ဖြစ်ရသည့် ယခုဘ၀ ချမ်းသာခြင်း ၄-မျိုးကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသော -

(အ၀တ်ဖြူဝတ်သူ) လူဝတ်ကြောင် တစ်ဦးဦးကို သိထားကြရမည်၊ ထိုသူသည် မိမိအခြေအနေကို မိမိပင် ပြေကြားလိုက ပြောကြားနိုင်သည်။


ပြောကြားပုံမှာ - “ငါသည် -

(က) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရမူနှင့် အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်ရမူ ကုန်ဆုံးပြီ။

(ခ) သောတာပန်ဖြစ်သွားပြီး၊ ပျက်စီး၍ ကျရောက်ခြင်း သဘောလည်း မရှိတော့။

(ဂ) သုဂတိသာ မြဲသွားပြီး၊ အထက မဂ်, ဖိုလ်သို့သာ ဧကန် ရောက်ရတော့မည်” ဟု အသေအချာ ပြောနိုင်တော့မည်။


သိက္ခာပုဒ် ၅-မျိုးကို စောင့်ထိန်းပုံမှာ -

ဤသာသနာတော်၌ အရိယာတပည့်သည် -

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သည်။

၂။ ပိုင်ရှင်မပေးသော သူ့ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်သည်။

၃။ ကိုယ်ပိုင်မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်သည်။

၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်သည်။

၅။ မူးယစ် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သည်။


ယခုဘ၀ ချမ်းသာခြင်း ၄-မျိုးကို အလိုရှိတိုင်း ရပုံမှာ -

ဤသာသနာတော်၌ အရိယာတပည့်သည် -

(က) မြတ်စွာဘုရားကို သက်ဝင် ယုံကြည်သည်။

မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့် အရဟံဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ -

(စသည်ဖြင့် သေခဗလ၀ဂ်၊ ၀ိတ္ထတသုတ်၌ ဆိုခဲ့ပြီးသည့်အတိုင်း) ဘုရားဂုဏ်တော်များကို ယုံကြည်သည်။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် ယခုဘ၀ ချမ်းသာခြင်းကို ပထမ ရခြင်းပေတည်း။


(ခ) တရားတော်ကို သက်ဝင် ယုံကြည်သည်။

မြတ်စွာဘုရား ဟောသော တရားတော်သည်။

“ကောင်းစွာ ဟောအပ်သောကြောင့် သွာက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း။ ကိုယ်တိုင် သိမြင်နိုင်သောကြောင့် သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း။ အခါမလင့် အကျိုးပေးတတ်သောကြောင့် အကာလိကဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း။ လာကြည့်လှည့်ဟု ဖိတ်ခေါ်ပြထိုက်သောကြောင့် ဧဟိပဿိကဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း။ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သောကြောင့် သြပနေယျိက ဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း။ အရိယာ ပညာရှိတို့သာ ကိုယ်စိကိုယ်င သိနိုင်ခံစားနိုင်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိဂုဏ်နှင့် ပြည့်စုံသော တရားတော်ပါပေတည်း” ဟု ယုံကြည်သည်။ (တရားဂုဏ်ကို ယုံကြည်သည်)

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူသေးသော စိတ်ကို ဖြူစင်စေရန် ယခုဘ၀၌ ချမ်းသာခြင်းကို ဒုတိယ ရခြင်းပေတည်း။


(ဂ) အရိယာသံဃာတော်ကို သက်ဝင် ယုံကြည်သည်။

အစုံအားဖြင့် ၄-စုံ, ပုဂ္ဂိုလ်အားဖြင့် ၈-ပါး အရေအတွက်ရှိသော မြတ်စွာဘုရားတပည့်သား သံဃာတော်သည် -

“ကောင်းသော အကျင့် ရှိတော်မူပါပေသည်၊ ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေသည်။ မှန်သော အကျင့် ရှိတော်မူပါပေသည်၊ လျော်ကန်သောအကျင့် ရှိတော်မူပါပေသည်။

အရပ်ဝေးမှ ဆောင်လာ၍လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်တော် မူပါပေသည်။ ဧည့်သည်အလို့ငှါ စီမံထားသော ၀တ္ထုကိုလည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေသည်။ တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံတော်မူထိုက်ပါပေသည်။ လက်အုပ်ချီခြင်းကိုလည်း ခံတော်မူထိုက်ပါပေသည်။ သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေလည်း ဖြစ်တော်မူပါပေသည်” ဟု ယုံကြည်သည်။ (သုပ္ပဋိပန္န-စသော သံဃာ့ဂုဏ်ကို ယုံကြည်သည်)

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စတ်ကို စင်ကြယ်စေရန် မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် ယခုဘ၀၌ ချမ်းသာခြင်းကို တတိယ ရခြင်းပေတည်း။


(ဃ) တဏှာ့ကျွန်အဖြစ်မှလည်း လွတ်မြောက်စေနိုင်, ပညာရှိတို့ကလည်း ချီးမွမ်းအပ်, မှားသောအားဖြင့်လည်း မသုံးသပ်အပ်, သမာဓိကိုလည်း ဖြစ်စေတတ်၍ အရိယာတို့လည်း နှစ်သက်အပ်သည့် မကျိုးမပေါက် မကျားမပြောက်ကုန်သော သီလတို့နှင့် ပြည့်စုံကြသည်။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် ယခုဘ၀၌ ချမ်းသာခြင်းကို စတုတ္တ ရခြင်းပေတည်း။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာတို့ဖြင့် မိန့်တော်မူပြန်သည်မှာ -

“ပညာရှိသည် ငရဲဘေးကို မြင်၍ မကောင်းမူတို့ကို ရှောင်ကြဉ်ရမည်၊ အရိယာတို့၏ တရား ငါးပါးသီလကို ဆောက်တည်၍ မကောင်းမူတို့ကို ရှောင်ကြဉ်ရမည်။

“ပညာရှိသည် ငရဲဘေးကို မြင်၍ မကောင်းမူတို့ကို ရှောင်ကြဉ်ရမည်၊ အရိယာတို့၏တရား ငါးပါးသီလကို ဆောက်တည်၍ မကောင်းမူတို့ကို ရှောင်ကြဉ်ရမည်။

သတ်ဖြတ်မူလုံ့လ ပယောဂ ထင်ရှားရှိလျက် သက်ရှိသတ္တ၀ါတို့ကို မညှဉ်းဆဲရ၊ သိလျက် မဟုတ်မမှန်သော စကားကိုလည်း မပြောရ၊ မပေးသည်ကိုလည်း မဆွဲကိုင် မခိုးယူရ။

အရိယာတပည့်သည် မိမိမယားတို့ဖြင့်သာ ရောင့်ရဲ၍ သူတစ်ပါး မယားကိုဝေးစွာ ရှောင်ကြဉ်ရမည်၊ စိတ်ကို မူးယစ်တွေဝေစေတတ်သော သေ, အရက်ကို မသောက်စားရ မသုံးစွဲရ။

မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ ကြံစည်အောက်မေ့ရမည်။

ဆင်းရဲမရှိသော အကျိုးစီးပွားကို ဆောင်နိုင်သော ဗြဟ္မစိုရ်တရား ၄-ပါးနှင့် ယှဉ်သည့် စိတ်ကို နတ်ဘုံ, ဗြဟ္မာ့ဘုံအကျိုးငှါ ပွါးများရမည်။

လှူဖွယ်ဝတ္ထု ထင်ရှားရှိလတ်သော် ကောင်းမူလိုလားရှာမှီးသူ၏ သူတော်ကောင်းတို့၌ ရှေးဦး ပေးလှူအပ်သော အလှူသည် ပြန့်ပြောသည်။

သာရိပုတြာ !

သူတော်ကောင်းသဘောတရားတို့ကို စင်စစ် ငါ ဟောကြားပေးအံ့၊ ငါ၏ စကားကို ကောင်းစွာ နာယူလော့။

နွားနက် နွားဖြူ နွားနီ နွားစိမ်း နွားကျား ခိုပြာရောင်နွားတို့တွင် အရောင်အဆင်းကို ပဓာနမထားဘဲ ယဉ်လည်း ယဉ်ကျေး, ၀န်ကိုလည်း ဆောင်နိုင်, ခွန်အားနှင့်လည်း ပြည့်စုံ, ဖြောင့်မတ် လျင်မြန်စွာလည်း သွားသော ရှေ့ဆောင် နွားလားကိုသာ ၀န်ဆောင်ခိုင်းကြသကဲ့သို့၊

ဤအတူသာလျှင် မင်းမျိုး, ပုဏ္ဏားမျိုး, ကုန်သည်မျိုး, ဆင်းရဲမျိုး, ဒွန်းစဏ္ဍားမျိုး, ပန်းမိုက်သွန် မစင်ကျုံးမျိုး ဟူသော မည်သည့် အမျိုးအနွယ်၌ မဆိုဖြစ်သည့် လူတို့တွင် -

တစ်စုံတစ်ယောက်သည် -

ယဉ်ကျေးသည်၊ အကျင့်ကောင်းသည်၊ တရား၌ တည်သည်၊ သီလနှင့် ပြည့်စုံသည်၊ မှန်သော စကားကို ဆိုလေ့ရှိသည်၊ မကောင်းမူမှ ရှက်သည်၊ ပဋိသန္ဓေနေခြင်း, သေခြင်းသဘောကို ပယ်ပြီးဖြစ်သည်၊ အရိယာမဂ် အကျင့်မြတ်ကို အလုံးစုံ ကျင့်သုံးပြီးဖြစ်သည်၊ ခန္ဓာဝန်ကို ချထားပြီဖြစ်သည်၊ ၀ဋ်ဆင်းရဲ၌ မယှဉ်တော့၊ ပြုဖွယ်မှန်သမျှကိုလည်း ပြုပြီးဖြစ်သည်၊ အာသဝေါကင်းသည်၊ တရားအားလုံးတို့၏ တစ်ဖက်ကမ်းသို့ ရောက်ပြီး ဖြစ်သည်၊ တဏှာ, ဒိဋ္ဌိဖြင့် တစ်စုံတစ်ရာ အာရုံကို မစွဲယူမူ၍ ငြိမ်းအေးသွားသည်၊ (ရဟန္တာဖြစ်သွားသည်)။

ကိလလေသာ မြူကင်း၍ လယ်ယာမြကောင်းသဖွယ်ဖြစ်သော ထိုရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သည့် အလှူသည် ပြန့်ပြောသည်။

ဒါနမျိုးစေ့၏ စည်ပင်ရာ လယ်ယာမြေကောင်းကို မသိနားမလည် ပညာမဲ့ကြသည်ကား ဤဗုဒ္ဓသာသနာတော်မှ အပ၌ အလှူပေး လှူကြသည်၊ သူတော်ကောင်းတို့ကို မဆည်းကပ်ကြ။

ပညာရှိဟု အသိအမှတ်ပြုခံရသည့် ပညာရှင် သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ကြသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ် တည်သည်။

အဆိုပါ ပညာရှိတို့သည် နတ်ပြည်သို့လည်း လားရောက်ကြရသည်၊ ဤလူ့ပြည်၌မူလည်း အမျိုးမြတ်၌ ဖြစ်ကြရသည်၊ အစဉ်သဖြင့် နိဗ္ဗာန်သို့ ရောက်ကြရသည်။”

ဆောင် - ပဉ္စသီလ၊ စောင့်ရှောက်ထနှင့်၊ ဗုဒ္ဓ, ဓမ္မ၊ သံဃာ့ပေါ်မျာ၊ ကြည်သဒ္ဓါရှိ၊ အရိယကန္တ၊ သီလပြည့်ငြား၊ ထိုလူသားသသည်၊ မလား အပါယ်၊ တစ်သွယ် ဂတိ၊ မြဲတုံဘိ၊ မိမိကိုယ်တိုင် ဖြေကြားနိုင်။

န၀မသုတ် ပြီး၏။

No comments:

Post a Comment