ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 April 2011

၂။ ဒုတိယ အာဃာတပဋိဝိနယသုတ်


အရှင်သာရိပုတြာသည် ရဟန်းတို့ကို ဆိုလတံ့သော တရားကို ဟောတော်မူသည် -

“ငါ့ရှင်တို့ ! အာဃာတ(ရန်ငြိုးဖွဲ့ခြင်း)ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤ ၅-မျိုးတည်း။

အာဃာတဖြစ်ပေါ်လာရာ၌ ဆိုလတံ့သော တရား ၅-မျိုးဖြင့် ယင်းအာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။ ယင်း ၅-မျိုးမှာ -

၁။ ကိုယ်အမူအရာ မစင်ကြယ်သော်လည်း နူတ်အမူအရာ စင်ကြယ်သူကို-စင်ကြယ်သော နူတ်အမူအရာကို ကြည့်၍ အာဃာတကို ပယ်ဖျောက်ရမည်။

ဥပမာ -
ပံသုကူဆောင် ရဟန်းသည် ခရီးလမ်း၌ ပုဆိုးအစုတ်အပိုင်းကို မြင်လျှင် လက်ဝဲခြေဖြင့် နင်းပြီး လက်ျာခြေဖြင့် ဖြန့်၍ ပုဆိုးစုတ်အပိုင်း၌ ခိုင်ခံ့သော အသားကို ဆုတ်ယူသွားရာသကဲ့သို့တည်း။


၂။ နူတ်အမူအရာ မစင်ကြယ်သော်လည်း ကိုယ်အမူအရာ စင်ကြယ်သူကို-စင်ကြယ်သော ကိုယ်အမူအရာကို ကြည့်၍ အာဃာတကို ပယ်ဖျောက်ရမည်။

ဥပမာ -
နွေ နေပူဒဏ် ခံရသဖြင့် ခရီးပန်းနေသူသည် မှော် ရေညှိများ ဖုံးလွှမ်းနေသော ရေကန်၌ လက်နှစ်ဖက်ဖြင့် မှော် ရေညှိတို့ကို ဖယ်ပြီး လက်ခုပ်ဖြင့် ရေခပ်သောက်ရာသကဲ့သို့တည်း။


၃။ ကိုယ်, နူတ်အမူအရာ နှစ်မျိုးစလုံး မစင်ကြယ်သူကို -

သူ့မှာ တစ်ချိန်ချိန်၌ သမထ, ၀ိပဿနာစိတ် အခွင့်အလမ်းနှင့် ကြည်လင်သော စိတ် ဟူသော စိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်လာနိုင်သည်၊ ထိုဖြစ်ပေါ်လာနိုင်သည့် စိတ်ဓာတ်ကောင်းများကို ဆင်ခြင်၍ အာဃာတကို ပယ်ဖျောက်ရမည်။

ဥပမာ -
နွေ နေပူစဉ် ခံရသဖြင့် ခရီးပန်းနေသူသည် နွားခြေရာ ခွက်ထဲရှိ ရေအနည်းငယ်ကို မနောက်ကျစေရန် လက်ခုပ်, ခွက်တို့ဖြင့် ခပ်မယူဘဲ နွားနည်းတူ လေးဘက်ထောက်၍ပင် ငုံ့သောက်ရာသကဲ့သို့တည်း။


၎။ ကိုယ်, နူတ်အမူအရာ နှစ်မျိုးလုံးလည်း မစင်ကြယ်၊ စိတ်ဓာတ်ကောင်းများလည်း ဖြစ်ခွင့်မရှိသူကို -

သူသည် ထို ကိုယ်, နူတ်, စိတ် ဒုစရိုက်များကို ပယ်၍ သုစရိုက်များကို ပွါးများပါမူ အပါယ်ငရဲမှ လွတ်မြောက်နိုင်ရာ၏ ဟု ကြင်နာသနား စောင့်ရှောက်လိုစ်တ်ဖြင့် အာဃာတကို ပယ်ဖျောက်ရမည်။

ဥပမာ -
ခရီးသွားရင်း ရောဂါဝေဒနာ ပြင်းထန်စွာ နှိပ်စက်ခံရကာ အကူအညီမဲ့နေသူကို အခြားခရီးသွားတစ်ဦးက တွေ့မြင်လေသောအခါ ဤလူနာသည် သင့်တင့်သော ဆေးဝါးဓာတ်စာနှင့် ကူညီမည့်သူရပါမူ ကောင်းလေစွ-ဟု ထိုလူနာ အကျိုးမဲ့မပျက်စီးစေရန် သူ့အပေါ် ကြင်နာသနား စောင့်ရှောက်စိတ် ဖြစ်ရာသကဲ့သို့တည်း။


၅။ ကိုယ်, နူတ်အမူအရာ နှစ်မျိုးလုံးလည်း စင်ကြယ်၊ စိတ်ဓာတ်ကောင်းများလည်း ရှိသူကိုကား -

သူ၏ ကိုယ်, နူတ်, နှလုံး ၃-ပါးလုံး စင်ကြယ်မူကို ကြည့်၍ အာဃာတကို ပယ်ဖျောက်ရမည်။

ဥပမာ -
ကြည်လင်ချိုမြိန် အေးမြသည့် ရေလည်းရှိ, ဆိပ်ကမ်းကောင်းလည်းရှိ၊ ပျော်မွေ့ဖွယ်ရာလည်း ကောင်းပြီး သစ်ပင်မျိုးစုံ အုပ်ဆိုင်းနေသော ရေကန်ရှိရာသည်၊ ထိုရေကန်၌ နွေ နေပူဒဏ် နှိပ်စက်ခံရကာ ခရီးပန်းနေသူသည် လိုအပ်သလို သောက်, ချိုးပြီး သစ်ပင်ရိပ်၌ ချမ်းချမ်းသားသာ နားနေသကဲ့သို့တည်း။

ငါ့ရှင်တို့ ! အဆိုပါ နံပါတ် ၅-ပုဂ္ဂိုလ်ကဲ့သို့ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ စိတ်သည် ကြည်လင်သည်။”

ဆောင် - ကိုယ်, နူတ်, စိတ်စု၊ တစ်ခုခုမှာ၊ ကောင်းကွက်ရှာ၍၊ သုံးဖြာလုံးမှာ၊ မကောင်းပါလည်း၊ လားရာအပါယ်၊ သနားဖွယ်ဟု၊ နှလုံးပြုလော၊ သုံးခုလုံးမှာ၊ အကောင်းပါမူ၊ ထိုသည့်သူ၊ ကြည်ဖြူ ရန်ငြိုးပယ်။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment