ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 25 September 2011

၆ - ကဏှပေတ၀တ္ထု

၂၀၇။ ကဏှအနွယ်ဖြစ်သော ၀ါသုဒေ၀မင်းမြတ် ထပါလော့၊ အဘယ်ကြောင့် လျောင်းလဲခွေ အိပ်စက်နေရပါသနည်း၊ သင် မင်းမြတ်အား လျောင်းလဲခွေ အိပ်စက်နေခြင်းဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း၊ သင်၏ နှလုံးသား သင်၏ လက်ျာမျက်စိနှင့် တူသော ညီအရင်းအား လေတို့သည် လွှမ်းမိုးနှိပ်စက်နေပါကုန်၏၊ ကေသ၀မင်းမြတ် ဃဋပညာရှိသည် မြည်တမ်းနေပါ၏ (ဟု ရောဟိဏေယျအမတ်က ပြော၏)။

၂၀၈။ ရောဟိဏေယျမည်သော ထိုအမတ်၏ စကားကို ကြား၍ ကေသ၀မင်းမြတ်သည် ညီကြောင့်ဖြစ်သော ပူဆွေးမူသောက နှိပ်စက်သည်ဖြစ်ရကား လျောင်းစက်ရာမှ ဆောလျင်စွာ ထ၏။

၂၀၉။ အဘယ်ကြောင့် သူရူးကဲ့သို့ ဤဒွါရ၀တီတမြို့လုံး အနှံ့လှည့်လည်လျက် ယုန်ယုန်ဟု မြည်တမ်းနေဘိသနည်း၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်း။

၂၁၀။ ရွှေဖြင့် ပြီးသော ယုန်လော၊ မြကျောက်ရတနာဖြင့်ပြီးသော ယုန်လော၊ ကြေးနီဖြင့်ပြီးသော ယုန်လော၊ ငွေစင်ဖြင့်ပြီးသော ယုန်လော၊ ခရုသင်း ကျောက်သလင်း သန္တာဖြင့်ပြီးသော ယုန်လော၊ သင့်အတွက် ယုန်ကို ပြုလုပ်စေပါအံ့။

၂၁၁။ တောကြီး မြိုင်လယ်၌ ကျက်စားကြသော အခြားယုန်တို့သည်လည်း ရှိကြကုန်၏၊ ထိုယုန်တို့ကိုလည်း သင့်အား ဆောင်ယူပေးအံ့။ အဘယ်သို့သော ယုန်ကို သင်အလိုရှိသနည်း (ဟု ကေသ၀မင်းက ပြောဆို မေးမြန်း၏)။

၂၁၂။ မြေ၌မှီကုန်သော ယုန်တို့ကို အကျွန်ုပ် အလိုမရှိ၊ လဗိမာန်မှ ယုန်ကိုသာ အလိုရှိပါ၏၊ ကေသ၀မင်းမြတ် အကျွန်ုပ်အား ထိုယုန်ကို ဆောင်ယူပေးလော့ (ဟု ဃဋပဏ္ဍိတက ဖြေကြား၏)။

၂၁၃။ ညီတော် သင်သည် လဗိမာန်မှ ယုန်ကို တောင့်တဘိ၏၊ တောင့်တမရကောင်းသည်ကို သင်တောင့်တဘိ၏၊ ထိုသင်သည် ကောင်းမြတ်သော အသက်ကို မုချ စွန့်ရလိမ့်မည်ဟု ငါထင်၏(ဟု ကေသ၀မင်းက ပြောဆို၏)။

၂၁၄။ ကဏှအနွယ်ဖြစ်သော ၀ါသုဒေ၀မင်းမြတ် သူတပါးကို ဆုံးမသကဲ့သို့ ဤအတူ သင်သည် သိတော်မူခဲ့ပါမူ ရှေး(လေးလလောက်)က သေသော သားကို(အကြောင်းပြု၍) ယနေ့တိုင်အောင် အဘယ်ကြောင့် ပူဆွေးနေရဘိသနည်း။

၂၁၅။ မွေးဖွားလာသော ငါ၏ သားသည် မသေပါစေလင့်ဟု လူသည်၎င်း၊ နတ်သည်၎င်း(တောင့်တ၍) မရနိုင်၊ ယင်းသို့ တောင့်တ၍ မရကောင်းသော ၀တ္ထုကို အဘယ်မှာ ရနိုင်ပါမည်နည်း။

၂၁၆။ ကဏှအနွယ်ဖြစ်သော နောင်တော်မင်းမြတ် သင်သည် သေသူကို အကြောင်းပြု၍ အဖန်တလဲလဲ ပူဆွေး၏၊ ထိုသေသူကို မန္တန် မန်းမူတ်ခြင်းဖြင့်သော်၎င်း၊ ဆေးမြစ်ဖြင့်သော်၎င်း အထူးစီရင်ဖော်စပ်သော ဆေးတို့ဖြင့်သော်၎င်း ဆောင်ယူခြင်းငှါ မတတ်ကောင်း။

၂၁၇။ များသော ဥစ္စာရှိကုန်သော များသော စည်းစိမ်ရှိကုန်သော မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာစပါးလည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၁၈။ မင်းမျိုးတို့သည်၎င်း ပုဏ္ဏားမျိုးတို့သည်၎င်း ကုန်သည်မျိုးတို့သည်၎င်း သူဆင်းရဲမျိုးတို့သည်၎င်း ဒွန်းစဏ္ဍားမျိုး ပန်းမိုက်သွန်မျိုးတို့သည်၎င်း ထိုဆိုအပ်ခဲ့ပြီးသူတို့မှ တပါးသော အမျိုးဇာတ်ရှိသူတို့သည်၎င်း ရှိကုန်၏၊ ထိုသူတို့သည်လည်း အိုရကုန် သေရကုန်သေး၏။

၂၁၉။ (ပုဏ္ဏားတို့အကျိုးငှါ) ဗြဟ္မာသည် ကြံစည်ဟောပြောအပ်သော အင်္ဂါခြောက်ပါးတို့နှင့် ယှဉ်သော ဗေဒင်ကို သရဇ္ဈာယ်ပို့ချကုန်သော သူတို့သည်၎င်း တပါးသော အတတ်ပညာနှင့် ပြည့်စုံသူတို့သည်၎င်း ရှိကုန်၏၊ ထိုသူတို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၂၀။ ကိုယ်စိတ်တို့ဖြင့် ငြိမ်းသော သဘောရှိကုန်သော စောင့်စည်းအပ်သော စိတ်ရှိ၍ ကိလေသာကို ပူပန်စေတတ်သော အကျင့်လည်း ရှိကုန်သော ရသေ့ရဟန်းတို့သော်မှလည်း သေချိန်ရောက်သောအခါ ကိုယ်ကို စွန့်လွှတ်ကြရကုန်သေး၏။

၂၂၁။ (စတုသစ္စကမ္မဋ္ဌာန်းဘာဝနာ၌) ပွါးများပြီးသော စိတ်ရှိကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော အာသဝေါ ကင်းကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ် အကုသိုလ်ကံ ကုန်ခြင်းကြောင့် ဤခန္ဓာကိုယ်ကို စွန့်ပစ်ကြရကုန်သေး၏(ဟု ဃဋပဏ္ဍိတက ပြော၏)။

၂၂၂။ ညီတော် ထောပတ်ဖြင့် သွန်းလောင်းထားသည် ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်(သောက) မီး တောက်လောင်နေသော ပူပန်မူအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၂၂၃။ အကြင်သင်သည် ပူဆွေးမူ သောက နှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမူ သောကကို ပယ်ဖျောက်ပါပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမူ သောကတည်းဟူသော ငြောင့်ကို နုတ်ပေးပြီတကား။

၂၂၄။ ညီတော် ငါသည် ပူဆွေးမူ သောကတည်းဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ ညီတော် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၂၂၅။ အကြင်ပညာရှိသည် သနားစောင့်ရှောက်တတ်ကုန်၏၊ ထိုပညာရှိတို့သည် ဤသို့ပင် ပြုလုပ်ကြကုန်၏၊ ဃဋ(ပဏ္ဍိတ)သည် နောင်တော်ကို ပူဆွေးမူ သောကမှ ငြိမ်းစေသကဲ့သို့ တပါးသော ပညာရှိတို့သည်လည်း ပူဆွေးမူ သောကမှ ငြိမ်းအေးစေကုန်၏။

၂၂၆။ ဃဋ(ပဏ္ဍိတ)သည် နောင်တော်ကို ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေသကဲ့သို့ အကြင်သူအား ဤသို့ သဘောရှိကုန်သော အမတ်တို့သည်၎င်း၊ အလုပ်အကျွေးတို့သည်၎င်း ရှိကုန်၏၊ ထိုသူအား ထိုအမတ်အလုပ်အကျွေးတို့သည် ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေကုန်၏ (ဟု ၀ါသုဒေ၀မင်းကြီးက ပြောဆို၏)။

ခြောက်ခုမြောက်သော ကဏှပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment