ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

အကျိုးပေးရာ ဘုံဘ၀(ပါကဌာန) အရ ကံလေးမျိုး(၃၁)ဘုံအတွင်း ကံ၏ စီမခန့်ခွဲမူ)

ကံတရားသည် အကျိုးပေးရာ ဘုံဘ၀ဌာနကိုလိုက်၍ လေးမျိုးရှိသည်။ ထိုလေးမျိုးတို့မှာ -

(၁) အကုသိုလ်ကံ

(၂) ကာမာဝစရ ကုသိုလ်ကံ၊

(၃) ရူပါဝစရ ကုသိုလ်ကံ၊

(၄) အရူပါဝစရ ကုသိုလ်ကံ - တို့ဖြစ်ကြ၏။

အကုသိုလ်ကံသည်(ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စသဂုတ်မှတပါး အကုသိုလ်ကံ ၁၁-ပါးသည်) အပါယ်ဘုံ၌ ပဋိသန္ဓေအကျိုးကို ပေးသည်။ ပ၀တ္တိအခါ၌ ကာမ(၁၁)ဘုံနှင့် အသညသတ်မှတပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏။

ကာမာဝစရ ကုသိုလ်ကံသည် ကာမသုဂတိ(၇)ဘုံ၌ ပဋိသန္ဓေကျိုးကို ပေး၏။ ပ၀တ္တိအခါ၌ ကာမ(၁၁)ဘုံနှင့် အသညသတ်မှတပါး ရူပ(၁၅)ဘုံ၌ ဖြစ်စေနိုင်၏။ ရူပါဝစရကုသိုလ်ကံသည် ရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ပ၀တ္တိအခါ၌လည်း ရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏။

အရူပါဝစရကုသိုလ်ကံသည် အရူပဗြဟ္မာဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ပ၀တ္တိအခါ၌လည်း အရူပဗြဟ္မာဘုံတို့၌ ဖြစ်စေနိုင်၏။

ကာမာဝစရ ကုသိုလ်ကံသည် ကိလေသာတရားတို့ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်သည်။ ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ် ကံသည် နီဝရဏတရားတို့ကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတ်သည်။

ထိုကုသိုလ်ကံတို့မှတပါး လောကုတ္တရာကုသိုလ်ကံဖြစ်သော မဂ်ကုသိုလ်များသည် ကိလေသာတရားတို့ကို သမုစ္ဆေဒပဟာန်အားဖြင့် အပြီးသတ် ပယ်သတ်သည်။ လောကုတ္တရာဖိုလ် အကျိုးကိုပေးသည်။

၎င်းကံတို့ အကျိုးပေးရာဘုံဌာနတို့မှာ - အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံတို့ ဖြစ်ကြသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment