မြတ်စွာဘုရားသည် သစ္စာလေးပါး တရားအမြိုက်ဆေးကို ၄၅-၀ါ ကာလပတ်လုံး တိုက်ကျွေးတော်မူရာ၌ တရားတော်တို့သည် အလွန်နက်နဲ့ သိမ်မွေ့၍ သတ္တ၀ါတို့သည်လည်း လောဘ ဒေါသ မောဟ ဒိဋ္ဌိ မာန အယူအစွဲ ကြီးကြသည့်အလျောက် အမျိုးမျိုး နှောက်ယှက်ခဲ့သူများလည်း အနည်းအကျဉ်း ပေါ်ပေါက်ခဲ့လေသည်၊ ထိုသူများထဲတွင် ကာမဂုဏ်အာရုံ ပွားစီးရေးကို လိုလားသော မာရ်နတ်သည် ရှေ့ဆုံးက ပါဝင်၏၊ အလောင်းတော် တောထွက် သည်မှစ၍ ဟန့်တားခြင်း၊ ဘုရားမဖြစ်အောင် နှောင့်ယှက်ခြင်း၊ ဘုရားဖြစ်ပြန်ပါသော်လည်း တရားမဟောဖြစ်အောင်၊ ဟောပါသော်လည်း ကြာရှည်စွာ မဟောနိုင်ဘဲ မြန်မြန် ပရိနိဗ္ဗာန်ပြုရအောင် ဆက်တိုက်နှောက်ယှက်ခဲ့လေသည်။
ထိုမှတပါး အသက်ရှည်စွာ နေရသဖြင့် မိမိတို့ဘ၀ကို ထာဝရအခိုင်အမာဖြစ်သည်ဟု အယူလွဲမှားနေသူ ဗကဗြဟ္မာကဲ့သို့သော နတ်ဗြဟ္မာများ၊ အယူဝါဒရေးရာ အချေအတင် စကားစစ်ထိုးလိုသော သစ္စက ကဲ့သို့သော ပရိဗိုဇ်များ၊ သက်ဆိုင်ရာဒေသ ဘ၀နယ်ပယ်တို့၌ “ငါမှ ငါ”ဟု ဒေါသ မာန တံခွန်ထူကာ လွန်စွာ ရက်စက်ကြမ်းကြုတ်သော အင်္ဂုလိမာလ၊ အဠ၀က၊ နန္ဒောပနန္ဒ စသော သတ္တ၀ါများကလည်း မြတ်စွာဘုရားအား ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ နောက်ဆုံး ဘုရားရှင်ကပင် အနိုင်ရခဲ့လေသည်။
မိမိတို့ဆည်းပူးခဲ့သော ကုသလိုလ်ကံပါရမီအလျောက် ဘွဲ့ထူးရာထူး ချီးမြှောက်ပေးသနားရာတွင် ကုသိုလ်ကံပါရမီအလျောက် ဘွဲ့ထူးရာထူး ချီးမြှောက်ပေးသနားရာတွင် မျက်နှာလိုက်သည်ဟု ထင်ကာ မိမိသာလျှင် ဘုရားရှင်၏ ဆွေမျိုးရင်းခြာဖြစ်၍ ဘွဲ့ထူးရာထူးပေးလျှင် မိမိသာ ရထိုက်ကြောင်း အထင်ရောက်နေသော ဒေ၀ဒတ်သည်လည်း အနီးကပ် ရန်သူတစ်ဦးဖြစ်ခဲ့သည်။ လောဘ ဒေါသ မာန ဣသာ ၀င်လျှင် တန်ခိုး အဘိဘာဉ်ရသူပင် (ကမ္မနိယာမ) အမှန်ကို မဆင်ခြင်နိုင်တော့ချေ။
အဇာတသတ်နှင့်ပေါင်းကာ ဘုရားရှင်အား အကြိမ်ကြိမ် သေကြောင်းကြံခဲ့သော်လည်း မအောင်မြင်၊ နောက်ဆုံး နဠာဂီရိ ဆင်ရိုင်းကြီးအား အရက်များ အလွန်အကျွံ တိုက်ကာ ဘုရားရှင်အား နင်းသတ်စေလေသည်။ သို့ရာတွင် ဘုရားရှင်၏ အတူမရှိသော မေတ္တာစွမ်းအားကြောင့် တရားသဖြင့် အောင်နိုင်တော်မူခဲ့သည်ချည်းပင်၊ ဒေ၀ဒတ်ရဟန်းသည် ထိုမျှဖြင့်လည်း မဆင်ခြင် မစဉ်းစားမိ၊ လူသတ်သမားများနှင့် နာဠာဂီရိဆင်ရိုင်းကြီးကို ခိုင်းစေ၍မရသည့်အဆုံး ဂိဇ္ဈကုဋ်တောငိပ်မှ ကျောက်တုံးကြီးကို ကိုယ်တိုင်တွန်းချပြီး ဘုရားရှင်အား သေကြောင်းကြံစည်ပြန်၏၊ နောက်ဆုံး တပည့်သင်းပင်းများကို စည်းရုံး၍ ကိုယ်တိုင် ဘုရားလုပ်သည်အထိ မိုက်တွင်းနက်ကာ အနှောက်အယှက်ပေးခဲ့လေသည်။ ကြီးလေးလှသော အပြစ်ကြီးများကို ဆက်တိုက်ကျူးလွန်ပြီးကာမှ ရသော နောင်တသည် သူ့အား မကယ်မနိုင်တော့ချေ။ သူ့ကံက သူ့အား တရားစီရင်လေပြီ။
မြတ်စွာဘုရား ပွင့်ထွန်းဖြစ်ပေးတော်မူလာသောအခါ လာဘ်လာဘဆုတ်ယုတ်ကာ ဂုတ်တုဂုဏ်ပြိုင် လုပ်နေကြသော တိတ္ထိဆရာကြီးများနှင့် နောက်လိုက်အသင်းအပင်းများအား တန်ခိုးအမျိုးမျိုးပြ၍ နှိမ်နှင်းတော်မူလေသည်။ တိတ္ထိဆရာကြီးများသည် ထိုမျှဖြင့်လည်း လက်လျှော့ အရူံးမပေးဘဲ သုန္ဒရီပရိဗိုဇ်မ၊ စိဉ္စမာဏ၀ိကာ မိန်းမယုတ်များကို အသုံးပြုလျက် လူပုံအလယ်၌ အရှက်တကွဲဖြစ်အောင် စွပ်စွဲပုတ်ခတ်ခိုင်းကြလေသည်။ ထိုအနှောက်အယှက်များ အားလုံးကို မြတ်စွာဘုရားရှင်သည် ဆည်းပူးတော်မူခဲ့သော ပါရမီတော်အစွမ်း၊ မေတ္တာ၊ ခန္တီအစွမ်းတို့ကြောင့် “အောင်ခြင်းရှစ်ပါး” ဟူသော အံ့မခန်း အောင်ပွဲကြီးများကိုပင် ရရှိတော်မူခဲ့လေသည်။ လောကပ ဘုရားကို အောင်နိုင်သူမရှိ၊ ဓမ္မ၀ိဇယ - တရားသဖြင့် အတုမဲ့ အောင်သူ ဖြစ်တော်မူ၏။ ထို“ဓမ္မ”ကို လိုက်နာသူတိုင်းလည်း အောင်ခဲ့ကြလေပြီ။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Tuesday 13 September 2011
ဘုရားရှင်အား နှောင့်ယှက် တိုက်ခိုက်ခဲ့ကြသူများ
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment