ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

စုတေပဋိသန္ဓေအကြောင်း သိကောင်းစရာများ

စုတေခြင်း(သေပုံသေနည်း)
သတ္တ၀ါတို့ စုတေသေဆုံးကြရာ၌ သေခြင်းအမျိုးအစားလေးပါးတို့တွင် တစ်ပါးပါးဖြင့် သေဆုံးကြရ၏။ အသက်တမ်းကုန်၍ သေခြင်း(အာယက္ခယ)၊ ကံ၏ အစွမ်းကုန်၍ သေခြင်း(ကမ္မက္ခယ)၊ အသက်တမ်း ကံစွမ်းနှစ်ပါးစုံကုန်၍ သေခြင်း(ဥဘယက္ခယ)၊ ကြားဝင်ဖြတ်တောက်တတ်သော ကံတမျိုး (ဥပဃာတကကံ)ကြောင့် ရုတ်တရက် သေခြင်း(ဥပစ္ဆေဒက) တို့ဖြစ်ကြသည်။

ကံစွမ်းမကုန်သေးခင်မှာပင် သတ္တ၀ါတို့သည် အချိန်ကာလပိုင်းခြား သတ်မှတ်ထားသော သက်တမ်း၏ ကုန်ဆုံးလေသဖြင့် သေရခြင်းသည် အာယက္ခယမရဏမည်၏။ မီးစာကုန်သဖြင့် မီးငြိမ်းရသည်နှင့် တူ၏။

အားနည်းသော ကံကြောင့် ဖြစ်လာရသော သတ္တ၀ါတို့သည် သက်တမ်း မကုန်သေးဘဲလျက် ကံကုန်၍ သေရခြင်းမျိုးသည် ကမ္မက္ခယမရဏမည်၏။ ဆီခန်း၍ မီးငြိမ်းရသည်နှင့် တူ၏။

အသက်တမ်းလည်းကုန် ကံစွမ်းလည်းကုန်၍ သေရခြင်းသည် ဥဘယက္ခယမရဏမည်၏။ မီးစာကုန် ဆီခန်း၍ မီးငြိမ်းရခြင်းမျိုးနှင့် တူ၏။

အသက်တမ်းလည်းရှိ။ ကံအစွမ်းလည်းရှိသေးလျက်နှင့်ပင် ရှေးရှေးဘ၀တို့၌ ပြုလုပ်ခဲ့သော ဥပဃာတကာကံကြောင့် လည်းကောင်း အနာဆိုးရောဂါဆိုး ရရှိ တွေ့ကြုံရ၍ သေရခြင်း၊ ကားတိုက် မိုးကြိုးထိ လူသတ်ခံရ၍ သေရခြင်း၊ မီးဘေး၊ ရေဘေး၊ လက်နက်ဘေးတို့ကြောင့် သေရခြင်း စသည်များသည် ဥပစ္ဆေဒက မရဏမည်၏။ ဥပစ္ဆေဒကကံကြောင့် သေရခြင်းဟုလည်း ခေါ်ဆိုကြသည်။ မီးစာလည်းရှိ ဆီလည်းရှိပါသေးလျက် လေပြင်းတိုက်၍ တမင်ငြိမ်းသတ်၍ ဆီမီးတောက် ငြိမ်းခြင်းနှင့် တူသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment