ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ဒုက္ကစရိယာ ကျင့်တော်မူခြင်း (ဗာရာဏသီသူဌေးသား ယသနှင့် ၅၅-ဦး ရဟန်းပြုခြင်း)

ထို့နောက် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီနှင့်အတူ မိဂဒါဝုန်တော၌ ၀ါကပ်တော်မူသည်။ ထိုအခါ ဗာရာဏသီသူဌေးနှင့် သူဌေးကတော် သုဇာတာတို့၏သား ယသ သတို့သားသည် ချမ်းသာစွာဖြင့် စည်းစိမ်ခံကာ နေထိုင်စဉ် တစ်နေ့သောအခါ ယသ-သတို့သားသည် ကာမဂုဏ်တို့ကို ရွံရှာစက်ဆုပ်ပြီး နံနက်မိုးမလင်းမီ မိဂဒါဝုန်ဘက်သို့ အိမ်မှထွက်ပြေးလာသည်။ မြတ်စွာဘုရားနှင့် တွေ့သောအခါ တရားဟောတော်မူသဖြင့် သောတာပန် တည်သွားသည်၊ သားပျောက် လိုက်ရှာသော ဖခင်သူဌေးကြီးအား တရားဟောပြန်ရာ ဖခင်လည်း သောတာပန်တည်၍ ဖခင်အားဟောသောတရားကို ထပ်မံနာကြားရသော ယသ-သတို့သားမှာ ရဟန္တာဖြစ်သွားသည်။


နောက်တစ်နေ့ မြတ်စွာဘုရားနှင့် ယသထေရ်တို့ မိခင် ဖခင်တို့ အိမ်သို့ ဆွမ်းစားကြွကြပြီး တရားဟောတော်မူရာ မိခင်နှင့်လူ့ဘ၀က ယသဇနီတို့ သောတာပန်တည်ကြလေသည်။ ထိုဗာရာဏသီသူဌေးကြီး ဇနီးမောင်နှံနှင့် ယသထေရ်၏ ဇနီးဟောင်းတို့သည် လောက၌ ပထမဆုံး (တေ၀ါစိက) သရဏဂုံသုံးပါး ဆောက်တည်ရသူတို့ ဖြစ်ကြသည်။

ယသ-သူဌေးသား ရဟန်းပြုသွားသည်ဟူသော သတင်းကို ကြားရသဖြင့် “ယသလို ပုဂ္ဂိုလ်မျိုး ၀င်ရောက်သော သာသနာတော်သည် အမှန် တကယ် မြင့်မြတ် ကောင်းမွန်၍သာ ဖြစ်ရမည်”ဟု ဆုံးဖြတ်ကြကာ ယသထေရ်၏ သူငယ်ချင်းငါးကျိပ်လေး(၅၄)ဦးတို့ ရှေ့ဆင့် နောက်ဆင့် ရဟန်းဘောင်သို့ ၀င်ရောက်လာကြသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment