မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်မှ အမ္ဗလဋ္ဌိကဥယျာဉ်၊ ထိုမှတစ်ဆင့် နဠန္ဒာမြို့သို့ ကြွတော်မူရာ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူ၏။ ထိုနေရာတို့၌လည်း ရဟန်းတို့အား “သိက္ခာသုံးပါး” ကိုသာ ဦးစားပေး၍ ဟောပြတော်မူ၏။
ထိုမှတစ်ဆင့် ရဟန်းတော်များနှင့်အတူ ပါဋလိပုတ် နေပြည်တော် ဖြစ်လာမည့် ပါဋလိရွာသို့ ကြွတော်မူရာ ညနေချမ်းတွင် ဆိုက်ရောက်တော်မူသည်။ ပါဋလိရွာသားများလည်း ၀မ်းသာအားရ ဘုရားအမူးရှိသော သံဃာတော်တို့ကို ကြိုဆိုကာ ဧည့်ရိပ်သာသို့ ပင့်ဆောင်သွားကြသည်။
ဧည့်ရိပ်သာ၌ သီတင်းသုံးရန် နေရာတော်များ ခင်း၍ အမွှေးနံ့သာနှင့် ဆီမီးတိုင်များလည်း ညှိထွန်းထားသည်။
မြတ်စွာဘုရားသည် ဧည့်ရိပ်သာ အလယ်ရှိ တိုင်ခြေ၌ ခင်းထားအပ်သော နေရာတော်၌ အရှေ့ဘက်သိုပ မျက်နှာမူလျက် ထိုင်တော်မူသည်။ ရဟန်းတော်များနှင့် ပရိသတ်များက မြတ်စွာဘုရားရှိရာ အနောက်ဘက်သို့ မျက်နှာမူ၍ ၀န်းရံ နေရာယူကြသည်။ မြတ်စွာဘုရားသည် ပါဋလိရွာသားများအား ကိုယ်ကျင့်သီလတရားမရှိလျှင် -
(၁) စီးပွားဥစ္စာများ ဆုတ်ယုတ်ခြင်း၊
(၂) မကောင်းသတင်း ကျော်ကြားခြင်း၊
(၃) ပရိတ်သတ်အလယ် ညှိုးငယ်ခြင်း၊
(၄) မိန်းမောတွေဝေ သေရခြင်း၊
(၅) သေသည့်နောက် အပါယ်ငရဲသို့ ကျရောက်ခြင်း -
အပြစ်ငါးမျိုး၊ ကိုယ်ကျင့်သီလ ပြည့်စုံသူ၏ အပြန် အကျိုးငါးပါးနှင့် ကျောင်းအိပ်နေရာ လှူဒါန်းရသော အကျိုးများကို ညဉ့်နက်သည်အထိ ဟောကြားတော်မူသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment