ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

အတိတ်ကံ

ကံ - ဟူသော စကားတွင် အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးလုံး ပါဝင်သည်။ ဘ၀သံသရာသည် လွန်စွာနှစ်ပရိစ္ဆေဒများပြားရှည်လျားလွန်းသဖြင့် သံသရာ၏ အစကို မသိမြင်နိုင်ပေ။ ထိုမျှ ရှည်လျားလှသော သံသရာကြီးဝယ် သတ္တ၀ါတိုင်းသည် ဘ၀မျိုးစုံတို့၌ ကံအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ ပြုလုပ်နေကြသည်၊ ယခု ပြုလုပ်ဆဲကံသည် ပစ္စုပ္ပန်ကံဖြစ်သည်။ ထိုထို အတိတ် ဘ၀များက ပြုလုပ်ခဲ့ကြသော ကံများသည် အတိတ်ကံများ ဖြစ်ကြသည်။ ကံ အမျိုးအစားအလိုက် တစ်ဘ၀တည်း၌ အကျိုးအကုန် ပေးနိုင်သော ကံက နည်းပါး၍ သံသရာတစ်လျှောက် ရေရှည်တုံ့ပြန်ကျိုးပေးရသော ကံမျိုးတို့က များပြားကြသည်။ သို့ဖြစ်၍ အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကံများသည် ယခုဘ၀၌ အတိတ်ကံ အကျိုးတရားများ အဖြစ် လာရောက်အကျိုးပေးကြသည်။ အတိတ်ကံ ကြောင့်လည်း သတ္တ၀ါတို့သည် ယခုဘ၀တွင် ကောင်းကျိုး၊ ဆိုးပြစ်များကို ခံစားကြရသည်။ ထိုအတိတ်ကံများမှာလည်း အတိတ်ဘ၀ ခန္ဓာများက မိမိပြုလုပ်ခဲ့သော ကံတရားများပင်ဖြစ်၍ ယခုဘ၀၌ မိမိပင်ခံစံရခြင်း ဖြစ်သည်။ နောင်လည်း ခံစားကြရဦးမည် ဖြစ်သည်။

အတိတ်ကံသည် အမှန်တကယ်ရှိသာ ကံတစ်မျိုးဖြစ်သည်။ သို့သော်လည်း အတိတ်ကံ သက်သက်ကို အားကိုးတကြီးယုံကြည်ပြီး ပစ္စုပ္ပန်ကံကို မပြုလုပ်ပါမူ အောင်မြင်မူ မရနိုင်ပေ။

“ဣဿရနိမ္မာန၀ါဒခေါ် ဖန်ဆင်းရှင် တန်ခိုးရှင်ကြောင့် မိမိတို့ဘ၀ ပြည့်စုံမူ မပြည့်စုံမူတို့ ဖြစ်ပေါ်နေရသည်” ဟူသော အယူဝါဒကို ယုံကြည်သူတို့သည် အတိတ်ကံကို လက်မခံကြပေ။ ယခု ပစ္စုပ္ပန်ဘ၀တွင် ကောင်းကျိုးဆိုးပြစ် ဖြစ်ဖြစ်သမျှသည် ဖန်ဆင်းရှင်တို့၏ ချီးမြှောက် မစမူ အပေါ်၌သာ တည်နေသည်။ ဘုရားသခင်ပေးမှ ရ၊ ဘုရားသခင်ကျွေးမှ ၀ကြမည်ု ယုံကြည်စွဲလမ်းနေကြသည်။ ကောင်းကံ မကောင်းကံ မည်မျှပင် ပြုလုပ်နေသော်လည်း အကျိုးထူးမခံစားရ။ ဘုရားသခင်စီရင်သည့် အတိုင်းသာ ခံကြရ စံကြရမည်ဟု ယုံကြည်နေကြရသည်။

“ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်သည်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်သည်” ဟု အပေါ်ယံကြော လက်ခံကြသော်လည်း အကျိုးပေးမူ အပိုင်းတွင် ဘုရားသခင်၏ အဆုံးအဖြတ်သာ ပဓာန ဖြစ်သည်။ ကံကို ဘုရားသခင်က ကြိုးကိုင်ထား၏။

အတိတ်ကံကို မယုံကြည်သူများရှိသကဲ့သို့ အတိတ်ကံကို တဘတ်သက် ယုံကြည်သူများလည်း ရှိကြသေးသည်။ ထိုသူများကို “ပုဗ္ဗေကတဟေတုဒိဋ္ဌိ အယူရှိသူများ” ဟု ခေါ်၏။ ဖြစ်ပေါ်နေသမျှ ပစ္စုပ္ပန်ကောင်းကျိုး ဆိုးပြစ်ဟူသမျှသည် အတိတ်ဘ၀က ပြုလုပ်ခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်နေကြရသည်။ ယခုဘ၀တွင် မည်မျှပင် ကြိုးစားအားထုတ်သော်လည်း တိုးတက်မြင့်မားသည့် ဘ၀မျိုးကို ရနိုင်မည် မဟုတ်ဟု အတိတ်ကံကိုသာ လုံးဝအားကိုး လုံးဝမှီခိုယုံနေကြသည်။ ထိုသူတို့မှာ မည်သည့် ကြိုးစားမူကိုမျှ မပြုလုပ်ကြတော့သဖြင့် ဘ၀တိုးတက်မူကို ဆုတ်ယုတ်ပျက်ပြားခဲ့ကြရသည်။

ဤသို့ အတိတ်ကံနှင့် ပတ်သတ်၍ အဖြေရှာနေကြစဉ် ဘ၀သံသရာလည်းမရှိ၊ အတိတ်ဘ၀လည်းမရှိ အနာဂတ်ဘ၀လည်း မရှိ၊ မည်သည့် ကုသိုလ် အကုသိုလ်ပြုပြု ခံရစံရခြင်းမရှိ၊ ကောင်းကျိုး ဆိုးပြစ်တို့သည် အစီအစဉ်မရှိ။ သူဖြစ်ချင်သလို အလျဉ်းသင့်သလိုသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ဖန်ဆင်းသူလည်း မရှိ၊ အတိတ်ကံတရားလည်းမရှိ၊ အလိုလိုဖြစ်၍ အလိုလိုပျက်ကြသည်။ ဤဘ၀ကုန်ဆုံးလျှင် နောက်ထပ် ဘ၀မရှိတော့ဟူသော ကြောင်းကျိုးမဲ့ဝါဒများလည်း ပေါ်ပေါက်လာ ပြန်သည်။

အထက်ပါ ဖန်ဆင်းရှင်ဝါဒ၊ အတိတ်ကံစွဲဝါ၏နှင့် ကြောင်းကျိုးမဲ့ဝါဒတို့ကို ဆန်းစစ်ကြည့်သောအခါ အဆိုပါဝါဒများကို ယုံကြည်သူတို့သန္တာန်၌ စိတ်ဓာတ်မြင့်မြတ်မူ၊ စေတနာကောင်းထားမူ၊ ကိုယ်ချင်းစာနာမူ၊ အားကြိုးမာန်တက် ကြိုးကုတ်ပြုလုပ်မူ၊ စဉ်းစားချင့်ချိန်တွေးခေါ်မူစသော ကောင်းမြတ်သော သတိ၊ စေတနာ၊ ၀ီရိယ၊ ဆန္ဒတရားကောင်းများ ပျောက်ကွယ်သွားတော့သည်။ အမှန်လက်တွေ့ဘ၀အမြင်တွင်မူ ယခုဘ၀ တကယ် တိုးတက် ကြီးပွားအောင်မြင်နေသူတို့သည် မိမိတို့ အင်အားအလိုက် သတိ၊ ပညာ၊ စေတနာ၊ ၀ီရိယ၊ ဆန္ဒကောင်းတို့ဖြင့် ကြိုးစားပြုလုပ်၍သာ တကယ်အောင်မြင်မူသရဖူ ဆောင်းကြရကြောင်း မျက်မြင်တွေ့ရှိနေကြရ၏။ ကြိုးစားမူမရှိပါမူ မည်သူမျှ အောင်မြင်မူကို ရကြမည်မဟုတ်ပေ။

ထိုထက် လေးနက်စွာ တွေးကြည့်လျှင် ကြက်ငှက်စသော သူတပါးအသက်ကို သတ်ရခြင်းသည် ဖန်ဆင်းပေး၍ သတ်ရသည်။ အတိတ်ကံကြောင့် သတ်နေရသည်။ အကြောင်းမဲ့သတ်ဖြတ်နေရသည်။ သူဥစ္စာခိုးမူ၊ သူတပါးသားမယား ကျူးလွန်မူစသည့် မကောင်းမူများကို ပြုလုပ်နေရသည်မှာလည်း အထက်ပါအကြောင်းပြ ခံယူချက်တို့ကြောင့် ပြုလုပ်နေရသည်။

မိမိကိုယ်တိုင်က စေတနာပါ၍ ၀ါသနာပါ၍ နှစ်သက်ခုံမင်၍ ပြုလုပ်နေရသည် မဟုတ်ဟူသော မှားယွင်းလွဲချော်သော အယူအဆတို့ ပေါ်ထွက်လာသည်။ သဘာဝမကျ ယုတ္တိမရှိသော အဖြေတို့ထွက်ပေါ်လာသည်။ သို့ဖြစ်၍ လက်တွေ့ဘ၀ဖြင့် ချိန်ထိုးကြည့်သောအခါ အထက်ပါ အယူအဆသုံးရာမှာ မှားယွင်းနေကြောင်း တွေ့ရှိရသည်။

အမှန်မှာမူ သတ္တ၀ါတို့ ခံစားစံစားနေကြရသော ကောင်းကျိုးဆိုးပြစ်တို့မှာ မိမိတို့ ပြုလုပ်ခဲ့သော အတိတ်ကံ၊ ပစ္စုပ္ပန်ကံနှစ်မျိုးပေါင်းစပ်မူကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အတိတ်ပစ္စုပ္ပန်ဟူသော ဝေါဟာရမှာ လွန်ခဲ့သော ဘ၀သည် အတိတ်ဖြစ်သည်။ အမှန်မှာမူ ကာလကွာခြားခြင်းမျှသာ ဖြစ်သည်။ ပြုလုပ်မူကံမှာ အတိတ်ကံဖြစ်စေ၊ ပစ္စုပ္ပန်ကံဖြစ်စေ မိမိပြုလုပ်ခဲ့သော ကံများပင်ဖြစ်သည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment