ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 14 September 2011

အဂ္ဂသာဝကကြီးနှစ်ပါး ပရိနိဗ္ဗာန်ပြုတော်မူခြင်း

မြတ်စွာဘုရားသည် ဝေဠုဝရွာငယ်မှ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူရာ အချိန်အခါကား တန်ဆောင်မုန်းလဆန်း ၈-ရက်နေ့လောက် ဖြစ်သည်။ ထိုအချိန်ကား အရှင်ကောဏ္ဍည၊ သားတော် ရာဟုလာမထေရ်၊ ယသောဓရာ ထေရီ၊ မိထွေးတော် ဂေါတမီစသော ထေရာ ထေရီ တော်တော်များများ ပရိနိဗ္ဗာန် ပြုသွားကြပြီ ဖြစ်သည်။ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ မထေရ်သည်ပင် ပရိနိဗ္ဗာန်ပြုရန် မြတ်စွာဘုရားရှင်ထံ ခွင့်ပန်၍ မိစ္ဆာအယူရှိသော မယ်တော် ရူပသာရီပုဏ္ဏေးမကြီးအား နောက်ဆုံးချီးမြှောက်ရန်အတွက် ဥပတိဿခေါ် နာဠကရွာကြီးသို့ ကြွတော်မူလေပြီ။

အရှင်စုန္ဒထေရ်သည် ထိုတန်ဆောင်မုန်းလပြည့်နေ့မှာပင် ပရိနိဗ္ဗာန်ပြုသွားတော်မူသော အရှင်သာရိပုတ္တရာ၏ ဓာတ်တော်သပိတ်ကို ပင့်ဆောင်၍ မြတ်စွာဘုရားရှင်လက်တော်သို့ ဆက်ကပ်ရာ မြတ်စွာဘုရားရှင်သည် ရှင်သာရိပုတ္တရာ၏ ကျေးဇူးဂုဏ်များကို ၅၀၀-သော ဂါထာများဖြင့် ချီးကျူးမြွတ်ကြားလေရာ ရှင်အာနန္ဒာသည် ဣနြေ္ဒမဆည်နိုင်တော့ဘဲ ရိုက်ကြီးတငင်ငိုကြွေး၍ သံဝေဂတရား ဟောကြား နှစ်သိမ့်ပေးတော်မူရ ပြန်သည်။ ဓာတ်တော်များကို ငှာပနာ၍ သာဝတ္ထိပြည်၌ပင် စေတီတည်ထား ကိုးကွယ်စေလေသည်။

ထို့နောက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူရာ တန်ဆောင်မုန်းလကွယ်နေ့၌ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးလည်း ရာဇဂြိုလ်ပြည် ဣသိဂိလိတောင်ယံ ပတ္တမြားညို အဆင်းရှိသော ကာဠသိလာ ကျောက်ဖျာထက်၌ ပရိနိဗ္ဗာန် ပြုတော်မူပြန်၏၊ မြတ်စွာဘုရားရှင်သည်ပင် အရှင်မဟာမောဂ္ဂလ္လာန်၏ ဓာတ်တော်များကို ဌာပနာ၍ ဝေဠုဝန်ကျောင်း တံခါးမုခ်၌ စေတီတည်တော်မူစေသည်။

နတ်ဗြဟ္မာတို့သည်လည်း အဂ္ဂသာဝကကြီးနှစ်ပါးတို့အား နောက်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်ခဲ့ကြလေသည်။ ဤနှစ်ကား သာသနာ့လက်ရုံးကြီးနှစ်ဆူ ပြုတ်ကျသကဲ့သို့ ပုထုဇဉ်တို့အတွက် အားလျညိုငယ် ကြေကွဲဖွယ်နှစ်ပင်ဖြစ်တော့သည်။

မြတ်စွာဘုရားသည် သံဃာတော်များခြံရံ၍ နတ်တော်လပြည့်နေ့လောက်တွင် ၀ဇ္ဇီတိုင်း ဥက္ကစေလမြို့သို့ ကြွရောက်တော်မူ၏။ မကြာမီက ပရိနိဗ္ဗာန်ပြုတော်မူသွားကြသော ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလ္လာန်တို့နှင့်စပ်၍ ဆိတ်ငြိမ်သော ရဟန်းပရိသတ်ကို တစိမ့်စိမ့် ကြည့်ရူတော်မူလျက် “ချစ်သားတို့ ... ဖြစ်ပေါ်မူ မှန်သမျှ ပျက်စီးရမြဲ ဓမ္မတာဖြစ်၏၊ မိမိကိုယ်ကိုသာ အားကိုးကြလော့”ဟု မိန့်တော်မူကာ ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်းအနီး၌ သတိပဌာန်းတရား လေးပါးကို ထပ်မံ ဟောပြတော်မူ၏။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment