ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 14 September 2011

အာယုသင်္ခါရ လွှတ်ကြောင်း အသိပေးတော်မူခြင်း

ဥက္ကစေလမြို့မှ နတ်ကွန်းစေတီတို့ဖြင့် စည်ပင်သာယာသော ဝေသာလီပြည်သို့ ကြွတော်မူရာ စာပါလစေတီနတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာအား ဝေသာလီပြည်ကြီး စည်ပင်ဝပြောကြောင်း ချီးကျူးတော်မူလျက်က ဣဒ္ဓိပါဒ်လေးပါးကို ပွားများလျှင် သက်တမ်းစေ့ နေရရုံမျှမက သက်တမ်းထက် ကျော်လွန်၍ နေနိုင်ကြောင်း အရိပ်နိမိတ်စကား သုံးကြိမ်တိုင်တိုင် မြွက်ကြားတော်မူသည်။ သို့သော် အရှင်အာနန္ဒာကား “သက်တော်ရာကျော် ရှည်တော်မူသည့်တိုင် သတ္တ၀ါတို့၏ အကျိုးကို ဆောင်တော်မူပါ”ဟု မလျှောက်ထားမိခဲ့ချေ။

ထိုအခြေအနေကို သိမြင်သော မာရ်နတ်သည် ဘုရားရှင်အနီးသို့ ကပ်၍ ပရိနိဗ္ဗာန်ပြုရန် လျှောက်ထားလေ၏။ ဘုရားရှင်လည်း ရှေးဘုရားရှင်တို့၏ အစဉ်အလာအရ သက်တမ်း၏ ၅-ပုံတွင် ၄-ပုံဖြစ်သော သက်တော် ရှစ်ဆယ် ပရိနိဗ္ဗာန်ပြုရမည့် အရွယ်တော်သို့ ရောက်သဖြင့် -

“မာရ်နတ် --- သင်မစိုးရိမ်လင့်၊ သုံးလကြာလျှင် ငါ ပရိနိဗ္ဗာန်ပြုတော့မည်”ဟု မိန့်တော်မူလိုက်သည်။

ထိုအချိန်မှစ၍ သက်တော်အာယု ရှည်စေမူအတွက် ပြုပြင် စောင့်ရှောက်ခြင်းဟူသမျှ ကြောင့်ကြစိုက်တော်မမူ၊ အာယုသင်္ခါရ လွှတ်တော်မူ၏၊ ထိုသို့ အာယုသင်္ခါရ လွှတ်သည်နှင့်တပြိုင်နက် သွက်သွက်ခါတုန်ဟည်းအောင် မြေငလျင်ကြိး လူပ်လေတော့သည်။ လျှပ်စစ်မိုးကြိုးတို့လည်း ထစ်ချုန်းမြည်ဟည်းကုန်၏။

အရှင်အာနန္ဒာသည် မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူ၍ ငလျင်လူပ်ကြောင်းကို သိတော်မူသောအခါ သက်တမ်းပြည့် နေတော်မူရန် လျှောက်ပန်လေသည်။ ထိုအခါ မြတ်စွာဘုရာက “သင်၏ လျှောက်ထားချက်ကား နောက်ကျသွားပြီ၊ သုံးကြိမ်တိုင်တိုင် သတိပေးစဉ်က ယခုကဲ့သို့ မတောင်းပန်သည်မှာ သင်၏ ချွတ်ယွင်းချက်သာဖြစ်သည်”ဟု မိန့်တော်မူသည်။

ထိုအခါ အရှင်အာနန္ဒာ ညိုးငယ်သောစိတ်ထားဖြင့် ခစားလျက်ရှိစဉ် ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း၊ ဖြစ်လျှင် ပျက်မြဲ သဘောအမှန်ကို ဟောပြ နှစ်သိမ့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောအတွင်းရှိ ပြာသာဒ်ကျောင်းသို့ ကြွတော်မူ၏။ ထို၌ သီတင်းသုံးစဉ် အရှင်အာနန္ဒာအား ဝေသာလီဝန်းကျင်ရှိ ရဟန်းတော်များကို စည်းဝေးခိုင်း၍ ရဟန်းများအား “မိမိ ဟောကြားသောတရားများ အရှည်ခိုင်ခံ့ တည်တံ့အောင် အကြိမ်ကြိမ် လေ့လာမှတ်သား ကျင့်ပွားရန် “သတ္တ၀ါတို့အား ဟောကြား ပြသရန် တိုက်တွန်းတော်မူသည်။

“ချစ်သားတို့ .... သုံးလမြောက်သောအခါ ငါဘုရား ပရိနိဗ္ဗာန် ပြုတော်မူတော့မည်၊ ငါဘုရား၏အရွယ်တော်လည်း အသက်နေ နည်းခဲ့ပြီ၊ သင်တို့အား စွန့်ခွာသွားရတော့မည်ဖြစ်၍ မမေ့မလျော့သော သတိတရားဖြင့် သီလ သမာဓိ ပညာ တရားတို့ကို ပြည့်စုံအောင် ကြိုးစားရစ်ကြ”ဟု အတိအလင်းပင် သတိပေး ဆုံးမတော်မူ၏။

နောက်တစ်နေ့ နံနက်စောစောတွင် ဝေသာလီပြည်၌ ဆွမ်းခံဝင်တော်မူပြီးနောက် ဝေသာလီပြည်မှ မဖဲခွါမီ “အာနန္ဒာ ယခုကြည့်ခြင်းသည် စည်ပင်ဝပြောသော ဝေသာလီပြည်ကြီးကို နောက်ဆုံးမြင်ရခြင်းပင် ဖြစ်သည်”ဟု မိန့်တော်မူပြီး ဆင်ပြောင်ကြီးကဲ့သို့ နောက်သို့ လှည့်ကြည့်တော်မူသည်။ ထို့နောက် ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ။ ဇမ္ဗုရွာ၊ ဘောဂမြို့များသို့ တစ်နေရာပြီး တစ်နေရာ ဆက်လက်ကြွတော်မူကာ ဘောဂမြို့ အာနန္ဒာစေတီကိုသာ ကျင့်ပွားကြရန် ကြိမ်ဖန်များစွာ ထပ်မံ သတိပေး ဟောကြားတော်မူသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment