ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 24 September 2011

၎ - နန္ဒာပေတိဝတ္ထု

၁၆၈။ သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံရှာဖွယ် ပုံသဏ္ဌာန်ရှိသူ ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသူ ကြောက်မက်ဖွယ် အမြင်ရှိသူ ကြောင်သောမျက်စိ ကြဲသောသွားရှိသူဖြစ်၏၊ သင့်ကို လူမိန်းမဟု ငါမထင် (ဟု လင်ဟောင်း နန္ဒိသေနက ပြော၏)။

၁၆၉။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒပါတည်း၊ ရှေးဘ၀က သင်၏ မယားဖြစ်ခဲ့ပါ၏၊ မကောင်းမူကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ (ဟု နန္ဒာက ပြော၏)။

၁၇၀။ သင်သည် ကိုယ်ဖြင့်၎င်း၊ နူတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း၊ အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရသနည်း (ဟု နန္ဒိသေနက မေး၏)။

၁၇၁။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊ သင့်အပေါ်၌လည်း မရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုမိခဲ့ခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏ (ဟု နန္ဒာက ပြော၏)။

၁၇၂။ ယခု သင့်အား ငါ၏ အပေါ်ရုံအ၀တ်ကို ပေးအံ့၊ ဤပုဆိုးကို ၀တ်လော့၊ ဤပုဆိုးကိုဝတ်၍ လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။

၁၇၃။ သင်သည် အိမ်သို့ ရောက်သည်ရှိသော် အ၀တ်ကို၎င်း၊ ထမင်းအဖျော်ကို၎င်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ (ဟု နန္ဒိသေနက ပြော၏)။

၁၇၄-၅။ သင်၏ လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးသော ပစ္စည်းသည် အကျွန်ုပ်အား မရမရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့်ပြည့်စုံသော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏ အဘို့ကို ရည်ညွှန်း ပေးဝေပါလော့၊ ထိုအခါ၌ အကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံနှင့် ပြည်စုံသူ ဖြစ်ပါလိမ့်မည် (ဟု နန္ဒာက ပြောပြန်၏)။

၁၇၆။ ထိုနန္ဒိသေနသည် ကောင်းပြီဟု ၀န်ခံ၍ ထမင်းအဖျော်ခဲဖွယ် အ၀တ် ကျောင်း အိပ်ရာ နေရာ ထီး နံ့သာပန်း အထူးထူး အပြားပြားသော ဘိနပ်ဟူသော ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချလှူဒါန်း၏။

၁၇၇။ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့် ပြည့်စုံကုန်သော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏ အဘို့ကို ရည်ညွှန်းပေးဝေ၏။

၁၇၈။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အ၀တ် သောက်ရေရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၇၉။ ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အ၀တ် ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သောပုဆိုး ဆန်းကြယ်သော အ၀တ်တန်ဆာရှိလျက် လင် နန္ဒိသေနထံသို့ ချဉ်းကပ်၏။

၁၈၀။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၈၁။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်းရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

၁၈၂။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို (ငါ) မေး၏။ လူဖြစ်စဉ်က အဘယ်ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်း (ဟု နန္ဒိသေနက မေး၏)။

၁၈၃။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘ၀က သင်၏ မယာဖြစ်ခဲ့ပါ၏၊ မကောင်းမူကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၁၈၄။ သင်ပေးလှူအပ်သော အလှူဖြင့် တစုံတရာ မည်သည့်ဘေးမျှ မရှိပဲ မွေ့လျော်ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြွေးကင်းသော ဘေးမရှိသော ၀သ၀တ္တီနတ်တို့ နေရာဘုံသို့ ရောက်ပါစေလော့။

၁၈၅။ သူကြွယ် ဤလူ့ပြည်လောက၌ တရားကိုကျင့်၍ အလှူဒါနကို ပေးလှူကာ ၀န်တိုခြင်း “မစ္ဆေရ” အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေ (ဟု နန္ဒက ဆုံးမစကား ပြောကြား၏)။

လေးခုမြောက်သော နန္ဒာပေတိဝတ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment