ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 20 September 2011

ဒုစရိုက် (၁၀)ပါး

မကောင်းသောကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ကို ဒုစရိုက် ဟုခေါ်သည်။ (ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)

ဒုစရိုက် ကာယကံသုံးပါး
(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။

ဒုစရိုက် ၀စီကံလေးပါး
(၁) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင် ရန်တိုက်ပေးခြင်း။
(၃) ဖရုသ၀ါစာ = ဆဲရေး တိုင်းထွာခြင်း စသော ကြမ်းတမ်းသော စကားပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။

ဒုစရိုက် မနောကံသုံးပါး
(၁) အဘိဇ္ဈာ - သူတပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးကို သေကြေပျက်စီး စေလိုခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ = အမှားယူခြင်း (ကံ - ကံ၏အကျိုး မယုံကြည်ခြင်း)

ဤဆယ်ပါးကို အပါယ်သို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သောကြောင့် “အကုသလကမ္မပထ” ဟူ၍ ခေါ်သည်။

ဤဒုစရိုက် ၁၀-မျိုး အကုသိုလ်အမျိုးမျိုးတို့တွင် မိစ္ဆာဒိဋ္ဌိ (ကံ၊ ကံ၏အကျိုးကို မယုံကြည်မူ)သည် အပြစ်အကြီးလေးဆုံးဖြစ်ကြောင်း ဟောတော်မူသည်။ မိစ္ဆာအယူအစွဲသန်လျှင် သန်သလောက်၊ အယူသည်းလျှင် သည်းသလောက် သေပြီးနောက် ငရဲသို့ တောက်လျှောက် ကျရောက်ခံရကြောင်း ကမ္ဘာပျက်၍ သတ္တ၀ါအများ ဗြဟ္မာဘုံသို့ ပြောင်းရွေ့ကြသော်လည်း မိစ္ဆာဒိဋ္ဌိ ငရဲသားမှာ ပြောင်းခွင့်မရ၊ ဆက်၍ခံနေရကြောင်း ကျမ်းဂန်တို့၌ အတိအလင်း မိန့်ဆိုထားသည်။ ထို့ကြောင့် မခိုင်မာသေးသော အယူမှန်ရှိသူ တို့သည် မိစ္ဆာဒိဋ္ဌိတို့နှင့် အရောတ၀င် မနေသင့်ကြောင်း ဟောကြားတော်မူထားသည်။

ဆောင်ပုဒ်။ ။

(၁) သက်သတ်ခိုးမူ၊ ကာမေသု၊ သုံးခု ကာယကံ။
(၂) လှည့်ဖျားရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊ နူတ်ကြမ်းလေခြင်း၊ ပြိန်ဖျင်းစကား၊ ပြောဆိုငြား၊ လေးပါးဝစီကံ။
(၃) သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊ အယူမှား၊ သုံးပါး မနောကံ။
(၄) ဒုစရိုက်ဆယ်ဖြာ၊ ဤကမ္ဘာတွင်၊ မိစ္ဆာအယူ၊ ရှိသောသူကား၊ သေမူမလွဲ၊ ကျငရဲတည့်၊ ဖေါက်လဲကမ္ဘာ၊ ပျက်သောအခါပင်၊ ဗြဟ္မာဘုံထက်၊ အများတက်လည်း၊ တက်ခွင့်မရှိ၊ အ၀ီစိဝယ်၊ ကံ၏ စေရာ၊ ခံရမှာ၊ မိစ္ဆာအပြစ် ကြီးဆုံးတည်း။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

1 comment:

  1. ကောင်းလိုက်တာ ကျေးဇူးများလှပါတယ်။

    ReplyDelete