မြတ်စွာဘုရားသည် ၄၅-၀ါမြောက် နောက်ဆုံးဝါကို ဝေဠုဝရွာငယ်၌ပင် ၀ါကပ်တော်မူစဉ် သေ၀ပါးနီး ရောဂါကြီးကို ခံစားတော်မူရသည်။ တပည့်သံဃာ အပေါင်းအား အသိမပေးဘဲ ပရိနိဗ္ဗာန် မပြုသင့်သေးဟု ယူဆတော်မူ၍ အသက်နေ ထိန်းထားနိုင်သော ဖလသမာပတ်ကို ၀င်စားတော်မူကာ တရားအစွမ်းဖြင့် ပြန်လည်ကျန်းမာတော်မူ၏၊ အရှင်အာနန္ဒာလည်း မြတ်စွာဘုရား အပြင်းအထန် ဝေဒနာခံစားတော်မူရသည်ကို မြင်ရသောအခါ တရားဘာဝနာလည်း မေ့ပျောက်၍ များစွာ တုန်လူပ်ချောက်ချားနေ၏။
ကျန်းမာလာသောအခါ မြတ်စွာဘုရားရှင်အား “ရဟန်းသံဃာများကို တစ်စုံတစ်ရာ နောက်ဆုံးစကား မမှာကြားရသေးဘဲ ပရိနိဗ္ဗာန်ပြုမည်မဟုတ်”ဟု မျှော်လင့်ကာ စိတ်သက်သာရာရကြောင်း လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားက -
“ချစ်သား အာနန္ဒာ... ရဟန်းသံဃာသည် ငါဘုရားအပေါ် အဘယ်ကြောင့် ဤမျှလောက် အားထားမျှော်လင့်နေသနည်း၊ တွင်းပြင်မထား ဆရာစားမချန် တရားအားလုံး ဟောပြီးပြီ၊ ရဟန်းအပေါင်းကို ငါသာလျှင် ထိန်းကျောင်း စောင့်ရှောက်၍ ရဟန်းတို့ကလည်း ငါဘုရားကိုသာ အားထားနေရန် မလိုလား၊ ကိုယ့်ကိုယ်ကိုသာ အားကိုးနေရမည်၊ တရားကိုသာ ကိုင်းကျွန်းပမာ မှီခိုထား၍နေရမည်၊ အခြား အားကိုးရာမရှိ”ဟု မိန့်တော်မူသည်။
မြတ်စွာဘုရားသည် မိမိကိုယ်စား တစ်ပါးပါးကို ကိုယ်တော်စားလျာထား နှင်းအပ်ခြင်းမရှိ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မူကိုလည်း လိုလားတော်မမူ၊ တရားကိုသာ အလေးမူရန် ကြိမ်ဖန်များစွာ ဟောကြားတော်မူခဲ့လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Wednesday 14 September 2011
ဗုဒ္ဓအပေါ် သံဃာ၏ဆန္ဒနှင့် သံဃာ့အပေါ် ဗုဒ္ဓ၏ဆန္ဒတော်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment