ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ကပိလ၀တ်ပြည်သို့ ကြွတော်မူခန်း (ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာပြ၍ သာကီိဝင်မင်းတို့၏ မာနကို ချိုးနှိမ်ခြင်း)

ဆွေတော် မျိုးတော် သာကီဝင် အကြီးအကဲတို့သည် မိမိတို့၏ တူသားဖြစ်၍ အရွယ်အားဖြင့် ငယ်သော ဘုရားရှင်အား ဦးချ ကန်တော့ရန် ၀န်လေးနေကြ၏၊ ထို့ကြောင့် သာကီဝင် ကလေးသူငယ်များကိုသာ ဘုရားရှင် အနီးအပါး ရှေ့ကထား၍ လူကြီးများကမူ နောက်ပိုင်း၌သာ ထိုင်နေကြလေသည်။

ဘုရားရှင်သည် သာကီဝင် ဆွေတော် မျိုးတော်တို့၏ မာနကို နှိမ့်ချ ပယ်ချိုးရန် စကြ၀ဠာနှင့်အမျှ ထက်ကောင်းကင်၌ ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူလိုက်သည်၊ သာကီဝင် မာနအိုးတို့အား ဘုရား ရှင်တို့၏ တန်ခိုးအားအစွမ်းကို ပြတော်မူလိုသဖြင့် ရတနာစင်္ကြံပေါ်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက် တော်မူ၏၊ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာ တို့သည်လည်း ကောင်းကင်မလပ် နေရာစပ်မျှ ထက်ရပ်တခွင်၌ ဖူးမြင် ပူဇော်လာကြကုန်၏။

ဘုရားရှင်သည် စင်္ကြံလျှောက်ရင်း စကြ၀ဠာ တစ်ခွင်လုံး လင်းလင်းထအောင် တောက်ပ ဖြူဖွေးသော ရောင်ခြည်တို့ကို လွှတ်တော်မူ၏၊ နတ်ပရိသတ်များ မမြင်စဖူး ဖူးမြော် အံ့သြနေကြစဉ် ဆံပင် မျက်ခုံး စသော ခန္ဓာကိုယ်တော်မှ ညိုသောရောင်ခြည်တော်များ၊ နူတ်ခမ်းတော် ခြေဖ၀ါးတော်စသော နီမြန်းသော ကိုယ်တော်မှ နီမြန်းသော ရောင်ခြည်တော်များ၊ ၀ါဝင်းသော ကိုယ် ရေ အသားတော်မှ ဇမ္ဗူရာဇ်ရွှေအဆင်းကဲ့သို့ ၀င်းဝါတောက်ပသော ရောင်ခြည်တော်များ၊ သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူဖွေးသော ခန္ဓာကိုယ်အစိတ်အပိုင်းမှ ပုလဲငွေရောင်အဆင်းကဲ့သို့ ဖြူဝင်းသော ရောင်ခြည်တော်များ စသည်ဖြင့် ရောင်ခြည်တော် ခြောက်သွယ်တို့ကို အလှယ်လှယ် အပြန်ပြန် ဖန်ဆင်းပြတော်မူလေသည်။

လူနတ်ဗြဟ္မာတို့သည် ရောင်ခြည်တော်ခြောက်ဖြာတို့ကို အံ့အားသင့် ကြည်ညိုနေကြစဉ် ဘုရားရှင်သည် ညာဘက်မျက်လုံးတော်မှ ရေအလျဉ်များ၊ ဘယ်ဘက်မျက်လုံးတော်မှ မီးအလျှံများ အပြန်ပြန်အလှန်လှန် ဖန်ဆင်း၍ ပြတော်မူရာ သာကီဝင် မင်းအပေါင်းတို့သည် မာန်မာန ကျ၍ နှစ်ထောင်းအားရ ဖူးမြော်၍ မ၀ဖြစ်ကာ အကြိမ်ကြိမ်ဦးချ ပူဇော်ကြကုန်၏။

ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထားလေသည်။

၁။ “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား - ခမည်းတော်သည် သားတော်ဖွားသည့်နေ့ကပင် ခမည်းတော်၏ ဆရာဖြစ်သော ကာဠဒေ၀ီလရသေ့ကြီးအား ရှိခိုးရန် သားတော်၏ လက်နှစ်ဘက်ကို ယှက်၍ ချီမိုးပေးစဉ် သားတော်သည် အပေါ်သို့တက်ကာ သားတော်၏ ခြေနှစ်ဘက်မှာ ဆရာရသေ့ကြီး၏ ဦးခေါင်းထက်၌ ကျရောက် သည်ကို တွေ့မြင်ရပါသည်၊ ထိုအခါကပင် ခမည်းတော်သည် သားတော်အား ပထမဆုံး လက်အုပ်ချီမိုး ရှိခိုးခဲ့ပါသည်။

၂။ ထိုမှတဖြာ လယ်ထွန်မင်္ဂလာပြုလုပ်စဉ်က လသားမျှသာဖြစ်သော သားတော်အား သပြေပင်ရိပ်၌ သိပ်၍ထားရာ နေပင်ရွေ့သော်လည်း သားတော်အပေါ်မှ သစ်ရိပ်လည်း မရွေ့ဖယ်၊ သားတော်ငယ်လည်း ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် အာနာပါန ပထမဈာန်ဝင်စားနေသည်ကို ခမည်းတော် ဖူးတွေ့ခဲ့ရသဖြင့် ဒုတိယအကြိမ် လက်အုပ်ချီမိုး ရှိခိုးခဲ့ရဖူးပါသည်။

၃။ သားတော်မြတ်ဘုရား - ခမည်းတော်သည် ရှေးအခါက တစ်ကြိမ်တစ်ခါမဆ မမြင်စဖူး ထူးကဲ ဆန်းကြယ်သော အသွယ်သွယ် အဖုံဖုံ တန်ခိုးအစုံတို့ကို ယခုအခါ တွေ့ကြုံဖူးမြော်ရသဖြင့် ခမည်းတော်သည် သားတော်အား သုံးကြိမ်မြောက်လက်အုပ်ချီမိုး ရှိခိုးရပါပြီဘုရား။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment