ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 14 September 2011

သွေးဝမ်းရောဂါ ပြင်းထန်စွာ ခံစားတော်မူရခြင်း

မြတ်စွာဘုရားသည် ဘောဂမြို့မှ ပါဝါပြည်သို့ ရဟန်းတော်များနှင့်အတူ ကြွတော်မူ၍ ရွှေပန်းထိမ်သည် စုန္ဒ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူ၏။ နောက်တစ်ရက်နံနက် စုန္ဒရွေပန်းထိမ်သည် ကပ်လှူသော ၀က်ပျိုသားဆွမ်းကို ဘုဉ်းပေးတော်မူသည်။ ထိုဝက်ပျိုသားဟင်းကို သံဃာများအား မကပ်ရန်နှင့် ကြွင်းကျန်သမျှ မြေမြုပ်ပစ်ရန်ကိုလည်း မိန့်တော်မူသည်။ ထိုနေ့ပင် မြတ်စွာဘုရားသည် ပြင်းထန်သော သေ၀နီးပါး သွေးဝမ်းသွားသော ရောဂါကြီးကို ခံစားတော်မူရသည်။

မြတ်စွာဘုရားသည် ဤ၀က်ပျိုသားဆွမ်းကို မဘုဉ်းပေးသော်လည်း ရှေးဝိပါက်တော်ကြောင့် သွေးလွန်ရောဂါမလွဲမသွေ ခံစားရမည့်အချိန်ဖြစ်၏။ ဤဆွမ်းကိုဘုဉ်းပေးရသဖြင့်သာ ရောဂါခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားဖြစ်မည့်နေ့က သုဇာတာကပ်လှူသောဆွမ်းနှင့် ဤယခု စုန္ဒ၏ဆွမ်းတို့ အကျိုးရရှိပုံ တူညီသည်ဟု ဟောတော်မူသည်။

မြတ်စွာဘုရားသည် သွေးဝမ်းတော်လားလျက်က ကုသိနာရုံပြည်သို့ ဆက်လက်၍ ခရီးထွက်တော်မူရာ နွေရာသီ ကဆုန်လဖြစ်၍ ရာသီဥတုကလည်း ပူပြင်းလှသည်။ ချောင်းငယ်တစ်ခုနီး သစ်ပင်ကြီး တစ်ပင်သို့အရောက် ပင်ပန်းတော်မူလှသဖြင့် နှစ်ထပ်သင်္ကန်းကြီးကို ခေါက်၍ခင်းရန် ရှင်အာနန္ဒာအား မိန့်တော်မူ၏။ ရေဆာတောင်မူလှသဖြင့် ရေခပ်ခိုင်းတော်မူရာ ရှင်အာနန္ဒာက လှည်းငါးရာဖြတ်သွား၍ ရေများနောက် နေသဖြင့် ကကုဓာမြစ် ရောက်မှ သောက်ချိုးရန် လျှောက်ထားသည်။

“ခပ်သာ ခပ်ချေ”ဟု မိန့်တော်မူ၍ သွားရောက် ခပ်ယူရာ ရေများကြည်လင် အေးမြနေသည်ကို တွေ့ရှိရသဖြင့် ဘုရားရှင်၏ တန်ခိုးအာနုဘော် ကြီးမြတ်ကြောင်း တအံ့တသြ တွေ့မြင်ရပြန်လေသည်။

ထို့နောက် ကကုဓာမြစ်သို့ရောက်သောအခါ ရေသုံးသပ်တော်မူပြီးလျှင် ပက္ကုသမလ္လမင်းသားလှူသော ကမလာသင်္ကန်းကို ၀တ်ရုံတော်မူသည်။ ကမ္ဗလာသင်္ကန်းရောင်နှင့် မြတ်စွာဘုရား၏ အသားတော်ရောင်သည် အလွန်ပနံရလျက် မြတ်စွာဘုရား၏ နောက်ဆုံး လှပသပ္ပါယ်တော်မူခြင်းပင် ဖြစ်သည်။

ကကုဓာမြစ်ကမ်းမှအထက် သရက်ဥယျာဉ်သို့အရောက် ရှင်အာနန္ဒာ သင်္ကန်းရေညှစ်နေသည်ကိုပင် မဆိုင်းနိုင်တော့ပဲ ရှင်စုန္ဒအား ဒုကဋ်သင်္ကန်းကြီးကို အခင်းခိုင်းကာ နားနေ လဲလျောင်းတော်မူပြန်၏။

ပါဝါပြည်နှင့် ကုသိနာရုံပြည်သည် သုံးဂါဝုတ်မျှသာ ဝေးသော်လည်း ကိုယ်တော်ပင်ပန်းတော်မူလှသဖြင့် ၂၅-ကြိမ်တိုင်တိုင် အထောက်ထောက် နား၍ နား၍ ကုသိနာရုံအရောက် ကြွသွားတော်မူသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment