ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 20 September 2011

ကုသိုလ်ကံ

ကံသည် ကောင်းကံ ဆိုးကံ - ကုသိုလ်ကံနှင့် အကုသိုလ်ကံ ဟူ၍ နှစ်မျိုးရှိသည်။ ကုသိုလ်ကံသည် ကာမာဝစရ ကုသိုလ်ကံ၊ ရူပါဝစရ ကုသိုလ်ကံ၊ အရူပါဝစရ ကုသိုလ်ကံ၊ လောကုတ္တရာ ကုသိုလ်ကံဟူ၍ လေးမျိုးရှိသည်။

ကာမာဝစရကုသိုလ်ကံသည် ကာမဘုံတို့၌ အကျိုးပေး၏။

ရူပါဝစရကုသိုလ်ကံသည် ရူပဗြဟ္မာဘုံတို့၌ အကျိုးပေး၏။

အရူပါဝစရကုသိုလ်ကံသည် အရူပဗြဟ္မာဘုံတို့၌ အကျိုးပေး၏။ ဈာန်အင်အားအလိုက် ထိုထိုဗြဟ္မာ့ဘုံ၌ အကျိုးပေးသည်။

လောကုတ္တရာကုသိုလ်ကံသည် လောကုတ္တရာဖိုလ် အကျိုးကိုပေး၏။ ဉာဏ်စွမ်းအရ ခံစားရသော အကျိုးတရားဖြစ်၏။

ကာမာဝစရကုသိုလ်ကံသည် ကာယကံ ၃-ပါး၊ ၀စီကံ ၄-ပါး၊ မနောကံ ၃-ပါးအားဖြင့် ၁၀-ပါးရှိသည်။ ထို(၁၀)ပါးကို ကောင်းသော ကောင်းသောအကျိုးကို ပေးခြင်းသဘောရှိ၏။ ကုသိုလ်ဟူသည် အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘောရှိ၏။ ကောင်းသော ကိုယ်မူ နူတ်မူ စိတ်မူတို့ဖြစ်၍ သုစရိုက်တရား ဆယ်ပါးသည် လူ့ပြည် နတ်ပြည် သုဂတိဘ၀များသို့ ရောက်စေတတ်သော လမ်းခရီးကောင်းဖြစ်သောကြောင့် “ကုသလကမ္မပထတရား ၁၀-ပါး”ဟုလည်း ခေါ်သည်။ ကုသိုလ်ကံတို့တွင် သမ္မာဒိဋ္ဌိခေါ် အယူမှန်မူ၊ ကံ ကံ၏အကျိုးကို ယုံကြည်မူ မနောကံသည် အရေးအကြီးဆုံး အခြေခံကံ ဖြစ်သည်။

ကုသိုလ်ကံဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း သဘောရှိ၏။ (ကုသိုလ်ကောင်းမူ တစုံတခုပြုလုပ်နေချိန်၌ လောဘ၊ ဒေါသ၊ မာန၊ ဣဿာမစ္ဆေရ စသော စိတ်၏ အညစ်အကြေး အပြစ်အနာအဆာများ မရှိသဖြင့် “အပြစ်မရှိ”ဟု ဆိုလိုသည်။) ကုသိုလ်ကောင်းမူ ပြုနေသောသူသည် ကောင်းသောအမူကို ပြုနေရသည့်အတွက် ဤဘ၀၌လည်း ၀မ်းသာရွှင်ပျ ချမ်းသာရ၏။ တမလွန်ဘ၀၌လည်း ကောင်းသောအကျိုးကို ခံစားရသောကြောင့် ၀မ်းသာရွှင်ပျ ချမ်းသာရ၏။

ထိုကုသိုလ်ကံသည် ကာယကံကုသိုလ်၊ ၀စီကံကုသိုလ်၊ မနောကံကုသိုလ် ဟူ၍ သုံးမျိုးရှိသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment