ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 17 September 2011

ရတနာသုံးပါး၏ ဂုဏ်တော်များ

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ
ဣတိပိ သော ဘဂ၀ါ -

- အရဟံ
- သမ္မာသမ္ဗုဒ္ဓေါ
- ၀ိဇ္ဇာစရဏသမ္ပန္နော
- သုဂတော
- လောက၀ိဒူ
- အနုတ္တရော ပုရိသဒမ္မသာရထိ
- သတ္ထာ ဒေ၀မနုသာနံ
- ဗုဒ္ဓေါ
- ဘဂ၀ါ။

အနက်အကျဉ်းချုပ်
(၁) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူကိုး ခံတော်မူထိုက်သောကြောင့်။ အရဟံ၊ အရဟ မည်တော်မူ၏။

(၂) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သိစရာမှန်သမျှကို အကြွင်းအကျန်မရှိ ဆရာမလို ကိုယ်တော်တိုင် သိတော်မူသောကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။

(၃) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏတို့နှင့် ပြည့်စုံတော်မူသောကြောင့်။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏။

(၄) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ကောင်းသော စကားကို ဆိုတော်မူတတ်သောကြောင့်။ သုဂတော၊ သုဂတမည်တော်မူ၏။

(၅) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ဟူသော လောကသုံးပါးကို ကောင်းစွာ သိမြင်တော်မူသောကြောင့်။ လောက၀ိဒူ၊ လောက၀ိဒူ မည်တော်မူ၏။

(၆) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ အလုံးစုံသော သတ္တ၀ါတို့ကို အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သောကြောင့်။ အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏။

(၇) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ရှေ့သွားလမ်းပြ ဆရာတစ်ဆူ ဖြစ်တော်မူသောကြောင့်။ သတ္ထာ ဒေ၀မနုဿာနံ၊ သတ္ထာ ဒေ၀ မနုသာန မည်တော်မူ၏။

(၈) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ သစ္စာလေးပါးတရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသောကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။

(၉) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသောကြောင့်လည်း။ ဘဂ၀ါ၊ ဘဂ၀ါ မည်တော်မူ၏။


ဗုဒ္ဓဂုဏ်တော် ကဗျာ
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊
ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူတွေ ဟောညွှန်ပြမှ၊
စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော် တန်တန် မှန်မှန်ရလို့၊
ခဏ ခဏ ရွတ်သင့်သည်။
ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့၊
ကောင်းခြင်းသုခ ရလိမ့်မည်။

ဘုရားဂုဏ်အာရုံပြုအကျိုး
ဘုရားမြတ်ဂုဏ် အာရုံညွတ်လို့၊
မပြတ်မလပ် အောက်မေ့လျှင်။
အမြဲတမ်းသာ ကောင်းစွာနိုးလို့၊
ကြီးမားဖွံ့ဖြိုး အကျိုးထင်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment