ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

ရူပါဝစရဘုံ

ယောဂီတစ်ဦးသည် သမထဘာဝနာကို ကြိုးစားအားထုတ်သဖြင့် ကိလေသာ နီဝရဏတရားတို့ အနည်ထိုင်ကာ စိတ်ဓာတ်တည်ကြည်ငြိမ်သက် သမာဓိရလာသည်။ ထို့နောက် ဆက်လက်အားထုတ်ရာ ၀ိတက် ၀ိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးရှိသော ပထမဈာန်ကို ရသည်။ ဆန္ဒ စိတ္တ ၀ီရိယ ၀ီမံသ ဟူသော ဈာန်နှင့် ယှဉ်ဖက်တရားတို့တွင် တစ်ပါးပါးသည် အဓိပတိ(အကြီးအကဲ) ဖြစ်ရိုးတည်း။ ထိုအဓိပတိဖြစ်ထိုက်သော တရားက ညံ့နေ လျော့နေလျှင် ပရိတ္တဈာန်ဖြစ်၏။ ထိုအဓိပတိက အလတ်တန်းစားသို့ ရောက်နေလျှင် မဇ္ဈိမဈာန်ဖြစ်ကာ ထိုအဓိပတိက ထက်မြက်လျှင် ပဏိတဈာန်ဖြစ်၏။ ထိုပထမဈာန်ရရှိလျက် ပရိတ္တဈာန်အဆင့်၌ပင် ကွယ်လွန်ခဲ့လျှင် ရူပါဝစရ ဗြဟ္မာလောက၏ အစဖြစ်သော ဗြဟ္မပါရိသဇ္ဇာဘုံ၌ ဗြဟ္မာဖြစ်သည်။ သက်တမ်းမှာ အသင်္ချေယျကပ်၏ သုံးပုံတစ်ပုံ သက်တမ်းရှည်ကြ၏။

ပထမဈာန်ကိုပင် မဇ္ဈိမဈာန်အဖြစ် လေ့လာ၍ အင်အား အလယ်အလတ်ရှိနေသူတစ်ဦး ကွယ်လွန်လျှင် ဗြဟ္မပုရောဟိတာဘုံ၌ ဗြဟ္မာဖြစ်သည်။ သက်တမ်းမျာ အသေင်္ချေယျကပ် ထက်ဝက် သက်တမ်း ရှိသည်။

ပထမဈာန်ကိုပင် ပဏိတဈာန်အဖြစ် အလွန်အားကောင်း ထက်မြက်စွာ ပွားများထားသူ တစ်ဦး ကွယ်လွန်လျှင် ဗြဟ္မပုရောဟိတာဘုံ၌ မဟာဗြဟ္မာဖြစ်သည်။ သက်တမ်းမှာ အသေင်္ချေယျကပ် (၁)ကပ် အသက်ရှည်၏။

ဒုတိယဈာန်နှင့် တတိယဈာန်ကို ပရိတ္တအဖြစ် ပွားများထားသူ ကွယ်လွန်လျှင် ဒုတိယဈာန်ဘုံဖြစ်သော ပရိတ္တာဘာဘုံ၌ ပရိတ္တာဘာ ဗြဟ္မာဖြစ်၏။ သက်တမ်းမှာ မဟာကပ် (၂)ကပ် သက်တမ်းရှည်၏။

ဒုတိယဈာန်နှင့် တတိယဈာန်ကို မဇ္ဈိမအဖြစ် ပွားများထားသူ ကွယ်လွန်လျှင် အပ္ပမာဏာဘာဘုံ၌ အာဘဿရာဗြဟ္မာဖြစ်၏။ သက်တမ်းမှာ မဟာကပ်(၄)ကပ် သက်တမ်းရှည်၏။

ဒုတိယဈာန်နှင့် တတိယဈာန်ကိုပင် ပဏိတအဖြစ် ပွားများထားသူ ကွယ်လွန်ပါက အာဘဿရာဘုံ၌ အာဘဿရာဗြဟ္မာဖြစ်၏။ သက်တမ်းမှာ မဟာကပ်(၈)ကပ် သက်တမ်းရှည်၏။

စတုတ္ထဈာန်ကို ပရိတ္တဖြစ်အောင် ပွားများထားသူ ကွယ်လွန်ပါက ပရိတ္တသူဘာဘုံ၌ ပရိတသုဘာဗြဟ္မာဖြစ်၏။ သက်တမ်းမှာ မဟာကပ်(၁၆)ကပ် သက်တမ်းရှည်၏။ မဇ္ဈိမဖြစ်အောင် ပွားလျှင် အပ္ပမာဏသုဘာဘုံ၌ ပဏီတဈာန်ဖြစ်အောင် ပွားလျှင် သုဘဘိဏှာဘုံ၌ သုဘဘိဏှာဗြဟ္မာဖြစ်၏။ မဟာကပ်(၆၄)ကပ် သက်တမ်းရှည်၏။

ပဉ္စမဈာန်ကို ရပြီးသူကွယ်လွန်လျှင် ဝေပ္ဒိုလ်ဘုံ၌ ဗြဟ္မာကြီးဖြစ်၏။ ထိုဈာန်ကို ရသောသူသည် နာမ်တရားတို့ကို စက်ဆုပ်လျက် ရုပ်တရားတို့ကိုသာလိုလားကာ ပဉ္စမဈာန်တရားကို ထပ်ခါထပ်ခါ ပွားလျှင် သူ၏အလိုအတိုင်းပင် ရုပ်တရားသာရှိသည် အသညသတ်ဘုံ၌ အသညသတ်ဗြဟ္မာ ဖြစ်ရသည်။ ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့ သက်တမ်းမှာ မဟာကပ် (၅၀၀)စီ ရှည်ကြ၏။

သုဒ္ဓါဝါသဘုံ(၅)ဘုံ
အနာဂါမ်ပုဂ္ဂိုလ်တို့ ကွယ်လွန်လျှင် သုဒ္ဓါဝါသဗြဟ္မာဘုံ (၅)ဘုံ၌ ဗြဟ္မာကြီးများ ဖြစ်ရ၏။

အ၀ိဟာဘုံ၌ဖြစ်သော ဗြဟ္မာကြီးတို့၏ သက်တမ်းမှာ မဟာကပ်တစ်ထောင်ဖြစ်၏။

အတပ္ပါဘုံ၌ဖြစ်သော ဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ်နှစ်ထောင်ဖြစ်၏။

သုဒဿာဘုံ၌ဖြစ်သော ဗြဟ္မာတို့၏ သက်တမ်းမှာမဟာကပ်လေးထောင်ဖြစ်၏။

သုဒဿီဘုံ၌ဖြစ်သော ဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ်ရှစ်ထောင်ဖြစ်၏။

အကနိဋ္ဌဘုံ၌ဖြစ်သော ဗြဟ္မာတို့၏ သက်တမ်းမှာ မာကပ်တစ်သောင်းခြောက်ထောင်ဖြစ်၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment