ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 15 September 2011

အရှင်မဟာကဿပ ကြွရောက်တော်မူလာခြင်း

ကုသိနာရုံ မလ္လာမင်းသားတို့သည် ဘုရားရှင်အလောင်းတော်ကို ပန်းနံ့သာ ဆီမီးတို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ရ-ရက်တိုင်တိုင် ပူဇော်ပွဲ ကျင်းပကြသည်။ ထိုအချိန်က အရှင်မဟာကဿပမထေရ်ကြီးသည် နောက်ပါ တပည့်ရဟန်းအပါး (၅၀၀)နှင့်အတူ ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာတော်မူရာတွင် လမ်းခရီးအကြား၌ တပည့်ဖြစ်သူ တောထွက်ရဟန်းကြီး သုဘဒ္ဒက မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုကြောင်း သတင်းကြားရသဖြင့် ငိုကြွေးနေကြသော ပုထုဇဉ်ရဟန်းများအား -

“ငါ့ရှင်တို့ - မစိုးရိမ် မငိုကြွေးကြကုန်လင့်၊ ငါတို့အားလုံး “ဒါ - အပ်တယ်၊ မအပ်ဘူး” စသည်ဖြင့် ရဟန်းကြီးဂေါတမ၏ ချုပ်ချယ်မူအောက်မှ လွတ်မြောက်ကြပြီ၊ ဒီမှရှေ့ ငါတို့ သဘောကျ လုပ်နိုင် နေနိုင်ကြပြီ” – ဟု ရင့်သီးစွာ ပြောဆို၍ နှစ်သိမ့်လေသည်။

အရှင်မဟာကဿပမထေရ်ကြီးသည် ထိုစကားကို ကြားရသည်နှင့် တပြိုင်နက် လွန်စွာ သံဝေဂဖြစ်တော်မူ၏။

“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ၍မှ ၇-ရက်ပင် မပြည့်သေး၊ မြတ်စွာဘုရား သာသနာတော်အား ဖျက်ဆီးမည့်ဘေးကြီး ဆိုက်လေပြီ၊ ထိုသာသနာ့ရန်သူများ အားမကောင်းမီ၊ ဘုရားကိုယ်စား တရားတော်များကို ထိန်းသိမ်းစောင့်ရှောက်မှ တော်တော့မည်၊ အပင်မှ ကြွေကျ၍ မသီကုံးရသေးသော ပန်းများသည် လေတိုက်တိုင်းလွှင့်၍ ကစဉ့်ကလျား ပြန့်ကျဲသကဲ့သို့ မြတ်စွာဘုရားရှင် (၄၅) ၀ါကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်များသည်လည်း ယခုအခါ သဘောတူရာ စုစည်း သိမ်းဆည်းထားရခြင်း မရှိသေးချေ။ မြတ်စွာဘုရားအလောင်းတော် မီးပူဇော်ပြီးနောက် တရားတော်အပေါင်းကို စုပေါင်းရွတ်ဆို အတည်ပြုကာ မကြာမတင် သံဂါယနာတင်မှ တော်တော့မည်” – ဟု အောက်မေ့မိလေသည်။

မလ္လာမင်းများသည် အလောင်းတော်ကို ဥယျာဉ်မှ မလ္လာမင်းသားတို့ သျှောင်ထုံးသဘင် မင်္ဂလာယူရာအရပ်သို့ ပင့်ဆောင်၍ မီးသဂြိ င်္ုဟ်ကြသော်လည်း သဂြိ င်္ုဟ်၍မရ ဖြစ်ကြလေ၏။ ၇-ရက်ပြည့် မြောက်သောနေ့၌ အရှင်မဟာကဿပ မထေရ်ကြီးသည် နောက်ပါ ရဟန်းများနှင့်အတူ ရောက်လာပြီးနောက် ဘုရားရှင်ခြေတော်ကို ဦးတိုက်လျက် အဓိဋ္ဌာန်ပြုလိုက်သော အခါမှသာ အလိုအလျောက် တေဇာဓာတ် လောင်ကျွမ်းလေတော့သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment