၉၃၅။ ပတ္တမြားတိုင်ရှိသော ဤဗိမာန်သည် မြင့်မားလှ၏၊ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာရှိ၏၊ ကြောင်မျက်ရွဲတိုင်ရှိကုန်သော ကျယ်ပြန့်သော စုလစ်မွန်းချွန် အထွတ်တပ်သော ပြဿာဒ်ဆောင် ခုနှစ်ရာတို့သည် ရွှေပျဉ်ချပ်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍ တင့်တယ်ကုန်၏။
၉၃၆။ (သင်နတ်သားသည်) ထိုဗိမာန်၌နေလျက် သောက်လည်း သောက်၏၊ စားလည်း စား၏၊ နတ်စောင်းတို့သည်လည်း သာယာစွာ မြည်ကုန်၏၊ ဤဗိမာန်၌ နတ်အရသာ ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ရွှေတန်ဆာဖြင့် ပြင်ဆင်ထားသော နတ်သမီးတို့သည်လည်း ကကြကုန်၏။
၉၃၇-၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ သင်၏ အရောင်အဆင်း သည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။
၉၃၉။ ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန်မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။
၉၄၀။ မိမိ၏ အစီးအပွါး ရှိ မရှိကို သိတတ်သော ပညာရှိသည် ကောင်းသော အကျင့်ရှိကုန်သော မြတ်စွာဘုရားတို့၌ (ဒါနစသော) ကုသိုလ်ကောင်းမူတို့ကို ပြုသင့်ပြုထိုက် ကုန်သည်သာတည်း၊ ယင်းမြတ်စွာဘုရားတို့၌ ပေးလှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုးရှိ၏။
၉၄၁။ ရဟန်းတော် အရှင်မြတ်သည် အကျွန်ုပ်၏ အကျိုးငှါ ဇေ၀တန်ကျောင်းတော်မှ သာဝတ္ထိပြည်သို့ ကြွလာတော်မူပါပေသည်တကား၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေသောကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရပါ၏။
၉၄၂-၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏( ဟု ဖြေကြား၏)။
Friday 5 August 2011
၇ - ဒုတိယကရဏီယ၀ိမာန၀တ္ထု
ခုနှစ်ခုမြောက်သော ဒုတိယကရဏီယ၀ိမာန၀တ္ထု ပြီး၏။
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment