၇၃။ တယောက်သည် ဆင်ဖြူဖြင့် ရှေ့ကသွား၏၊ တယောက်ကား အဿတိုရ်မြင်းကသော ရထားဖြင့် အလယ်က သွား၏၊ နောက်၌ အရပ်ဆယ်မျက်နှာလုံးကို ထွန်းလင်းတောက်ပ စေသော သတို့သမီးကိုမူကား ထမ်းစင်ဖြင့် ထမ်းဆောင်၏။
၇၄။ သင်တို့သည်ကား တင်းပုတ် လက်စွဲကြကုန်သည်ဖြစ်၍ ငိုကြွေးသော မျက်နှာရှိလျက် တင်းပုတ်ဖြင့် ရိုက်ပုတ်ခြင်းကြောင့် ကွဲပြတ်ပျက်စီးသော ကိုယ်ရှိကြကုန်၏၊ လူဖြစ်ကြစဉ်က အဘယ်မကောင်းမူကို ပြုခဲ့ကြသနည်း၊ အဘယ်ကြောင့် အချင်းချင်း တယောက်သည် တယောက်၏ သွေးကို သောက်ကြရကုန်ဘိသနည်း (ဟု သာမဏေက မေး၏)။
၇၅။ အခြေလေးချောင်းရှိသော ကုဉ္ဇအမည်ရသော ဆင်ဖြူဖြင့် ရှေ့ကသွားသော သူသည် အကျွန်ုပ်တို့၏ သားကြီးပင်တည်း၊ ထိုသားအကြီးသည် အလှူဒါနတို့ကို ပေးလှူ၍ ချမ်းသာခြင်းရှိလျက် ၀မ်းမြောက်ရ၏။
၇၆။ ကောင်းသောသွားခြင်းရှိသော အဿတိုရ်မြင်း လေးကောင်ကသော ရထားဖြင့် အလယ်က သွားသောသူသည် အကျွန်ုပ်တို့၏ သားလတ်ပင်တည်း၊ ထိုသားလတ်သည် ၀န်မတိုမူ၍ ပေးလှူလေ့ရှိသောကြောင့် တင့်တယ်၏။
၇၇။ သမင်မငယ်မျက်စိကဲ့သို့ နူးညံ့သော မျက်စိရှိသော နောက်ဆုံးက ထမ်းစင်ဖြင့် ထမ်းဆောင်အပ်သော ပညာရှိသော မိန်းမပျိုသည်ကား အကျွန်ုပ်တို့၏ အငယ်ဆုံး သမီးတည်း၊ (ထိုသမီးငယ်သည်) မိမိရရှိသော အဘို့မှ ထက်ဝက်အဘို့ကို လှူခြင်းကြောင့် ချမ်းသာလျက် ၀မ်းမြောက်ရ၏။
၇၈။ ထိုသားသမီးသုံးယောက်တို့သည် ရှေးဘ၀က သမဏ ဗြဟ္မဏတို့အား ကြည်လင်သော စိတ်ရှိကုန်၍ အလှူတို့ကို ပေးလှူကုန်၏၊ အကျွန်ုပ်တို့သည်မူကား ၀န်တိုမူ မစ္ဆရိယရှိသူများ ဖြစ်ကြပါကုန်၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်ကုန်၏၊ ဤသားသမီး သုံးယောက်တို့သည်ကား ပေးလှူကြကုန်၍ စမ္ပာယ်ပျော်ပါးကြရကုန်၏၊ အကျွန်ုပ်တို့သည်ကား ပြတ်သော ကျူပင်ကဲ့သို့ ခြောက်သွေ့ကြကုန်၏ (ဟု ပြိတ္တာလင်မယားက ဖြေ၏)။
၇၉။ သင်တို့၏ စားဖွယ်ကား အဘယ်သဘောရှိသနည်း၊ အိပ်ရာနေရာကား အဘယ် သဘောရှိသနည်း၊ သင်တို့သည် အဘယ်သို့လျှင် မျှတကြကုန်သနည်း၊ အလွန်ယုတ်မာသော သဘောရှိကုန်သော သင်တို့သည် အပိုင်းအခြားမရှိ များမြတ်သော စည်းစိမ်ရှိသူတို့ ဖြစ်ကြပါကုန်လျက် ချမ်းသာကြောင်းဖြစ်သော ကုသိုလ်ကို မပြုခြင်းဖြင့် ချမ်းသာကို ချွတ်ယွင်းစေကုန်သောကြောင့် ယခု ဆင်းရဲသို့ ရောက်ကြရကုန်၏၊ (ဟု သာမဏေက မေး၏)။
၈၀။ အကျွန်ုပ်တို့သည် အချင်းချင်း သတ်ပုတ်၍ ပြည်သွေးကို သောက်ရပါကုန်၏၊ များစွာသောက်၍လည်း တင်းတိမ်ရောင့်ရဲမူ မရှိကြပါကုန်၊ မနှစ်သက် မလိုလားကြပါကုန်။
၈၁။ အကြင်သူတို့သည် ပစ္စုပ္ပန်၊ တမလွန်ဝယ် ချမ်းသာထူးကို ပြုလုပ်စီရင်တတ်ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကြကုန်၍ မိမိတို့လည်း မသုံးဆောင်ကြကုန်၊ ကုသိုလ်ကောင်းမူကိုလည်း မပြုကြကုန်၊ မပေးလှူတတ်ကုန်သော ထိုသူတို့သည် တမလွန်ဘ၀၌ ယမမင်း၏ ပြိတ္တာဘုံ၌ တည်နေရကုန်သည်ဖြစ်၍ အကျွန်ုပ်တို့ကဲ့သို့ပင် ငိုကြွေးကြရကုန်၏။
၈၂။ ထိုသူတို့သည် တမလွန်ဘ၀၌ ဆာလောင်မွတ်သိပ်သော “ခုပ္ပိပါသ” ပြိတ္တာဘုံသို့ ကပ်ရောက်ကုန်၏၊ နောက်အခါ၌ ကြာမြင့်စွာ (နှလုံးမသာယာခြင်းဖြင့်) ပူဆွေးကုန်လျက် (ဒုက္ခမီးဖြင့်) လောင်ကျွမ်းကြရကုန်၏၊ ဆင်းရဲပွါးကြောင်းဖြစ်ကုန်သော စပ်ရှားခံခက်သော အကျိုးရှိသောကံတို့ကို ပြုသောကြောင့် အပါယ်ဆင်းရဲကို ခံစားကြရကုန်၏။
၈၃။ ဤလော၌ ဥစ္စာစပါးသည် ခဏတာမျှ ဖြစ်၏၊ အသက်သည် ခဏတာမျှ ဖြစ်၏၊ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ခဏတာမျှ ဖြစ်၏ဟု သိ၍ ပညာရှိသည် မိမိမှီခိုရာ ကုသိုလ်တည်းဟူသော ကျွန်းကို ပြုရာ၏။
၈၄။ တရား၌ လိမ်မာကုန်သော အကြင်သူတို့သည် ဤသို့ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ဟုတ်မှန်တိုင်း သိရှိကုန်၏၊ ထိုသူတို့သည် ပူဇော်ခံထိုက်သူ ဘုရားစသော အရိယာတို့၏ စကားကို ကြားနာရ၍ အလှူဒါန၌ မမေ့မလျော့ကြကုန်( ဟု လျှောက်၏)။
တဆယ့်တခုမြောက်သော နာဂပေတ၀တ္ထု ပြီး၏။
Saturday 13 August 2011
၁၁ - နာဂပေတ၀တ္ထု
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment