ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 31 August 2011

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေး လုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့် ကျင့်ကြံ ကြိုးကုတ်အားထုတ်ရပေမည်။

ဗုဒ္ဓဘာသာဝင်ဟူသော ဝေါဟာရကို အသေးစိတ်လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။ ဗုဒ္ဓဟူသည်မှာ ဘ၀များစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါန စသော ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် ဗောဋ္ဌိမဏ္ဍိုင်ဝယ် သစ္စာလေးပါး တရားဥဿုံ အလုံးစုံကို ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဟူသည် ထိုဘုရားသခင်သည် ၄၅-၀ါ ကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အကျိုးစီးပွား တိုးပွားရန် နိဗ္ဗာန်အလို့ငှါ ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဝင်ဟူသည်မှာ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို ယုံကြည်သက်ဝင် ကြည်ညိုကိုးကွယ်၍ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေကြသောသူများဟု အဓိပ္ပာယ်ရလေသည်။

အထက်ပါစကားအရ ဘုရားရှင်ဟောကြားထားသည့် တရားတော်များကို သက်ဝင်ယုံကြည် လိုက်နာသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် အမည်ခံရုံမျှ မဟုတ်ဘဲ အမှန်တကယ် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ သို့မှသာ ဗုဒ္ဓဘာသာဝင် စင်စစ် ဖြစ်ပေမည်၊ လူ့ဘ၀သည် ရခဲလှသည်။ အပါယ်လေးဘုံသည် ဒုက္ခမျိုးစုံကိုသာ ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊ နတ်ပြည် ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊ နတ်ပြည် ဗြဟ္မာပြည်များသည်လည်း သုခမျိုးစုံကိုသာ ခံစားရ၍ ကုသိုလ်ပြုလုပ်ရန် မေ့လျော့နိုင်သည်၊ ဒါန သီလ ဘာဝနာ ပြုလုပ်ရန် မလွယ်ကူချေ၊ လူ့ဘ၀သည်သာ ဒုက္ခ သုခ ရောနှောနေ၍ မိမိ၏ အသိဉာဏ်နှင့် ယှဉ်ကာ ဒါန သီလ ဘာဝနာတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးနိုင်ပြီး၊ သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်သည်။ ထို့ကြောင့် လူ့ဘ၀ကို ရခဲကြ၍ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့ခဲ့ရပြီး ဘုရားရှင် ဟောကြားသည့် တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသော ဘ၀အခိုက်အတန့်တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။ ထိုသို့ လိုက်နာ ကျင့်ကြမှလည်း ဗုဒ္ဓဘာသာဝင် စင်စစ်ဖြစ်ပေမည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါ ဘာသာရေးလုပ်ငန်း တာဝန်များကို ပညာဦးစီးသော ယုံကြည်မူဖြင့် နေ့စဉ်ပြုလုပ်ရမည်။
ထိုတာဝန်များမှာ -
(က) ဘုရားရှိခိုးခြင်း
(ခ) မေတ္တာပို့ခြင်း
(ဂ) အမျှဝေခြင်း
(ဃ) အလှူဒါနပြုလုပ်ခြင်း
(င) သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း
(စ) လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်း - တို့ဖြစ်သည်။

ဘုရားရှိခိုးခြင်း ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခြင်းဖြစ်သည်။

မေတ္တာပို့ခြင်း ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကို ဖြစ်ပေါ်စေခြင်း၊ ပို့လွှတ်ခြင်း၊ ပွားများခြင်း တို့ဖြစ်သည်။

အမျှဝေခြင်း ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂကို မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်း ဖြစ်ပါသည်။

အလှူဒါနပြုလုပ်ခြင်း ဟူသည်မှာ တစုံတခုသော ၀တ္တုပစ္စည်းတို့ကို ဘုရား အစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဋ္ဌာန်း လှူဒါန်းပေးကမ်းမူ ဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမူသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်း၊ ပန်းနံ့သာ ကပ်လှူခြင်း၊ ဆီမီးကပ်လှူခြင်း၊ ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခြင်း စသောအားဖြင့် အလှူဒါန အမျိုးမျိုးရှိပါသည်။

သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း ဟူသည်မှာ မိမိကိုယ်၌လည်းကောင်း၊ သူတပါး သန္တာန်၌လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်၊ အဆုံးအမ ဟူသည်မှာ ဒုစရိုက် မဖြစ်ပွားအောင်ဆောင်ရွက်ခြင်း သုစရိုက်တရားများ တိုးပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး အသင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ပရိယတ္တိစာသင်သားများအား ထောက်ပံ့ခြင်း၊ ပဋိပတ္တိကျင့်သုံးနေသူများအား ထောက်ပံ့ခြင်း၊ ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်း၊ အိမ်တွင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

လက္ခဏာသုံးပါး ဆင်ခြင်ခြင်း ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကို ကျော်လွန်ပြီး ရုပ်နာမ်အဖြစ်ကို မြင်အောင် ရူကာ ရုပ်နာမ်တရားတို့၏ မမြဲ ဆင်းရဲ အတ္တမဟုတ်ဟု ရူမြင်ခြင်း၊ သိခြင်းဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်း တာဝန်များပင် ဖြစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌ တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာ ပြုလုပ်နိုင်လျှင် ပို၍ အကျိုးရှိနိုင်ပါသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment