ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 6 August 2011

၁၃ - စူဠရထ၀ိမာန၀တ္ထု

၉၈၁။ ခိုင်ခံ့သော လေးရှိသော သင်သည် သစ်သားနှစ်လေးကို ထောက်၍ ရပ်နေဘိ၏၊ သင်သည် ပြည့်ရှင်မင်းဖြစ်သလော၊ မင်းသားဖြစ်သလော၊ သို့မဟုတ် တော၌ ကျက်စားတတ်သော မုဆိုးဖြစ်သလော (ဟု အသျှင်မဟာကစ္စည်းက မေး၏)။

၉၈၂။ အရှင်ဘုရား အကျွန်ုပ်သည် အဿကမင်း၏ သားပါတည်း၊ တော၌ ကျက်စားပါ၏၊ အရှင်ရဟန်း အကျွန်ုပ်၏ အမည်ကို အရှင်ဘုရားအား ပြောကြားပါ၏၊ အကျွန်ုပ်ကို သုဇာတဟူ၍ လူအများ သိကြပါကုန်၏။

၉၈၃။ အကျွန်ုပ်သည် သားသမင်တို့ကို ရှာဖွေလျက် တောအုပ်ကြီးသို့ သက်ဝင်သည်ရှိသော် ထိုသမင်ကိုမူကား မတွေ့မြင်ရပါ၊ အကျွန်ုပ်သည် အရှင်ဘုရားကိုသာလျှင် မြင်ရ၍ ရပ်နေပါ၏ (ဟု လျှောက်၏)။

၉၈၄။ ဘုန်းကြီးသော မင်းသား သင်၏ လာရောက်ခြင်းသည် ကောင်းသောလာရောက်ခြင်း ပေတည်း၊ ထိုမှတပါး သင်၏ လာခြင်းသည် မကောင်းသော လာရောက်ခြင်းမဟုတ်၊ ဤရေအိုးမှ ရေကိုယူ၍ သင်၏ ခြေတို့ကို ဆေးကြောလော့။

၉၈၅။ တောင်မြောင်ချောက်ကြားမှ ဆောင်ယူထားသော ဤသောက်ရေသည်လည်း အေးမြ၏၊ မင်းသား ထိုသောက်ရေကို သောက်၍ မြက်အခင်း၌ ထိုင်လေလော့ (ဟု အသျှင်မဟာကစ္စည်းက မိန့်ဆို၏)။

၉၈၆။ ရဟန်းမြတ် အရှင်၏ စကားသည် ကောင်းပါပေစွာ့တကား၊ နာပျော်ဖွယ် ရှိပါပေ၏၊ အပြစ်ကင်းပါပေ၏။ အကျိုးစီးပွားနှင့် စပ်ပါပေ၏၊ သာယာပါပေ၏၊ အကျိုးစီးပွားကို သိ၍ ပြောဆိုပါပေ၏။

၉၈၇။ ရဟန်းမြတ် တော၌နေသော အရှင်ဘုရား၏ မွေ့လျော်ခြင်းသည် အဘယ်ပါနည်း၊ မေးမြန်းပါ၏၊ ဖြေကြားတော်မူပါလော့၊ အရှင်ဘုရား၏ စကားကို နာယူ၍ (ပစ္စုပ္ပန် တမလွန်) အကျိုးရှိသော တရားအစုကို ကောင်းစွာ ကျင့်လိုပါ၏( ဟု လျှောက်၏)။

၉၈၈။ မင်းသား ခပ်သိမ်းသော သတ္တ၀ါတို့အား မညှဉ်းဆဲခြင်းကို ငါတို့နှစ်သက်၏၊ ခိုးယူခြင်းမှ၎င်း၊ မိမိမယားကို လွန်၍ တပါးသော မိန်းမတို့နှင့် မေထုန်အကျင့်ကို ကျင့်ခြင်းမှ၎င်း ၊ သေအရက်ကို သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်၏။

၉၈၉။ (ဆိုအပ်ကုန်ပြီးသော အကုသိုလ်တရားတို့မှ) ဝေးစွာ ရှောင်ကြဉ်ခြင်း၎င်း (ကိုယ်နူတ် နှလုံးတို့ဖြင့်) ညီညွတ်စွာ ကျင့်ခြင်း၎င်း (ပရိယတ်တရား၌) အကြားအမြင်များခြင်း၎င်း သူတပါးတို့ပြုအပ်သော ကျေးဇူးကို သိခြင်း၎င်း မျက်မှောက်ဘ၀၌ ပင်လျှင် ချီးမွမ်းထိုက်ကုန်သော ထိုတရားတို့ကို ချီးမွမ်းအပ်ကုန်၏။

၉၉၀။ မင်းသား သေခြင်း သဘောသည် သင်၏အနီး၌ တည်၏၊ ငါးလအတွင်းသာ အသက်ရှင်လတ္တံ့၊ မင်းသား သိလေလော့ မိမိကိုယ်ကို (အပါယ်ဆင်းရဲမှ) လွတ်စေလော့ (ဟု အသျှင်မဟာကစ္စည်က မိန့်ဆို၏)။

၉၉၁။ အကျွန်ုပ်သည် အဘယ်ဇနပုဒ်သို့ သွား၍ အဘယ်သို့သော အမူကို၎င်း၊ အဘယ်သို့သော ယောက်ျားများ ပြုသင့်ပြုထိုက်သော ကိစ္စကို၎င်း ပြု၍ အဘယ်မည်သော အတတ်ဖြင့်လည်း မအိုမသေဖြစ်ရပါအံ့နည်း (ဟု လျှောက်၏)။

၉၉၂။ မင်းသား သတ္တ၀ါသည် အကြင်အရပ်သို့ သွားသော် မအိုရာ မသေရာ၊ ထိုမအိုမသေရာသော အရပ်သည် မရှိ၊ (မအိုမသေသော) အမူကိစ္စသည်၎င်း၊ အတတ်သည်၎င်း၊ ယောက်ျားများ ပြုသင့်ပြုထိုက်သော ကိစ္စသည်၎င်း မရှိချေ။

၉၉၃။ များသော ဥစ္စာရှိကုန်သော များသော စည်းစိမ်ရှိကုန်သော မင်းမျိုး၌ ဖြစ်ကုန်သော များစွာသော ဥစ္စာစပါးသည်လည်း ရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၉၉၄။ အန္ဓက၀ဏ္ဍေု၏ သားတို့သည် ရဲရင့်သတ္တိ ရှိကုန်၏ လုံ့လရှိကုန်၏၊ ရန်သူအားကို နှိမ်နှင်းပုတ်ခတ်နိုင်လေ့ရှိကုန်၏ဟု သင်ကြားဘူးသည် မဟုတ်လော့၊ မျိုးရိုးစဉ်ဆက် လနေတို့နှင့်တူသော ထိုသူတို့သော်မှလည်း အသက်ကုန်ခြင်းသို့ ရောက်၍ ပျက်စီးရကုန်သေး၏။

၉၉၅။ မင်းမျိုးတို့၎င်း၊ ပုဏ္ဏားမျိုးတို့၎င်း၊ ကုန်သည်မျိုးတို့၎င်း၊ သူဆင်းရဲမျိုးတို့၎င်း ဒွန်းစဏ္ဍားမျိုး ပန်းမိုက်သွန်(ဘင်ကျုံး) မျိုးတို့၎င်း ဇာတ်အားဖြင့် ဤသို့ ဆိုအပ်ခဲ့ပြီး သူတို့သည်၎င်း တပါးသော အမျိုးဇာတ်ရှိသူတို့သည် အိုရ သေရကုန်သေး၏။

၉၉၆။ အဋ္ဌကစသော ရသေ့ပုဏ္ဏားတို့ ကြံစည်ထားသော အင်္ဂါခြောက်ပါးရှိသော ဗဒင်ကျမ်းကို (ရွတ်ဘတ်သရဇ္ဈာယ်) နိုင်ကုန်သော ဤဆိုအပ်ပြီးသော အတတ်ပညာတို့သည်၎င်း တပါးသော အမျိုးဇာတ်ရှိသူတို့သည်၎င်း အိုရ သေရကုန်သေး၏။

၉၉၇။ ငြိမ်းချမ်းသော ကာယကံ ၀စီကံရှိကုန်သော စောင့်စည်းအပ်သော စိတ်ရှိကုန်သော ကိလေသာတို့ကို ပူပန်စေတတ်သောအကျင့်ရှိကုန်သောပုထုဇဉ် သေက္ခရသေ့မြတ်တို့ သော်မှလည်း သေပျောက်ချိန် ရောက်သည့် ကာလ၌ ခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏။

၉၉၈။ ပွါးအပ်ပြီးသော စိတ်ရှိကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိကုန်သော သဘာဝတရားတို့မှ လွတ်ကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးတို့ ကုန်ခြင်းကြောင့် ဤခန္ဓာကိုယ်ကို စွန့်ပစ်ရကုန်သေး၏ (ဟု အသျှင်မဟာကစ္စည်းက မိန့်ဆို၏)။

၉၉၉။ ရဟန်းမြတ် အရှင်ဘုရားသည် အကျိုးစီးပွါးရှိသော ဂါထာတို့ကို ကောင်းစွာဟောအပ်ပါပြီ၊ ကောင်းစွာ ဟောခြင်းဖြင့် ရူစေအပ်သည် ဖြစ်ပါ၏၊ အရှင်ဘုရားသည် သာလျှင် အကျွန်ုပ်၏ မှီခိုကိုးကွယ်ရာဖြစ်ပါလော့ (ဟု လျှောက်၏)။

၁၀၀၀။ သင်သည် ငါ့ကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်လင့်၊ ငါသည် အကြင် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ သာကီဝင်မင်းသား ဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော ထို မြတ်စွာဘုရားကိုသာလျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့ (ဟု မိန့်ဆို၏)။

၁၀၀၁။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်ဇနပုဒ်၌ ရှိပါသနည်း၊ အကျွန်ုပ်သည်လည်း တုဘက်မရှိ ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားပါအံ့ (ဟု လျှောက်၏)။

၁၀၀၂။ သြက္ကာကမင်းမျိုးမှ ဆင်းသက်၍ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုအရှေ့ဇနပုဒ်၌ ဖြစ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည်ကား ပရိနိဗ္ဗာန်ပြုတော်မူလေပြီ (ဟု မိန့်တော်မူ၏)။

၁၀၀၃။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အကယ်၍ တည်ရှိတော်မူသေးသည်ရှိသော် အကျွန်ုပ်သည် ယူဇနာတထောင်တိုင်တိုင် ဝေးသော်လည်း ဆည်းကပ်ခြင်းငှါ သွားပါအံ့။

၁၀၀၄။ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရာသည် ပရိနိဗ္ဗာန်စံတော်မူခြင်းကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်သည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၅။ အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ လူသုံးပါးတို့၏ နတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ (တပည့်သား) သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၁၀၀၆။ အကျွန်ုပ်သည် (ယခု ချက်ချင်း) လျင်စွာပင် သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ သေရည်သေရက်ကို မသောက်စားပါ၊ မမှန်သော စကားကိုလည်း မပြောဆိုတော့ပါ၊ မိမိမယားဖြင့်သာလျှင် နှစ်သက် ရောင့်ရဲပါတော့အံ့ (ဟု ၀န်ခံလျှောက်ထား၏)။

၁၀၀၇။ ကြီးမြတ်သော အရောင်ရှိ၍ ရောင်ခြည်တထောင် ဆောင်သော နေဗိမာန်သည် ကောင်းကင်၌ လှည်လည်သွားလာလျက် အရပ်မျက်နှာတို့၌ ထွန်းလင်း တောက်ပသကဲ့သို့ ထို့အတူ ထက်ဝန်းကျင် အချင်းအားဖြင့် ခုနှစ်ယူဇနာရှိသော သင်၏ ဤရထားကြီးသည် ထိုဗိမာန်နှင့် တူ၏။

၁၀၀၈။ (သင်၏ရထားကို) ရွှေပြားတို့ဖြင့် ထက်ဝန်းကျင်မှ ဖုံးလွှမ်းအပ်၏၊ လှည်းသန်ရင်းကို ပုလဲတို့ဖြင့်၎င်း၊ ပတ္တမြားတို့ဖြင့်၎င်း အဆန်းတကြယ် ပြုလုပ်အပ်၏၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော ကြောင်မျက်ရွဲဖြင့် ပြီးကုန်သော ရွှေအရေး ငွေအရေးတို့သည် (ရထားကို) တင့်တယ်စေကုန်၏။

၁၀၀၉။ ရထား၏ ဤ၀က်စွယ်ရင်းကိုလည်း ကြောင်မျက်ရွဲဖြင့် ဖန်ဆင်းအပ်၏၊ ဤထမ်းပိုးကိုလည်း ပတ္တမြားနီဖြင့် အဆန်းတကြယ် ပြုအပ်၏၊ ရွှေတန်ဆာဖြင့်၎င်း၊ ငွေတန်ဆာဖြင့်၎င်း၊ ဆင်ယင်အပ်ကုန်သော စိတ်ကဲ့သို့ လျင်မြန်ခြင်း ရှိကုန်သော ဤ (အဿတိုရ်) မြင်းတို့သည် တင့်တယ်ကုန်၏။

၁၀၁၀။ အခြံအရံရှိသော နတ်သား အာဇာနည်မြင်းတထောင်ကသော ယာဉ်ရှိသော နတ်တို့၏ အရှင်သိကြားမင်းသည် တည်နေသကဲ့သို့ ထို့အတူ (မိမိတန်ခိုးဖြင့် အလုံးစုံသော ဤအရပ်ကို) လွှမ်းမိုး၍ တည်သော သင်သည် ရွှေရထား၌ တည်နေဘိ၏၊ ပညာရှိသော သင့်ကို မေးပါ၏၊ အဘယ်သို့သော အကြောင်းဖြင့် ဤသို့ များမြတ်သော အခြံအရံကို သင်ရလေသနည်း (ဟု အသျှင်ကစ္စည်းက မေး၏)။

၁၀၁၁။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးဘ၀က သုဇာတ အမည်ရှိသော မင်းသား ဖြစ်ခဲ့ဘူးပါ၏၊ အရှင်ဘုရားသည်လည်း အကျွန်ုပ်ကို ချီးမြှောက်ခြင်းငှါစောင့်စည်းမူ သီလ၌ ညွှန့်ကြားခဲ့ဘူးပါ၏။

၁၀၁၂။ အရှင်ဘုရားသည် အကျွန်ုပ်၏ အသက်ကုန်ခြင်းကိုလည်း (အနာဂတံသဉာဏ်ဖြင့်) သိတော်မူ၍ သုဇာတမင်းသား “ဤသရီရဓာတ်တော်ကို ပူဇော်လေလော့၊ ယင်းသို့ ပူဇော်ခြင်းသည် သင်၏ အကျိုးငှါ ဖြစ်လတ္တံ့” ဟု ဆိုလျက် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ပေးခဲ့ဘူးပါ၏။

၁၀၁၃။ အကျွန်ုပ်သည် ကောင်းစွာအားထုတ်လျက် ထိုသရီရဓာတ်တော်ကို နံ့သာတို့ဖြင့်၎င်း ပန်းတို့ဖြင့်၎င်း ပူဇော်ရ၍ လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ပစ်ရသည်ရှိသော် နှစ်သက်ဖွယ်ရှိသော တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၁၀၁၄။ အကျွန်ုပ်သည် နှလုံးမွေ့လျော်ဖွယ်ရှိသော အထူးထူးသော ငှက်မျိုးတို့နှင့် ပြည့်စုံသော နန္ဒ၀န်ဥယျာဉ်၌ ကကုန် သီဆိုကုန်သော နတ်သမီးတို့ ခြံရံအပ်သည်ဖြစ်၍ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

တဆယ့်သုံးခုမြောက်သော စူဠရထ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment