ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 21 February 2011

၂။ စုန္ဒီသုတ်


မြတ်စွာဘုရား ရာဇဂြိုလ်ပြည် ရှဉ့်နက်တို့ကို အစားကျွေးရာ ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ်အခါက ဖြစ်ပါသည်၊ စုန္ဒိမင်းသမီးသည် ရထားငါးရာ သတို့သမီးငါးရာ ခြံရံကာ မြတ်စွာဘုရားအထံ သွားရောက် ဖူးမြော်သည်၊ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည်။

“အရှင်ဘုရား ! တပည့်တော်မ၏မောင် စုန္ဒမင်းသားသည် ဤသို့ ပြောပါသည် -

“မိန်းမ, ယောက်ျား မည်သူမဆို -

ဘုရားကို ကိုးကွယ် ဆည်းကပ်သည်၊ တရားတော်ကို ကိုးကွယ် ဆည်းကပ်သည်၊ သံဃာတော်ကို ကိုးကွယ် ဆည်းကပ်သည်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သည်၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သည်၊ ကိုယ်ပိုင်မဟုတ်သည့် သူတပါး သားမယားတို့၌ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်သည်၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်သည်၊ မေ့လျော့ ကြောင်းဖြစ်သော သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်သည်၊ ထိုသူသည် ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံသို့သာ ရောက်ရသည်၊ ဒုဂ္ဂတိဘုံသို့ မရောက်ရ” ဟု ပြောဆိုပါသည်။

အရှင်ဘုရား ! တပည့်တော်မ မေးလျှောက်ပါရစေ၊ အဘယ်သို့ သဘောရှိသည့် ဘုရား, တရား, သံဃာတော်တို့၌ ကြည်ညိုသူနှင့် အဘယ်သို့ သဘောရှိသည့် သီလတို့၌ ဖြည့်ဆည်းပူးသောသူသည် ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံ၌သာဖြစ်၍ ဒုဂ္ဂတိဘုံ၌ မဖြစ်ပါသနည်း?။”

“စုန္ဒီ ! ခြေမရှိသောသတ္တ၀ါ၊ ခြေနှစ်ချောင်းရှိသော သတ္တ၀ါ ခြေလေးချောင်းရှိသော သတ္တ၀ါ၊ ခြေများစွာရှိသော သတ္တ၀ါ၊ ရုပ်ရှိ သတ္တ၀ါ၊ ရုပ်မဲ့ သတ္တ၀ါ၊ သညာရှိ သတ္တ၀ါ၊ သညာ မရှိဟု ဆိုရလောက်အောင် သိမ်မွေ့သည့် သညာမျှသာရှိသော သတ္တ၀ါ ဟူသော သတ္တ၀ါရှိသမျှ အားလုံးတို့ထက် အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုရမည်။

ထိုအရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရား၌ ကြည်ညိုတို့သည် အမြတ်ဆုံးဘုရား၌ ကြည်ညိုသည် မည်ကုန်သည်၊ ထိုသူတို့မှာ အမြတ်ဆုံးအကျိုး ရနိုင်သည်။

ပြုပြင်အပ်သော သင်္ခတတရား ရှိသမျှအားလုံးတို့ထက် အင်္ဂါ ၈-ပါးရှိသည့် အရိယာမဂ်ကို အမြတ်ဆုံးဟု ဆိုရမည်။

သင်္ခတ, အသင်္ခတတရား ရှိသမျှအားလုံးတို့ထက် မာန်ယစ်ခြင်း ကင်းရာ, မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ, တောင့်တခြင်းအာသာကို ပယ်ခွာရာ, ၀ဋ်မြစ်ပြတ်ရာ, တဏှာကုန်ရာ, မတပ်မက်ရာ, ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်ဟူသော ၀ိရာဂတရားကို အမြတ်ဆုံးဟု ဆိုရမည်။

အရိယာမဂ်နှင့် နိဗ္ဗာန်တရားတို့၌ ကြည်ညိုသူတို့သည် အမြတ်ဆုံးတရား၌ ကြည်ညိုသည် မည်ကုန်သည်၊ ထိုသူတို့မှာ အမြတ်ဆုံးအကျိုးရနိုင်သည်။

သံဃာဂိုဏ်းရှိသမျှတို့ထက် အရပ်ဝေးမှ ဆောင်ယူလာသော အလှူကိုလည်း ခံထိုက်, ဧည့်သည်အလို့ငှာ စီမံထားသော ၀တ္ထုကိုလည်း ခံထိုက်, တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံထိုက်, လက်အုပ်ချီခြင်းကိုလည်း ခံထိုက်ပြီး သတ္တ၀ါအပေါင်း၏ ကောင်းမူပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော အရိယာသံဃာ ၈-ပါးကို အမြတ်ဆုံးဟု ဆိုရမည်။

ထိုအရိယာသံဃာ ၈-ပါး၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး သံဃာ၌ ကြည်ညိုသည် မည်ကြသည်၊ ထိုသူတို့မှာ အမြတ်ဆုံးအကျိုး ရနိုင်သည်။

ရှိရှိသမျှ သီလတို့ထက် တဏှာ့ကျွန်အဖြစ်မှလည်း လွတ်မြောက်စေနိုင်, ပညာရှိတို့ကလည်း ချီးမွမ်းအပ်, မှားသောအားဖြင့်လည်း မသုံးသပ်အပ်, သမာဓိကိုလည်း ဖြစ်စေတတ်၍ အရိယာတို့လည်း နှစ်သက်အပ်သည့် မကျိုးမပေါက် မကျားမပြောက် ကုန်သော သီလတို့ကို အမြတ်ဆုံးဟု ဆိုရမည်။
ထိုအရိယာတို့ နှစ်သက်အပ်သော သီလတို့ကို ဖြည့်ဆည်းပူးတတ်သူတို့သည် အမြတ်ဆုံးသီလ၌ ဖြည့်ဆည်းပူးသည် မည်ကြသည်၊ ထိုသူတို့မှာ အမြတ်ဆုံး အကျိုးရနိုင်သည်။”

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ရတနာမြတ် ၃-ပါး၏ ဂုဏ်ကို သိကြ၍ အတုမရှိ မြတ်သော အလှူကို ခံထိုက်သော မြတ်စွာဘုရား၊ တပ်မက်မူ ရာဂကင်းရာ, ငြိမ်းအေးရာ, ချမ်းသာကြောင်းဖြစ်သော မြတ်သောတရား၊ ကောင်းမူပြုရာ လယ်မြေ ကောင်းသဖွယ်ဖြစ်သည့် မြတ်သောသံဃာ၌ ကြည်ညိုကုန်သူတို့မှာ လည်းကောင်း။

ထိုရတနာမြတ် ၃-ပါး၌ အလှူပေးသူတို့မှာ လည်းကောင်း မြတ်သောကောင်းမူသည် တိုးပွားသည်၊ မြတ်သောအသက်ရှည်ခြင်း, အဆင်းလှခြင်း, အခြံအရံများခြင်း, ကျော်စောခြင်း, ချမ်းသာခြင်း, ကိုယ်အား, ဉာဏ်အားတို့လည်း တိုးပွားကြသည်။

အမြတ်ဂုဏ်နှင့် ပြည့်စုံသည် ရတနာမြတ် ၃-ပါးအား ပေးလှူတတ်သူ, ပညာနှင့် ပြည့်စုံသူ နတ်သည်လည်းကောင်း၊ လူသည်လည်းကောင်း အမြတ်ဆုံးသို့ ရောက်သည်ဖြစ်၍ မွေ့လျောရလေသည်။”


ဆောင် - ဘုရားဟူသမျှ၊ အရဟန္တ, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်၊ ဘုရားရှင်သာ၊ ထိပ်ဆုံးသာ၊ မှန်စွာ အမြတ်ဆုံး။

တရားဟူသမျှ၊ အရိယာမဂ္ဂင်၊ ထို့ပြင် နိဗ္ဗာန်၊ ထိပ်ဆုံးမှန်၊ ဧကန် အမြတ်ဆုံး။

သံဃာဟူသမျှ၊ အရိယာသံဃာ၊ ထိပ်ဆုံးသာ၊ မှန်စွာ အမြတ်ဆုံး။

သီလဟူသမျှမှာ၊ အရိယာမြတ်နိုး၊ သီလမျိုးသာ၊ ထိပ်ဆုံးသာ၊ မှန်စွာ အမြတ်ဆုံး။

ဒုတိယသုတ် ပြီး၏။။

No comments:

Post a Comment