ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 February 2011

၎။ သုမန၀ဂ်(သုမနာမင်းသမီးကို ဟောသည့် သုတ်ပါသော အခန်း)


၁။ သုမနသုတ်

မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ သမီးတော် သုမနာမင်းသမီးသည် ရထားငါးရာ မင်းသမီးငါးရာ ခြံရံကာ မြတ်စွာဘုရားအထံ သွားရောက်ဖူးမြော်သည်၊ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည်။

“ အရှင်ဘုရား ! ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့် သာဝကနှစ်ဦးတို့သည် သဒ္ဓါ, သီလ, ပညာ အရာမှာတော့ တူမျှကြပါသည်။ သို့သော် တစ်ဦးက ပေးလှူတတ်သည်၊ တစ်ဦးက မပေးလှူတတ်ပါ၊ သူတို့နှစ်ဦ ခန္ဓာ ပျက်ကြွေ သေပြီးသည့်နောက် နတ်ပြည်သို့ ရောက်ကုန်ရာပါသည်၊ နတ်ဖြစ်သူ ထိုနှစ်ဦးတို့ ထူးခြားချက်, ခြားနားချက် ဖြစ်ကောင်းပါသလောဘုရား? ။”

“ဖြစ်ကောင်းသည် သုမနာ !၊ နတ်ဖြစ်ခြင်းတူသော်လည်း ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်အဖြစ်ဆိုင်ရာ -

၁။ အသက်၊

၂။ အဆင်း၊

၃။ ချမ်းသာ၊

၎။ အခြံအရံ အကျော် အစော၊

၅။ အစိုးရခြင်း - ဟူသော အကြောင်း ၅-မျိုးဖြင့် သာလွန်နိုင်သည်၊ အသာစီးရသည်။”

“ထားပါတော့ ဘုရာ၊ အကယ်၍ သူတို့နှစ်ဦး နတ်ဘ၀မှ သေ၍ ဤလူဘုံသို့ ပြန်ရောက်လာကြပါမူ လူဖြစ်သူ ထိုနှစ်ဦးတို့ ထူးခြားချက်, ခြားနားချက် ဖြစ်ကောင်ပါသေးသလော ဘုရား?။”

“ဖြစ်ကောင်းသည် သုမနာ!၊ လူဖြစ်ခြင်းတူသော်လည်း ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူ့အဖြစ် ဆိုင်ရာ -

၁။ အသက်၊

၂။ အဆင်း၊

၃။ ချမ်းသာ၊

၎။ အခြံအရံ အကျော် အစော၊

၅။ အစိုးရခြင်း - ဟူသော အကြောင်း ၅-မျိုးဖြင့် သာလွန်နိုင်သည်၊ အသာစီးရသည်။”

“အကယ်၍ သူတို့နှစ်ဦး လူ့ဘောင်မှ ထက်၍ ရှင်, ရဟန်းဖြစ်သူ ထိုနှစ်ဦးတို့ ထူးခြားချက်, ခြားနားချက် ဖြစ်ကောင်ပါသလော ဘုရား?။”

“ဖြစ်ကောင်းသည် သုမနာ!၊ ရှင်, ရဟန် ဖြစ်ခြင်းတူသော်လည်း ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ၅-ပါးသော အကြောင်းတို့ဖြင့် သာလွန်နိုင်သည်၊ အသာစီးရသည်။

၁။ ဆွမ်း၊

၂။ သင်္ကန်း၊

၃။ ကျောင်း၊

၎။ ဆေး - ပစ္စည်း ၄-ပါးကို သုံးဆောင်ရာ၌ အလှူရှင် ကိုယ်တိုင်က -

“တပည့်တော်တို့ကိုချီးမြှောက်သောအားဖြင့် တပည့်တော်တို့၏ ပစ္စည်းကို အလှူခံတော်မူပါ” ဟု တောင်းပန် လျှောက်ထား၍ လှူသော ပစ္စည်းကိုသာ သုံးဆောင်ရသည်က များသည်၊ တောင်းပန်မခံရပဲ သုံးဆောင်ရသည်ကား အနည်းငယ်သာ ဖြစ်သည်။

တဖန် -

၅။ အတူနေ သီတင်းသုံးဖော်တို့က ထိုပေးလှူတတ်သူကို နှစ်ခြိုက်ဖွယ် ကိုယ်, နူတ်, စိတ်အမူအရာတို့ဖြင့်သာ ပြုမူဆက်ဆံကြသည်က များသည်၊ မနှစ်ခြိုက်ဖွယ် ကိုယ်, နူတ်, စိတ်အမူအရာတို့ဖြင့် ပြုမူဆက်ဆံကြသည်ကား အနည်းငယ်သာတည်း၊ နှစ်ခြိုက်ဖွယ် ပူဇော်မူကို ပူဇော်ကြ သည်က များသည်၊ မနှစ်ခြိုက်ဖွယ် ပူဇော်မူကို ပူဇော်ကြသည်ကား အနည်းငယ်သာတည်း။”

“အရှင်ဘုရား ! အကယ်၍ ထိုသူနှစ်ဦးတို့ ရဟန္တာဖြစ်သွားကြပါမူ ထူးခြားချက်, ခြားနားချက် ဖြစ်ကောင်းပါသေးသလော ဘုရား?။”

“ရဟန္တာဖြစ်ရာ၌ကား ဘာမျှ ခြားနားချက် မရှိပေ။”

“အရှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။

အလှူဒါန, အကုသိုလ် ကောင်းမူ တို့ဆိုတာ အလွန်ပြုသင့်သော အရာများ ဖြစ်ပါသည်၊ အလှူဒါန, ကုသိုလ် ကောင်းမူတို့သည် နတ်ဖြစ်သူ, လူဖြစ်သူ, ရှင် ရဟန်းဖြစ်သူ မည်သူကို မဆို ကျေးဇူးပြုတက်ပါပေသည်။”

“သုမနာ ! သင်လျှောက်ထားသော စကားသည် လျှောက်ထားသည့်အတိုင်း မှန်ပေသည်။”

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“လောက၌ ကောင်းကင်ခရီးဖြင့် သွားသည့် အညစ်အကြေးကင်းသော လမင်းသည် ကြယ်တာရာအားလုံးကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ -

ထိုအထူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသူသည် နှမြောဝန်တိုခြင်းရှိသူ အားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန် တင့်တယ်သည်။

လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ် တိမ်တောင်များနှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်း ရွာသွန်းလျက် ပြည့်စေသကဲ့သို့ -

ဤအတူသာလျှင် သောတာပတ္တိဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သား သာဝက ပညာရှိသည် နှမြောတွန့်တိုသူကို အကြောင်း ၅-မျိုးတို့ဖြင့် သာလွန်နိုင်သည်။

ထိုသူသည် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့၏ တင်ပို့ခြင်းခံရသဖြင့် အသက်, အခြံအရံ အကျော်အစော, ရုပ်အဆင်း, ချမ်းသာများဖြင့် တမလွန် နတ်ပြည်လောက၀ယ် ဧကန် ၀မ်းမြောက်ရလေသည်။


ဆောင် - လူ, နတ်ဖြစ်လေ၊ သက်ရှည်, ဆင်းလှ၊ ချမ်းသာရနှင့်၊ များလှ ခြွေရံ၊ စိုးရပြန်၊ ငါးတန် သာလွန် ဒါနကျိုး။

ရဟန်းအဖြစ် ပစ္စည်းလေးတန်၊ တောင်းပန် လှူရ၊ ဆက်ဆံကြလစ်၊ နှစ်ခြိုက်ဖွယ်ရာ၊ ဆက်ဆံလာ၊ ငါးဖြာ သာလွန် ဒါနကျိုး။


ပထမသုတ် ပြီး၏။

No comments:

Post a Comment