ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 19 February 2011

၃။ ဥပက္ကိလေသသုတ်


ရဟန်းတို့!

အညစ်အကြေး ၅-မျိုးဖြင့် ညစ်နွမ်းသော ရွှေသည် နူးညံ့လည်း မနူးညံ့၊ လက်ကောက်, နားတောင်း စသည် ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိသည်။

ရွှေအညစ်အကြေး ၅-မျိုးမှာ -

၁။ သံ၊ ၂။ ကြေး၊ ၃။ ခဲမဖြူ၊ ၄။ ခဲပုပ်၊ ၅။ ငွေ - တို့တည်း။

ထိုရွှေသည် ဤအညစ်အကြေး ၅-မျိုးမှ ကင်းလွတ်သော အခါ၌မူကား -

နူးလည်း နူးညံ့သည်၊ လက်ကောက်, နားတောင်း-စသည် ပြုလုပ်၍လည်း ဖြစ်နိုင်သည်၊ အရောင်လည်း ထွက်သည်၊ ကြွပ်ဆတ်သော သဘောလည်း မရှိတော့ချေ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်နိုင်သည်၊ လက်စွပ်, နားတောင်း, လည်ရွဲတန်ဆာ, ရွှေပန်းကိုင် မည်သည့်တန်ဆာ အထူးမဆို အလိုရှိရာ အကျိုးကို ပြီးစေနိုင်သည်။

ဤအတူသာလျှင် အညစ်အကြေး ၅-မျိုးဖြင့် ညစ်နွမ်းသော စိတ်သည် နူးညံ့သည် မနူးညံ့၊ လိုသလို ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်းရှိသည်၊ အာသဝေါတို့ ကုန်ခန်းရန်အတွက်လည်း ကောင်းစွာ မတည်ကြည်။

ထို စိတ်အညစ်အကြေး ၅-မျိုးမှာ

၁။ ကာမစ္ဆန္ဒ၊ ၂။ ဗျာပါဒ၊ ၃။ ထိန, မိဒ္ဓ၊ ၄။ ဥဒ္ဓစ္စ, ကုက္ကုစ္စ၊ ၅။ ၀ိစိကိစ္ဆာ တို့တည်း။

(ကာမစ္ဆန္ဒ-ကာမဂုဏ်လိုလားမူ၊ ဗျာပါဒ-သူတပါးကို ပျက်စီးစေလိုမူ၊ ထိန-စိတ်၏ လေးလံထိုင်းမိုင်းမူ၊ မိဒ္ဓ-စေတသိက်တို့၏ လေးလံထိုင်းမိုင်းမူ၊ ဥဒ္ဓစ္စ-ပျံ့လွင့်မူ၊ ကုက္ကုစ္စ-နောင်တပူပန်မူ၊ ၀ိစိကိစ္ဆာ-သံသယ ဖြစ်မူ)

စိတ်သည် ထိုအညစ်အကြေး ၅-မျိုးမှ ကင်းလွတ်သော အခါ၌ မူကား -

နူးညံ့လည်း နူးညံ့သည်၊ လိုသလို ပြုလုပ်၍လည်း ဖြစ်နိုင်သည်၊ အရောင်လည်း ထွက်သည်၊ ကြွပ်ဆတ်သော သဘောလည် မရှိ၊ အာသဝေါတို့ ကုန်ခန်းရန်အတွက်လည်း ကောင်းစွာ တည်ကြည်သည်။

ဣဒ္ဓ၀ိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းငှါ ဣဒ္ဓိဝိဓ-စသော ထူးကဲသော ဉာဏ်ဖြင့် မျက်မှောက်ပြုထိုက်သော တန်ခိုး အမျိုးမျိုး ဖန်ဆင်းခြင်းစသော တရားသဘောသို့ စိတ်ကို ရှေးရူညွတ်စေသည်။

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်းဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုထိုမျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသည်သို့ ရောက်သည်။


ဣဒ္ဓိဝိဓ အဘိညာဉ်သို့ ရောက်ပုံမှာ -

ထိုသူသည် အကယ်၍ အလိုရှိမူ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ခံစားသည်။

အဘယ်သို့ ခံစားသနည်းဟူမူ -

“ငါသည် တစ်ယောက်တည်းက အများဖြစ်ရလိုသည်၊ အများက တစ်ယောက်တည်း ဖြစ်ရလိုသည်၊ အများ မြင်သာအောင်, အများမမြင် ကွယ်ပျောက်အောင် ပြုရလိုသည် နံရံတစ်ဖက်, တံတိုင်းတဖက်, တောင်တဖက်သို့ မထိမငြိဘဲ ကောင်းကင်မှာလို သွားရလိုသည်၊ မြေပေါ်မှာလည်း ငုပ်ခြင်း, ပေါ်ခြင်းကို ရေပေါ်မှာလို ပြုရလိုသည်၊ ရေပေါ်မှာလည်း မနစ်မြုပ် မပြိုကွဲစေဘဲ မြေပေါ်မှာလို သွားရလိုသည်၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျှက် အတောင်ရှိသော ငှက်ကဲ့သို့ သွားရလိုသည်၊ လောကဓာတ်ကို အလင်းရောင် ပေးနိုင်လောက်အောင် တန်ခိုးအာနုဘော်ကြီးကုန်သော လ, နေတို့ကိုလည်း လက်ဖြင့် သုံးသပ်ရလိုသည်၊ ဆုပ်ကိုင်ရလိုသည်၊ ဗြဟ္မာ့ပြည်တိုင် အောင်လည်း မိမိကိုယ်ကို စိတ်အလိုတိုင်း ဖြစ်စေလိုသည်” ဟု ခံစားသည်။

ဤသို့ ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်းဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်း ရှိတိုင်း ထိုထိုမျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုး အမျိုးမျိုး ဖန်ဆင်းခြင်းသို့ ရောက်သည်။(ဣဒ္ဓိ-တန်ခိုး၊ ၀ိဓ-အမျိုးမျိုး၊ အဘိညာဉ်=ထူးသော ဥာဏ်)


ဒိဗ္ဗသောတ အဘိညာဉ်သို့ ရောက်ပုံမှာ -

“ငါသည် အထူးစင်ကြယ်သဖြင့် လူ့နားထက်သာလွန်သော ဒိဗ္ဗသောတအဘိညာဉ်ဖြင့် နတ်သံ လူသံ, အဝေးသံ အနီးသံ နှစ်မျိုး နှစ်မျိုးသော အသံတို့ကို ကြားလိုသည်” ဟု အလိုရှိလျှင် -

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်းဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုထို မျက်မှောက်ပြုထိုက်သော အသံအမျိုးမျိုး ကြားရခြင်း သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ အသံအမျိုးမျိုး ကြားရခြင်းသို့ ရောက်သည်။(ဒိပ္ပသောက-နတ်နားနှင့်တူသော အဘိညာဉ်)


ပရစိတ္တ၀ိဇာနန အဘိညာဉ်သို့ ရောက်ပုံမှာ -

“ငါသည် -

သူတပါးတို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိလိုသည်၊ သရာဂစိတ်ကို သရာဂစိတ်ဟု၊ ၀ီတရာဂစိတ်ကို ၀ီတရာဂစိတ်ဟု၊ သဒေါသစိတ်ကို သဒေါသစိတ်ဟု၊ ၀ီတဒေါသစိတ်ကို ၀ီတဒေါသစိတ်ဟု၊ သမောစိတ်ကို သမောဟစိတ်ဟု၊ ၀ီတမောဟစိတ်ကို ၀ီတမောဟစိတ်ဟု၊ သံခိတ္တစိတ်ကို သံခိတ္တစိတ်ဟု၊ ၀ိက္ခိတ္တစိတ်ကို ၀ိက္ခိတ္တစိတ်ဟု၊ မဟဂ္ဂစိတ်ကို မဟဂ္ဂတစိတ်ဟု၊ အမဟဂ္ဂတစိတ်ကို အမဟဂ္ဂတစိတ်ဟု၊ သဥတ္တရစိတ်ကို သဥတ္တရစိတ်ဟု၊ အနုတ္တရစိတ်ကို အနုတ္တရစိတ်ဟု၊ သမာဟိတစိတ်ကို သမာဟိတစိတ်ဟု၊ အသမာဟိတစိတ်ကို အသမာဟိတစိတ်ဟု၊ ၀ိမုတ္တစိတ်ကို ၀ိမုတ္တစိတ်ဟု၊ အ၀ိမုတ္တစိတ်ကို အ၀ိမုတ္တစိတ်ဟု သိလိုသည်” ဟု အလိုရှိလျှင် -

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်း ဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုထိုမျက်မှောက်ပြုထိုက်သော သူတပါးစိတ်ကို ခွဲခြားသိခြင်း သဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ သူတပါးစိတ်ကို ခွဲခြားသိရခြင်းသို့ ရောက်သည်။

(သရာဂ-ရာဂနှင့် တကွဖြစ်သော စိတ်၊ ၀ီတရာဂ-ရာဂကင်းသော စိတ်၊ သဒေါသ-ဒေသနှင့် တကွဖြစ်သော စိတ်၊ ၀ီတဒေါသ-ဒေါသကင်းသော စိတ်၊ သမောဟ-မောဟနှင့်တကွဖြစ်သော စိတ်၊ ၀ီတမောဟ-မောဟကင်းသော စိတ်၊ သံခိတ္တ-တွန့်တိုဆုတ်နစ်(ပျင်းရိထိုင်းမိုင်း)သော စိတ်၊ ၀ိက္ခိတ္တ-ပျံ့လွင့်သော စိတ်၊ မဟဂ္ဂတ-မြတ်သော စိတ်၊ အမဟဂ္ဂတ-မမြတ်သော စိတ်၊ သဥတ္တရ- အမြတ်ဆုံး မဟုတ်သေးသည့် စိတ်၊ အနုတ္တရ - အမြတ်ဆုံးစိတ်၊ သမာဟိတ-တည်ကြည်သော စိတ်၊ အသမာဟိတ-မတည်ကြည်သော စိတ်၊ ၀ိမုတ္တ-အကုသိုလ်မှ လွတ်မြောက်သော စိတ်၊ အ၀ိမုတ္တ-မလွတ်မြောက်သော စိတ်။)


ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်သို့ ရောက်ပုံမှာ -

“ငါသည် ရှေးဘ၀ မြောက်များစွာကို အောက်မေ့လိုသည်။ အောက်မေ့ပုံမှာ -

၁-ဘ၀, ၂-ဘ၀, ၃-ဘ၀, ၄-ဘ၀,၅-ဘ၀, ဘ၀-၅၀, ဘ၀-၁၀၀, ဘ၀-၁၀၀၀, ဘ၀-တစ်သိန်း၊ ပျက်ကပ် များစွာ, ဖြစ်ကပ် များစွာ, ပျက်ကပ် ဖြစ်ကပ် များစွာတို့၌ -

“ငါသည် မည်သည့်ဘ၀၌ “ဤသို့သော-အမည်, အနွယ်, အဆင်း, အစာ, ချမ်းသာဆင်းရဲ ခံစားခြင်း, အသက်တမ်း ရှိခဲ့သည်။

ထိုဘ၀မှ သေခဲ့ပြီးနောက် ဤမည်သော ဘ၀၌ ဖြစ်ပြန်သည်” ဟု -

ဤသို့ အခြင်းအရာ, အဖြစ်သနစ်နှင့်တကွ ရှေးဘ၀မြောက်များစွာကို အောက်မေ့လိုသည်” ဟု အလိုရှိလျှင် -

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်းဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုထို မျက်မှောက်ပြုထိုက်သော ရှေးဘ၀ မြောက်များစွာကို အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့နိုင်ခြင်း သဘောတရား၌ပင် ကိုယ်တိုင် ကိုယ်တွေ့ ရှေးဘ၀ မြောက်များစွာကို အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့နိုင်ခြင်းသို့ ရောက်သည်။


ဒိဗ္ဗစက္ခု အဘိညာဉ်သို့ ရောက်ပုံမှာ -

ငါသည် အထူးစင်ကြယ်သဖြင့် လူ့မျက်စိထက်သာလွန်သော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သေဆဲ, ဖြစ်ဆဲ, အယုတ်, အမြတ်, အဆင်းလှ, မလှ, ကောင်းသော လားရာ ရှိ, မရှိ သတ္တ၀ါတို့ကို မြင်လိုသည်။

ကံအလျောက်ဖြစ်သော သတ္တ၀ါတို့ကိုလည်း သိလိုသည်။ သိပုံမှာ -

“အချင်းတို့ ! ကာယ, ၀စီ, မနောဒုစရိုက် တစ်မျိုးမျိုးနှင့် ပြည့်စုံကုန်, အရိယာတို့ကို စွပ်စွဲပုတ်ခတ်ကုန်, အယူမှားကုန်, အယူမှားဖြင့် ပြုသော ကံရှိကုန်သော သတ္တ၀ါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် ဒုဂ္ဂတိလည်းဖြစ်, ဖောက်ပြန်ပျက်စီး၍ ကျရောက်ရာလည်းဖြစ်သော အပါယ်ငရဲသို့ ရောက်ကြရသည်။(ဒိဗ္ဗစက္ခု-နတ်မျက်စိနှင့်တူသော အဘိညာဉ်၊ ဒုဂ္ဂတိ-မကောင်းသော လားရာ)

အချင်းတို့ ! ကာယ, ၀စီ, မနောသုစရိုက် တစ်မျိုးမျိုးနှင့် ပြည့်စုံကုန်, အရိယာတို့ကို မပုတ်ခတ် မစွပ်စွဲကုန်, အယူမှန်ကန်,အယူမှန်ဖြင့် ပြုသော ကံရှိကုန်သော သတ္တ၀ါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် သုဂတိ နတ်ပြည်သို့ ရောက်ကြရသည်”။

ဤသို့ အလိုရှိလျှင် -

ရှေးဘ၀က အဘိညာဉ်ရခြင်းငှါ အလွန်အကဲ အားထုတ်ခဲ့ဖူးခြင်း ဟူသော အကြောင်းနှင့် ယခုဘ၀၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုထိုမျက်မှောက်ပြုထိုက်သော သတ္တ၀ါတို့ကို မြင်ခြင်းသဘောတရား၌ပင် ကိုယ်တိုင်ကိုယ်တွေ့ သတ္တ၀ါတို့ကို မြင်ခြင်းသို့ ရောက်သည်။(သုဂတိ-ကောင်းသော လားရာ)


အရဟတ္တ ဖလသမာပတ်သို့ ရောက်ပုံမှာ -

“အာသဝေါတရားများ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော စေတောဝိမုတ္တိနှင့် ပညာဝိမုတ္တိကို ယခုဘ၀၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေလိုသည်” ဟု အလိုရှိလျှင် -

ရှေးရှေး အရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်၏ ၀ိပဿနာဟူသော အကြောင်းတရား ရှိတိုင်းရှိတိုင်း ထိုသို့ မျက်မှောက်ပြုထိုက်သော စေဟောဝိမုတ္တိ, ပညာဝိမုတ္တိသို့ ရောက်၍ နေခြင်းသဘောတရား၌ပင် ကိုယ်တိုင် ကိုယ်တွေ့ အရဟတ္တ ဖလသမာပတ်ဝင်စားနိုင်ခြင်းသို့ ရောက်သည်- ဟု မိန့်တော်မူသည်။(စေတောဝိမုတ္တိ-ကိလသာတို့မှ လွတ်မြောက်သော စိတ်၊ ပညာဝိမုတ္တိ-ကိလေသာတို့မှ လွတ်မြောက်သော ပညာ)


ဆောင် - သံ, ကြေးနှင့် ငွေ၊ တစ်ထွေ ခဲမဖြူ၊ ခဲပုပ်မူ၊ ငါးဆူ ရွှေ၏ ညစ်အကြေး။

ကာမစ္ဆန္ဒ၊ ဗျာပါဒနှင့်၊ ထိန, မိဒ္ဓါ၊ ဥဒ်, ကုက် ပါ ၀ိ၊ ငါးဝ သိ၊ မှတ်ဘိ စိတ်၏ ညစ်အကြေး။

ညစ်ကြေး ကင်းကွာ၊ ရွှေမှာ နူးညံ့၊ ကျန်းခံ့ လုပ်ဖြစ်၊ ထွက်လစ် ရောင်ဝါ၊ ချို့မှာ မရှိ၊ လိုသည့် တန်ဆာ၊ လုပ်နိုင်ရာ ၊ သေချာ မှတ်ကုန်ကြ။

ညစ်ကြေးကင်းကွာ၊ စိတ်မှာ နူးညံ့၊ ကျန်းခံ့ လုပ်ဖြစ်၊ ထွက်လစ် ရောင်ဝါ၊ ချို့မှာ မရှိ၊ လိုသည့် ဘိညာ၊ လုပ်နိုင်ရာ၊ သေချာ မှတ်ကုန်ကြ။

ဣဒ်, သော, စေ, ပုပ်၊ စက်, အာ ထုတ်၊ အချုပ် ဘိညာငါး။


တတိယသုတ် ပြီး၏။

No comments:

Post a Comment