ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 24 February 2011

ဣဿရနိမ္မာန-၀ါဒ(ဖန်ဆင်းရှင်နှင့် ဖန်ဆင်းရှင်ရှိနိုင်ပုံအတွေး)

စောစောပိုင်းလောက်မှာ လူသားဟာ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးပေးနိုင်တဲ့ နတ်ဗြဟ္မာလောက်ဘဲ စဉ်းစားတွေးခေါ်တယ်။ နောက်ပိုင်းကျတော့ ဒီထက်ပိုပြီး တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အရာအားလုံးကို စနစ်တကျ စီမံကွပ်ကဲနေတဲ့ ပုဂ္ဂိုလ်ကြီးလည်း ရှိနိုင်တယ်ဆိုတဲ့ အတွေးဝင်လာပြီး မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုတွေ ဖြစ်ပျက်နေပုံ နက်နက်နဲနဲ ကြံစည် တွေးတောလာတယ်၊ ဒီအခါ မိမိဉာဏ်နဲ့ အကြောင်းအကျိုးဆက်စပ်ကြည့်လို့ရတာရှိသလို မရတာလဲ တွေ့လာရတယ်။ မိမိဉာဏ်နဲ့ မမှီတဲ့ အရာတွေကို ဖန်ဆင်းရှင်ကြီးရဲ့ လက်ချက်လို့ ကောက်ချက် ချတော့တယ်။

ဖန်ဆင်းရှင်ဝါဒီတွေရဲ့ အတွေးအချို့ကို နဲနဲပြောချင်ပါတယ်၊ တွေးပုံက အအေးပိုင်းဒေသမှာ နေထိုင်ကျက်စားတဲ့ သတ္တ၀ါရဲ့ခန္ဓာကိုယ်နဲ့ အပူပိုင်းဒေသမှာ နေထိုင်ကျက်စားတဲ့ သတ္တ၀ါရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံ မတူတာကို ထောက်ပြကြပါတယ်။ ကုန်းနေသတ္တ၀ါနဲ့ ရေနေသတ္တ၀ါတွေရဲ့ ကွဲပြားပုံကိုလည်း တွေးကြည့်တယ်။

ဥပမာ ရေစပ်မှာ ငါးရှာစားတဲ့ ငှက်ရဲ့ ခြေထောက်တွေဟာ ခြေတံရှည်နေတာတွေ့ရမယ်၊ နောက်ပြီး ရေထဲမှာ ကြာကြာစိမ်နိုင်ဘို့ အရေခွံ အမာတွေနဲက ဖုံးပေးထားတယ်၊ ရေနက်မှာရှိတဲ့ ငါးကို ဖမ်းနိုင်ဘို့ နူတ်သီးကို ရှည်ပေးထားတယ်၊ ဒါတွေဟာ တိုက်ဆိုင်မူလို့ ဆိုမလား၊ တမင်ဖန်တီးထားတာ မဖြစ်နိုင်ဘူးလား။

နောက်တစ်ခု နားထင်စပ်မှာပေါက်တဲ့ ဆံပင်နဲ့ မျက်ခုံးမှာပေါက်တဲ့ မျက်ခုံးမွှေး၊ အရေပြားပေါ်မှာ ပေါက်ကြတယ်၊ နေရာအားဖြင့် တစ်လက်မသာသာဘဲ ကွာဝေးတယ်၊ အမွှေးချင်းလည်း တူတယ်၊ ဒါပေမယ့် ဆံပင်ကို ဖြတ်လိုက်ရင် ပြန်ရှည်တယ်၊ ၂ပေလောက်ထိ ပြန်ရှည်တယ်၊ မျက်ခုံးမွှေးရိတ်လိုက်ရင်လည်း ပြန်တော့ရှည်ပါတယ်၊ ဒါပေမဲ့ လက်မ၀က်လောက် ရှည်ပြီးရင် ရပ်သွားတယ်၊ ဆက်မရှည်တော့ဘူး၊ ဒါကော ဘယ်လိုလဲ။

နောက်တစ်ခု လူ့ခန္ဓာကိုယ်တွင်း အပူချိန်၊ အပြင်မှာ အပူအအေး အနိမ့်အမြင့်ရှိပေမဲ့ ခန္ဓာကိုယ်တွင်း အပူချိန်ကတော့ အမြဲပုံမှန်ရှိနေတယ်၊ ရှိအောင် အရေပြားက ထိန်းပေးထားတာ၊ အဲဒီအပူချိန်ထိန်း စနစ်က သူ့အလိုလို ဖြစ်ပေါ်တယ်လို့ ဆိုမလား။

နောက်တစ်ခု နေ့ဘက်အလင်းရောင်ကို အမှီပြုပြီး သွားလာကြတဲ့ သတ္တ၀ါတွေအတွက် ကြည့်စရာမျက်လုံး ပါတယ်၊ ဒါနဲ့ကြည့်သွားကြပေါ့၊ ညဘက်အမှောင်နဲ့ ကျက်စားကြတဲ့ သတ္တ၀ါတွေအတွက်ကတော့ မျက်လုံးနဲ့တင် မလုံလောက်ဘူး၊ ဒါကြောင့် လင်းနို့တွေမှာ အရာဝတ္ထုကို ဖမ်းယူသိရှိနိုင်တဲ့ ရေဒါစနစ်ပါရှိနေတယ်။ ဒီလိုသဘာဝရဲ့ ထူးခြား ဆန်းကြယ်ပုံတွေ မြောက်များစွာကို ကြံစည်တွေးတောရင်း ဖန်ဆင်းရှင် ရှိနိုင်တယ်ဆိုတဲ့ အတွေးပေါက်လာတာပါဘဲ။

ဒီအတွေးကို အဟေတုက၀ါဒသမားတွေက လက်ခံမယ် မဟုတ်ဘူး၊ ဆူးကို ဘယ်သူချွန်ပေးသလဲ။ သမင်မျက်လုံးကို ဘယ်သူမျက်စဉ်း ခပ်ပေးသလဲ။ သူ့ဟာသူ ဖြစ်တာပါ၊ သဘာဝပဲပေါ့။

ဖန်ဆင်းရှင်သမားတွေရဲ့ ဖန်ဆင်းရှင်ဆိုတာဟာ ငါတို့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ သဘာဝတရားလို့ဘဲ ယူဆမှာပါ၊ ဒါဆို သဘာဝတရားသည်သာ ဖန်ဆင်းရှင်ပေါ့။

ဖန်ဆင်းရှင်ကြီးရှိနိုင်ပုံကိုတော့ သက်ရှိသက်မဲ့ နှစ်မျိုးနဲ့ တွေးကြည့်ရအောင်၊ ဥပမာ - ကြက်ခြံကြီးထဲက ကြက်ကလေးတစ်ကောင်ဆိုပါစို့။ ဒီကြက်ကလေး သူ့မိဘဖြစ်တဲ့ ကြက်မဖနဲ့ ကြက်မတို့ မိတ်လိုက်ရာကနေပြီး “ဥ” အဖြစ်ကို ရောက်လာတယ်။ နောက်ဥမှ အကောင်ဖြစ်လာတယ်။ အကောင်ဖြစ်ပြီး သူနဲ့ဘ၀တူ အခြား ကြက်ကလေးတွေနဲ့ ဆော့ကစားပြီး ကြက်ငယ်ဘ၀နဲ့ ရှင်သန်နေခဲ့တယ်။ အရွယ်ရောက်တဲ့အခါ အရွယ်တူ ကြက်ငယ်နဲ့မိတ်လိုက်ပြီး မျိုးဆက်သစ်တွေ မွေးထုတ်ပေးတယ်၊ ပြေးလွှား ကစားတယ်၊ တစ်ကောင်နဲ့တစ်ကောင် ရန်ဖြစ်တဲ့အခါ ဖြစ်တယ်။ ဒီလိုနေရင်းကနေ ကြက်ခြံပိုင်ရှင်ကြီး အဲဒီကြက်တွေရဲ့ အသားထွက်နူန်း အခြေအနေကို ကြည့်ပြီး ရှေ့ဆက်ထားသင့်ရင် ထားတယ်၊ အသားပေါ်သင့်ရင် အသားပေါ်ပစ်လိုက်တယ်။ အသားပေါ်ပစ်လိုက်ရင်တော့ ကြက်ကလေး ကြက်ခြံကနေ ကြက်သားဆိုင်ပေါ် ရောက်သွားတော့တာပဲ၊ အဲဒီ ကြက်ကလေး သူ့ဘ၀ သူပိုင်ဆိုင်တယ်။ သဘာဝအတိုင်း မွေးလာတယ်လို့ ထင်မှာပါဘဲ၊ ဒါပေမဲ့ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ ကြက်ခြံပိုင်ရှင်ကြီး ရှိနေတယ်။ ပိုင်ရှင်ကြီးက သူတို့ နေထိုင်စားသောက်ဖို့ နေထိုင်မကောင်းရင် ဆေးဝါးကုသဖို့ဆိုတာတွေကို စီမံပေးနေတယ်၊ ဒီအချက်ကို ကြက်ကလေး ရိပ်မိပါ့မလား။

နောက်တစ်ခု လယ်ကွင်းထဲက ကောက်ပင်ကလေး လယ်ကွက်ထဲမှာ ပေါက်ရောက် ရှင်သန်နေတယ်ဆိုပါစို့၊ မြေကြီးပေါ်မှာ အမြစ်နဲ့တွယ်ပြီး မြေထဲက ရေကိုသောက်ပြီး ရှင်သန်ခဲ့တယ်၊ လေကို ရှူရိုက်တယ်။ နေရောင်ခြည်ကို ခိုလူံတယ်၊ သစ်ပင်ရဲ့ သဘာဝနှင့်အညီ သူရှင်သန်ခဲ့တာပဲ၊ အချိန်တန်ရင် သီးနှံထွက်လာတယ်၊ ဒီလိုနဲ့ သီးနှံရင့်တော့ လယ်ပိုင်ရှင်က ရိတ်သိမ်းတော့တယ်၊ ကောက်ပင်ကလေး ဘ၀ဇာတ်သိမ်းတော့တာပေါ့၊ ကောက်ပင်ကလေးဟာ သူ့ဟာသူ သဘာဝအတိုင်း ကောက်ပင်ဖြစ်လာတယ်၊ သဘာဝအတိုင်း ရှင်သန်နေထိုင်တယ်လို့ ထင်ပေမဲ့ တကယ်တော့ သူ့ကို စိုက်ပျိုးတဲ့ လယ်ပိုင်ရှင်ကြီး ရှိတယ်၊ အဲဒီပိုင်ရှင်ကြီးက ရေတို့ မြေဆီတို့ကို ကျွေးမွေးတယ်၊ သူပအတွက်လိုအပ်လာတဲ့အခါ ကောက်ပင်ကလေးကို ရိတ်သိမ်းတော့တာပေါ့၊ သူ့ဘ၀ကို လွှမ်းမိုးထားတဲ့ လယ်ပိုင်ရှင်ကြီးရှိတာကို ကောက်ပင်ကလေး ရိပ်မိပါ့မလား၊ ဒါဖန်ဆင်းရှင်ရှိနိုင်ပုံကို ကြံဖန်တွေးတောတာပါ။

အလွန်ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေနဲ့ ပြည့်စုံတဲ့ ဖန်ဆင်းရှင်ကြီးရှိတယ်၊ အဲဒီ ဖန်ဆင်းရှင်ကြီးက ငါတို့အပေါ်မှာ လွှမ်းမိုးအုပ်စိုးထားတယ်၊ ငါတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို စီမံပိုင်ခွင့်ရှိတယ်လို့ ယုံကြည်လိုက်ရင် ဒါ ယုံကြည်မူဖြစ်တယ်၊ သူ့ကို အားကိုးအားထားပြုရတော့မယ်၊ ဆိုးကျိုးအန္တရာယ် မကျရောက်အောင် သူနဲ့ အကာအကွယ် ယူရတော့မယ်၊ ဒီအခါ ယုံကြည်ကိုးကွယ်မူ ဖြစ်သွားရော၊ ဘာသာရေးဆိုတဲ့ စကားလုံးလည်း ပါဝင်လာတယ်၊ ဘာသာရေး ယုံကြည်ကိုးကွယ်မူ ဖြစ်သွားတာပေါ့။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment