ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 February 2011

၁၀။ နာဂိတသုတ်


ဤသို့ အကျွန်ုပ် ကြားနာခဲ့ရပါသည်၊ မြတ်စွာဘုရားသည် ရဟန်းသံဃာများနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူရင်း ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူသည်။

မြတ်စွာဘုရားသည် ထိုဣစ္ဆာနင်္ဂလရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံး နေတော်မူသည်၊ ဣစ္ဆာနင်္ဂလ ရွာသားဖြစ်ကြသည့် ပုဏ္ဏားနှင့် အမျိုးသားတို့သည် သတင်းစကားကြားကြသည်။

ကြားပုံမှာ -

“အချင်းတို့ ! သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣစ္ဆာနင်္ဂလရွာသို့ ကြွရောက်တော်မူ၍ ဣစ္ဆာနင်္ဂလရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံး နေတော်မူသည်။

ထိုအရှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်သည်၊ ထွက်ပုံမှာ -

“မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့် အရဟံဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့် ၀ိဇ္ဇာစရဏဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့် သုဂတဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ သတ္တ, သြကာသ, သင်္ခါရ ဟူသော လောကသုံးခွင် ဘုံအပြင်ကို သိတော်မူသော အကြောင်းကြောင့် လောက၀ိဒူဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ နတ်, လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် သတ္တာ ဒေ၀မနုဿာနဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေသည်၊ သစ္စာ ၄-ပါး မြတ်တရားကို ကိုယ်တိုင်သိတတ်, သူတစ်ပါးကို သိစေတော်မူတတ်သော အကြောင်းကြောင့် ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့် ဘဂ၀ါဂုဏ်တော်နှင့် ပြည့်စုံတော်မူပါ ပေသည်” ဟု ပျံ့နှံ့၍ ထွက်သည်။

ထို မြတ်စွာဘုရားသည် -

(က) သြကာသလောကနှင့် သတ္တလောကကို ကိုယ်တိုင်သိ, ကိုယ်တိုင်မြင်ပြီး ဟောကြားတော်မူသည်။

(ခ) စ, လယ်, ဆုံး သုံးပါးလုံး ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါ ပြည့်စုံသော တရားကို ဟောတော်မူသည်။

(ဂ) ပြည့်စုံ, စင်ကြယ်သော အကျင့်မြတ်ကို ထင်ရှားပြတော်မူသည်။

အဆိုပါ ဂုဏ်များနှင့် ပြည့်စုံသည့် ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ခွင့်ရခြင်းသည် အလွန်တရာ ကောင်းမြတ်လှပေသည်” ဟု ကြားကြသည်။

ထိုအခါ၌ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် နံနက်မိုးသောက် အလင်းရောက်သောအခါ ခဲဖွယ်စားဖွယ် များစွာယူ၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကြလေသည်၊ ဆူညံစွာ ပြောဆိုလျက် တံခါးမုခ်အပြင်ဘက်၌ နေကြသည်။

ထိုစဉ်အခါ မြတ်စွာဘုရား၏ အလုပ်အကျွေးမှာ အရှင်နာဂိတဖြစ်သည်၊ မြတ်စွာဘုရားက အရှင်နာဂိတကို မေးတော်မူသည်။

“နဂိတ ! ဆူညံစွာ ပြောဆိုနေသူများကား ဘယ်သူတွေနည်း?၊ ငါးလုတဲ့နေရာက တံငါသည်တွေ လိုပါလား။”

“အရှင်ဘုရား ! ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသားများ ဖြစ်ပါသည်၊ မြတ်စွာဘုရားနှင့် ရဟန်းသံဃာကို ရည်မှန်းပြီး ခဲဖွယ်စားဖွယ်များစွာယူ၍ တံခါးမုခ် အပြင်ဘက်၌ နေကြပါသည်။”

“နာဂိတ ! ငါကလည်း အခြံအရံ အကျော်အစောနှင့် မပတ်သက်လို၊ အခြံအရံ အကျော်အစောကိုလည်း ငါနှင့် မပတ်သက်စေလို။

ကာမဂုဏ်မှ ထွက်မြောက်မူချမ်းသာ, ကင်းဆိတ်မူချမ်းသာ, ငြိမ်းအေးမူချမ်းသာ, သိမူချမ်းသာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ မရနိုင်သူသည်သာ မစင်ကြယ်မူချမ်းသာ, ငိုက်မျဉ်းမူချမ်းသာ, လာဘ်ပူဇော်သကာ အကျော်အစာချမ်းသာကို သာယာခံစားရာသည်။

ကာမဂုဏ်မှ ထွက်မြောက်မူချမ်းသာ စသည်ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရနေသော ငါသည် မစင်ကြယ်မူချမ်းသာ စသည်ကို အဘယ်မှာ သာယာခံစားပါအံ့နည်း။”

“အရှင်ဘုရား ! ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ လက်ခံတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ လက်ခံတော်မူပါ။

အရှင်ဘုရား ! ယခုအခါ မြတ်စွာဘုရားလက်ခံတော်မူရန် အချိန် ဖြစ်ပါသည်၊ ယခုအခါ နိဂုံးသူနိဂုံးသား ဇနပုဒ်သူဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရား ကြွတော်မူလေရာရာအရပ်သို့ စိတ်ညွတ်လျက်သာ အစဉ်တစိုက် လိုက်ကြပါလိမ့်မည်။

ဥပမာအားဖြင့် မိုးကြီး သည်ထန်စွာ ရွာသွန်းလတ်သော် နိမ့်ရိုင်းရာ အရပ်သို့ ရေများ စီးသွားကုန်သကဲ့သို့ ဖြစ်ပါသည်။

ယင်းသို့ ဖြစ်ရကြောင်းမှာ -

ရှင်တော်ဘုရား၏ သီလတော်, ပညာတော် ထိုသို့ ကြီးမားတော်မူသောကြောင့် ဖြစ်ပါသည်။”

ယင်းသို့ လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ရှေးနည်းတူပင် ကန့်ကွက် ပယ်မြစ်တော်မူပြီး အရှင်နာဂိတကို ဤသို့ ဆက်လက်မိန့်ကြားတော်မူသည်။

၁။ စား, သောက်, ခဲ, လျက်အပ်သည့် အစာ အာဟာရ၏ အကျိုးဆက်ကား ကျင်ကြီး ကျင်ငယ်ပင်တည်း၊ ဤကျင်းကြီး ကျင်ငယ်သည် အဆိုပါ အစာအာဟာရ၏ အကျိုးဆက်ပေတည်း။

၂။ ချစ်ဖွယ်ရာ တို့၏ အကျိုးဆက်ကား ပျက်စီးခြင်း, ကွေကွင်းခြင်း, ပူဆွေး ငိုကြွေးခြင်း, ဆင်းရဲခြင်း, နှလုံးမသာခြင်း, ပြင်းစွာ ပင်ပန်းခြင်းတို့ပင်တည်း၊ ဤအဖြစ်သည် ထိုချစ်ခင်မူ၏ အကျိုးဆက်ပေတည်း။

၃။ အသုဘအာရုံ၍ ပွါးများအားထုတ်သူမှာ သုဘအာရုံအပေါ် စက်ဆုပ်ရွံရှာဖွယ် ထင်မြင်လာသည်၊ ဤအဖြစ်သည် ထိုပွါးများ အားထုတ်မူ၏ အကျိုးဆက်ပေတည်း။(အသုဘ-စက်ဆုပ်ဖွယ်၊ သုဘ-သာယာဖွယ်)

၎။ ဖဿ ဖြစ်ပေါ်ကြောင်း အာယတန ၆-ပါး၌ အနိစ္စ-ဟု ပွားများအားထုတ်သူမှာ ဖဿ အပေါ် စက်ဆုပ် ရွံရှာဖွယ် ထင်မြင်လာသည်၊ ဤအဖြစ်သည် ထိုပွားများအားထုတ်မူ၏ အကျိုးဆက်ပေးတည်း။ (ဖဿ-အာရုံကို တွေ့ထိမူ၊ ဓာတ်ခိုက်မူ)

၅။ ဥပါဒါန်တရား၏ အာရုံဖြစ်သော ခန္ဓာ ၅-ပါးတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို ပွါးများအားထုတ်သူအား ဥပါဒါန်တရား၌ စက်ဆုပ်ရွံရှာဖွယ် ထင်မြင်လာသည်၊ ဤအဖြစ်သည် ထိုပွါးများအားထုတ်မူ၏ အကျိုးဆက်ပေတည်။”(ဥပါဒါန်-ပြင်းစွာ စွဲလန်းမူ)


ဆောင် - စားသောက်ဖွယ်ရာ၊ အကျိုးမှာ၊ မှန်စွာ ကျင်ကြီးကျင်ငယ်ပေတည်း။

ချစ်ခင်ဖွယ်ရာ၊ အကျိုးမှာ၊ မှန်စွာ ကွေကွင်းရခြင်းပေတည်။

အသုဘပွါရာ၊ အကျိုးမှာ၊ မှန်စွာ သုဘအာရုံပေါ်မှာ စက်ဆုပ်ဖွယ် ထင်မြင်လာခြင်းပေတည်း။

ဖဿဖြစ်ကြောင်း အာယတနပေါ်မှာ၊ အနိစ္စပွါးရာ၊ အကျိုးမှာ၊ မှန်စွာ ဖဿပေါ်မှာ စက်ဆုပ်ဖွယ်ထင်လာခြင်း ပေတည်း။


ခန္ဓာပေါ်မှာ၊ ဖြစ်ပျက်ပွါးရာ၊ အကျိုးမှာ၊ မှန်စွာ ဥပါဒါန်ပေါ် စက်ဆုပ်ဖွယ်ထင်လာခြင်းပေတည်း။


မှတ်ချက် - ဤသုတ်၌ အဆိုပါ ၅-ဌာနတို့ဝယ် ၀ိပဿနာကိုသာ ဟောထားခြင်းဖြစ်သည်။


ဒသမသုတ် ပြီး၏။


၃-ခုမြောက်သော ပဉ္စင်္ဂိက၀ဂ် ပြီးပြီး။

No comments:

Post a Comment